Friday, November 30, 2007

စည်းလုံးညီညွတ်ကြရန် (၉၂) နှစ်ပြည့်မွေးနေ့၌ လူထုဒေါ်အမာ တိုက်တွန်း

NEJ/ ၂၉
နိုဝင်ဘာ ၂၀၀၇သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အသက် (၉၂) နှစ်ပြည့်မွေးနေ့ကို မန္တလေးမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ယနေ့ကျင်းပ၍ သံဃာတော်အပါး (၁) ထောင်ကို ဆွမ်းကပ်လှူဒါန်းကြောင်း မွေးနေ့ပွဲ တက်ရောက်သူတို့ကပြောကြားသည်။

မွေးနေ့ပွဲသို့ မောင်မိုးသူ၊ မောင်ဝံသ၊ ဒေါက်တာ ခင်မောင်ညို၊ ကျော်ရင်မြင့်၊ ကြည်အောင်၊ကိုလေး၊ ထက်မြက် စသည့် စာပေအနုပညာရှင်များအပါအ၀င် အနယ်နယ်အရပ်ရပ်မှ လူထု ဒေါ်အမာကို ချစ်ခင်လေးစားသူ (၃၀၀) ခန့်က ဒေါ်အမာကို လာရောက်ဂါရ၀ပြုကြကြောင်း သိရသည်။

အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ကျန်းမာရွှင်လန်းဆဲရှိနေသည့် လူထုဒေါ်အမာက“အမေ့မွေးနေ့က (၉၂) နှစ်ပြည့်တဲ့မွေးနေ့။ တနှစ်ပိုပြီးတော့အိုဦးမှာပေါ့။ အိုတဲ့အတွက် ဘာမှ မကောင်းဘူးလေ။ နားရော မျက်စိရော ဘာရော အိုတာပဲ။ ဒါပေမယ့် ဘာတတ်နိုင်မှာတုန်း၊ ဒီလိုပဲခံရမှာပေါ့။ အိုသည်ဖြစ်စေ ပျိုသည်ဖြစ်စေပေါ့နော် လုပ်စရာတွေကတော့ ရှေ့မှာရှိတယ်ဟေ့။ အဲဒါအကုန်လုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့လုပ်နိုင်ရင် တို့သက်သာမှာပဲ။ အမှတ်တရ အမေတော့ ဒါပဲပြောချင်တယ်” ဟုခေတ်ပြိုင်သို့ မွေးနေ့အမှတ်တရစကား ပြောကြားသည်။

ဆရာမကြီး၏ မွေးနေ့ပွဲသို့ နှစ်စဉ်တက်ရောက်နေကြ ဆရာလူထု စိန်ဝင်း၊ ဆရာဒဂုန်တာရာ၊ မြန်မာ့အလင်း သန်းညွန့် တို့လည်း ယခုနှစ် တက်ရောက်လာသည်ကို မတွေ့ရှိကြောင်း ကိုယ်တိုင်မွေးနေ့ပွဲ တက်ရောက်ခဲ့သူ မန္တလေးမြို့မှ စာပေသမားတဦးက ပြောသည်။“ဒီလိုအခမ်းအနားမျိုးကို တက်ခွင့်ရအောင် ကြိုးစားကြတာချည်းပါပဲ၊ အခုလို အမေလူထု ဒေါ်အမာ ပြောနိုင်ဆိုနိုင်နဲ့ ကျန်းမာနေသေးတာ၊ သွားနိုင်လာနိုင် သေးတာကို ၀မ်းသာရပါတယ်၊ အသိမိတ်ဆွေတွေ ဆုံကြရတယ်၊ နောက်နှစ် ဆိုတာက ဒီအခွင့်အရေး ရချင်မှရမယ်၊ သက်ကြီးရွယ်အို ပညာရှင်တယောက် ဖြစ်ပြီး လူအများကို ကိုယ်စားပြုပြောဆို လုပ်ဆောင်မှု တွေအပေါ်မှာ လေးစား ပြီးဒီပွဲကိုတက်တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောပြသည်။
ဆရာမကြီး လူထုဒေါ်အမာ၏ မွေးနေ့ပွဲကို နှစ်စဉ် အမရပူရ မြို့တောင်လေးလုံး ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ယမန်နှစ်က အာဏာပိုင်များ တားမြစ်သော ကြောင့် ဆရာမကြီး၏ သမီးဖြစ်သူ ဒေါ်သန်းရင်မာ နေအိမ်တွင် အကျဉ်းရုန်း၍ ပြုလုပ်ခဲ့ ရသည်။
အဆိုပါ ဆရာမကြီး၏ မွေးနေ့ပွဲသို့ နယ်ပယ်အစုံမှ ဆရာမကြီးကိုလေးစားသည့် ပရိသတ်များက နှစ်စဉ် တက်ရောက်ကြ ရာတွင် ၂၀၀၅ ခုနှစ်က လက်ရှိစစ် အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကလည်း သွားရောက် ဂါရ၀ပြုခဲ့သည်။
စာရေးဆရာနှင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာသည် ကျောင်းသားဘ၀က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ကျောင်းနေဖက်ဖြစ်ခဲ့ပြီး ဒုတိယ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ လူထုဦးလှနှင့် အိမ်ထောင်ကျ ပြီးနောက် လူထုတိုက်ကို ထူထောင်၍ လူထုဂျာနယ်၊ လူထုသတင်းစာများကို ထုတ်ဝေခဲ့သည်။ဆရာမကြီးသည် ကလောင်အမည်ခွဲ ၈ ခုဖြင့် ပင်ကိုရေးနှင့် ဘာသာပြန် စာပေများကို ရေးသားပြုစုခဲ့ပြီး ထင်ရှားသော စာအုပ်များမှာ ၁၉၆၄ ခုနှစ် စာပေဗိမာန် အနုပညာဆိုင်ရာစာပေ ပထမဆုရ ပြည်သူချစ်သော အနုပညာသည်များ၊ မဟာဂီတ၊ ရွှေဒေါင်းတောင် ဆောင်းပါး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်၊ အမေ့ရှေးစကား စသည်တို့ ဖြစ်သည်

Thursday, November 29, 2007

နေပြည်တော်မှ ရင်ဖွင့်သံ

ကုလအထူးသံတမန် ဂမ်ဘာရီကို ပြည်ထဲရေးဝန်ကြီး မောင်ဦး ပြင်းပြင်း ထန်ထန်ဝေဖန်

နအဖ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မောင်တောမြို့၌ ပြုလုပ်ခဲ့သည် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ကုလ အထူးသံတမန် ဂမ်ဘာရီအား ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၀န်ထမ်း တဦးက“သူက ဂမ်ဘာရီဟာ ရိုးသားမှုမရှိဘူး။ လာကတည်းက ထောင်သား အယောက် ၂၀ စာရင်းကို ကိုင်ပြီးလာတယ်၊ သူတို့နဲ့ တွေ့ဖို့တောင်းတယ်။ အမေရိကန် အစိုးရ အကြိုက် လိုက်လုပ်နေတယ်။ နိုင်ငံတော် အကြီးအကဲ ၅ ဦးနဲ့ တွေ့ပေးလိုက်တယ်။ သူမကျေနပ်ဘူး။ ပြန်သွားတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်ရောက်တော့ ကျနော်တို့ မကောင်းကြောင်း ပြောသွားတယ်။ ဒီလူတွေကို ယုံလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြ။ ဒီနိုင်ငံ တိုးတက်မယ့် အလုပ် ဘယ်နိုင်ငံခြားသားမှ လာလုပ်ပေးမှာ မဟုတ်ဘူး။” စသဖြင့် ပြောကြား သွားသည်ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီး မောင်ဦးသည် မောင်တောမြို့တွင် ဆောက်လုပ်မည့် သိန်း ၁၈၀၀ ကုန်ကျမည့် ခရိုင်ရုံးသစ် ဆောက်လုပ်ရေးအတွက် နိုဝင်္ဘာလ ၂၄ ရက်နေ့က ဆွေးနွေးရန် လာရောက်စဉ် ဂမ်ဘာရီ မကောင်းကြောင်းကို ပြောသွားခြင်း ဖြစ်သည်။“ သူက ၀န်ထမ်းတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဂမ်ဘာရီ မကောင်းကြောင်းပြောတော့ ဒါဟာ အစိုးရရဲ့ သဘောထားမျိုး သက်ရောက်တယ်။ တနည်းအားဖြင့် ပြောရရင် ဒါဟာ ကုလသံတမန် ဂမ်ဘာရီအပေါ် နအဖ စစ်အစိုးရရဲ့ ထားရှိတဲ့ သဘောထား ဖြစ်ပါတယ်။”ဟု ၀န်ထမ်းက ပြောသည်။အစည်းအဝေးသို့ မောင်တောခရိုင်မှ တာဝန်ရှိသူများ၊ နစက တပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်း စုစုပေါင်း ၁၅၀ တက်ရောက် ခဲ့သည်။အစည်းဝေးကို မောင်တောမြို့ ခယကရုံး တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ညနေသုံးနာရီ မှ ငါးနာရီထိ ပြုလုပ်ခဲ့သည်။ဝန်ကြီး မောင်ဦးသည် မောင်တောတွင် ရောက်ရှိနေစဉ် နစက ဌာနချုပ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ညနေပိုင်းတွင် ဘုးသီးတောင်သို့ ပြန်သွားခဲ့သည်။
“ ၀န်ကြီးမောင်ဦး လေသံက အရင်ကနဲ့ မတူဘူး။ တော်တော် ပျော့ညံ့နေတယ်။ ၀န်ထမ်းတွေကို စည်းရုံးတဲ့ အနေနဲ့ ပြောသွားတာ။ အရင် ရခိုင်ပြည်နယ်မှာ တိုင်းမှူးဘ၀ ရှိစဉ်က ပြောခဲ့တဲ့ လေသံမျိုး မဟုတ်တော့ဘူး။ တခြားစီဖြစ်နေတယ်။ ၀န်ထမ်းတွေ အပေါ် နိုင်ငံတော်က ဘယ်လောက်ထိ တာဝန်ကျေသလဲဆိုတာကို ပြောတာကတော့ တကယ့် စည်းရုံးရေး သမားတဦးလိုပါဘဲ။” ဟု အဆိုပါ ၀န်ထမ်းကပြောသည်။ဝန်ကြီး မောင်ဦးသည် အနောက်ပိုင်းတိုင်း တိုင်းမှူးဘ၀ဖြင့် ရှိနေစဉ် ရခိုင်အမျိုးသားများ အပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွက်ခဲ့ပြီး ရခိုင်ပြည်နယ် စီးပွားရေး တခုလုံးကို နလံ မထူနိုင်အောင် ဖျက်ဆီး ပစ်ခဲ့သူ တဦးဖြစ်သည်ဟု ရခိုင်အမျိုး သားများက အမြင်ရှိကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အား အုပ်ချုပ်ခဲ့သော တိုင်းမှူးထဲတွင် တိုင်းမှူးမောင်ဦးမှာ အဆိုးဆုံးဖြစ်ကြောင်းကို ရခိုင်အမျိုးသားများက မှတ်တမ်းတင်ထားခြဲ့ကပြီး သူပြောခဲ့သော “မောင်ဦးလက်သီး လူမရွေး”ဆိုသော စကားမှာလည်း ရခိုင်လူထုအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေသော စကားရပ် တခုဖြစ်နေကြောင်း အဆိုပါ ၀န်ထမ်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်ကို ဂျပန်ရောက်မြန်မာများ အပြည့်အ၀ထောက်ခံ








Wednesday, November 28, 2007

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း။







Tuesday, November 27, 2007

စက်တင်ဘာလက မေတ္တာပို့ လမ်းလျှောက်ခဲ့သော မဂ္ဂင် ကျောင်းမှ သံဃာတော်များ နအဖ၏ ရက်စက်မှုခံနေရ

သင်္ကန်းကျွန်းမြို့ နယ် မဂ္ဂင်ကျောင်းတိုက်မှ သာသနာ့ အာဇာနည်များသည် ၁၉၉၀ သံဃာ့ ကံဆောင်မှု သပိတ်တွင် ရှေ့တန်းမှ သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ရုံမျှမက၊ ယခု ၂၀၀၇ စက်တင်ဘာ သံဃာ့ ကံဆောင်ပွဲတွင်လည်း သာသနာ့ တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့ကြသဖြင့် ယခု အခါ ကျောင်းမှ သံဃာတော်များသည် လူကိုခွေးကိုက်ခံရသလို နအဖ၏ရက်စက်မှုများနှင့် တွေ့ကြုံနေရပါသည်။ကျောင်း အတွင်း တပ်စွဲထားသလို စစ်ကား ၇ စီးခန့်ကို တွေ့မြင်ကြရပြီး၊ ထောက်လှမ်းရေးများ၊ ကြံဖွတ်များ၊ စွမ်းအားရှင်များဖြင့် လာသမျှလူများကို ဓါတ်ပုံရိုက်ယူကာ သာသနာ့နယ်မြေကို လက်နက်အားကိုး လူရမ်းကားများက လုပ်ချင်ရာ လုပ်ကိုင်လျှက်ရှိနေကြသည်။လူသား ဖြစ်တည်မှု လူ့အခွင့်အရေးအရ မည်သူမဆို သွားလာနိုင်သော နေရာများကို အဆိုပါ နအဖ လူရမ်းကား တစ်စုက လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကာ လာသမျှလူကို ဓါတ်ပုံရိုက် ခြိမ်းခြောက် မှတ်တမ်းတင်လျှက်ရှိနေသည်မှာ သူခိုးကြီးတော့ ဒမြ၊ ဒမြကြီးတော့ အစိုးရ ဆိုသလို နအဖသည် သူခိုး၊ ဒမြဂိုဏ်း အကြီးစားဖြစ်ကြောင်း သူတို့၏ လုပ်ရပ်က သက်သေပြလျက်ရှိပါသည်။

နအဖ၏ရက်စက်စွာ နှိပ်စက် နှိမ်နှင်းမှုများကြောင့် ကျောင်းတွင် သံဃာတော်များ မရှိသလောက် နည်းသွားပြီး ယခု အခါတွင် ကိုရင်ငယ်များနှင့် သံဃာတော် အနည်းငယ်သာ သတင်းသုံးနေထိုင်လျှက်ရှိသည်။စက်တင်ဘာလတွင် နအဖ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကျောင်းမှာ သာသနာ့ အာဇာနည် ဆရာတော် ဦးအိန္ဒက သည် ၂၆ စက်တင်ဘာတွင် ဖမ်းခံခဲ့ရပြီး နအဖ၏ ငရဲခန်း စစ်ကြောရေးတွင် ၁၃ ရက်ကြာ စစ်ဆေးခံခဲ့ရပြီး ပြန်လွတ်လာခဲ့သည်။ ထို့နောက် ၃ ရက် အကြာတွင် ပျံလွန်တော်မူခဲ့ပါသည်။ ပျံလွန်တော်မူခဲ့သော ဆရာတော် ဦးအိန္ဒက၏ ဓါတ်ပုံကို အောက်တွင် ဖူးမျှော်နိုင်ပါသည်။ ထို့အပြင် လက်ရှိအချိန်အထိ ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဣသိယသည် ယခု အချိန်အထိ နအဖ၏ ဖမ်းဆီးခြင်းကို ခံနေရပါသည်။ နအဖကြေငြာသော သံဃာအတုများနှင့် အကြမ်းဖက်သူများကိုသာ ဖမ်းဆီးထားလျှက်ရှိပါသည်ဆိုလျှင် အဆိုပါ ကျောင်းထိုင်ဆရာတော် ဦးဣသိယသည် ရဟန်း အတုလား၊ အကြမ်းဖက်သူလားဟု မေးမြန်းစရာ ပေါ်လာပါသည်။ ကြည့်လည်း လိမ်ပါဦး နအဖရယ်လို့သာ ပြောရမလိုဖြစ်နေပါသည်။ အဖမ်းခံထားရသော ကျောင်းထိုင်ဆရာတော် ဦးဣသိယ ကို အောက်တွင် ဖူးမျှော်နိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာ သမိုင်းတွင် မဂ္ဂင်ကျောင်းတိုက်မှ ဆရာတော်များသည် လူမဆန် ရက်စက်သော ဘာသာမဲ့ သန်းရွှေဦးဆောင်သော နအဖ လက်အောက်တွင် သာသနာ့တာဝန်ကို အသက်ပေး၍ တာဝန်ထမ်းဆောင်ခဲ့ကြောင်း အသိအမှတ်ပြု မှတ်တမ်းတင်ကာ၊ ဤနေရာမှ ရိုသေမြတ်နိုးစွာ လက်အုပ်မိုး၍ ရှိခိုးပူဇော် လိုက်ပါသည် ဘုရား ...... ။
ရိုသေစွာဖြင့်
မဂ္ဂင်ကျောင်း၏ ကထိန်သတင်းကို DVB တွင် ကြည့်နိုင်ပါသည်။

Sunday, November 25, 2007

အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား တိုက်တွန်းနှိုးဆော်ချက်။

အထူးကြေညာချက်။

ခရစ်နှစ် ၂၀၀၈ ဇန္န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နအဖ စစ်အစိုးရမှ လွတ်လပ်ရေးပွဲများ ကျင်းပမည်ဖြစ်သည်။ ထိုနေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အနေဖြင့် မြန်မာပြည်သည် ၄၅ နှစ်ပတ်လုံး စစ်ကျွန်ဘ၀ အောက်၌ လွတ်လပ်မှူဆိတ်သုဉ်းကာ အဖက်ဖက်မှ အတိဒုက္ခရောက်နေသည်ကို ကမ္ဘာက သိရှိလာအောင် ၀ိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ လာမည့် လွတ်လပ်ရေးနေ့တွင် -

၁။ ကျောင်းသားပြည်သူလူထုအားလုံး အနီရောင်ဝတ်စုံ (သင်္ကန်းရောင်ကိုယ်စားပြု)၀တ်ဆင်ကြရန်။

၂။ အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ လူထုလှူပ်ရှားမှူသပိတ် သင်္ကန်းရောင်တော်လှန်ရေး (Saffron Revolution) ပြန်လည်ဆင်နွှဲကြရန်။

၃။ ကမ္ဘာ့ အသိုင်းအ၀ိုင်းအား မြန်မာပြည်သည် လက်ရှိအချိန်အထိ စစ်ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ လွတ်လပ်ရေးနေ့မှာ တကယ်မလွတ်လပ်သေးကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန်ရန်။

ဖော်ပြပါ အချက် ၃ ချက်ကို အားလုံးအတူတကွ ဟန်ချက်ညီညီ ပူးပေါင်း ပြုလုပ် ကြပါရန် သာသနရက္ခိတ အဖွဲ့ (သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ) က တိုက်တွန်း လိုက်သည်။

သာသနရက္ခိတ အဖွဲ့ ။

(သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ)။

၂၀၀၇-ခု၊နိုဝင်ဘာလ ၂၄ ရက်။

၁၃၆၉-ခု တန်ဆောင်မုန်းလပြည့်နေ့ ။






စဉ်းစားကြည့်ကြပေါ့။


Saturday, November 24, 2007

ဒေါက်တာစင်သီယာမောင် အာရှဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆုရ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကို ထိုင်ဝမ်နိုင်ငံ အခြေစိုက် ထိုင်ဝမ် ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့က ၂၀၀၇ ခုနှစ်အတွက် အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်သည်။
မြန်မာဒုက္ခသည်များကို နှစ်ရှည်လများ စွဲစွဲမြဲမြဲ ကူညီလုပ်ဆောင်ပေးသည့်အတွက် သူမအား ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာသည်။
ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ Wang Jin-pyng က “ဒေါက်တာစင်သီယာမောင်ဟာ ဆရာဝန်တယောက်ရဲ့ တာဝန်အပြင် ဒုက္ခသည်လူထုကို လူ့အခွင့်အရေးတန်ဖိုးတွေ လေးစားသိရှိလာအောင်ရယ်၊ ဒါတွေကို အခြေခံတဲ့လူထုဖြစ်လာအောင်ရယ် ပြောင်းလဲပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့လုပ်ငန်းတွေကိုလည်း နိုင်ငံတကာ အသိုင်းအ၀န်းတွေနဲ့ ချိတ် ဆက်နိုင်ခဲ့တယ်” ဟုပြောသည်။
ဆုပေးပွဲ အခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၁၃) တွင် ထိုင်ဝမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆုနှင့်အတူ အမေရိကန်ဒေါ်လာငွေ (၁) သိန်း ပေးအပ်မည်ဖြစ်သည်။
ဆုချီးမြှင့်ခံရသည့်အတွက် ဒေါက်တာစင်သီယာမောင်က “ကျမတို့ လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်သွားနိုင်ဖို့အတွက် ကူညီပံ့ပိုးပြီး ပေးတဲ့ဆုဖြစ်တယ်” ဟုပြောသည်။
ဒေါက်တာစင်သီယာမောင်သည် ရေမွန်မက်ဆေးဆေးဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၂ ) ဆုရရှိထားပြီးဖြစ်သည်။
ဆုပေးအပ်သည့် ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့ကို ၂၀၀၃ ခု ဇွန်လ၌ ထိုင်ဝမ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အာရှဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆုကို ၂၀၀၆ ခုမှ စတင် ပေးအပ်ခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါဆုကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ရရှိသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာသို့ လွတ်မြောက်ရောက်ရှိလာသူ စက်တင်ဘာအရေးတော်ပုံခေါင်းဆောင် ကဗျာဆရာအောင်ဝေးနှင့် interview

နိုင်ငံရေးတဲ့ ။

မြန်မာနိုင်ငံသား အတော်တော်များများက နိုင်ငံတော်အစိုးရ ရဲ့ ပေါ်လစီ မူဝါဒတွေကို တရားသည်ဖြစ်စေ။ မတရားသည်ဖြစ်စေ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ ဝေဖန်တယ်ဆိုရင်ပဲ နိုင်ငံရေးလုပ်တယ်လို့  ယူဆကြဟန်တူပါတယ်။ နိုင်ငံရေးနဲ့ ငြိစွန်းတယ်။

နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်လိုက်တော့တာပဲ။ အဲဒါပေမဲ့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီ မူဝါဒတွေကို အားပေး ထောက်ခံတဲ့အပြောအဆို အရေးအသားမျိုးပြုလုပ်လာရင်တော့ နိုင်ငံရေးလုပ်တယ်လို့ မယူဆပြန်ဘူး။

အံ့တော့ အံ့သြစရာပါ။ ဒါကြောင့်လဲ

"အကျိုးမပြီး လူမိုက်ကြီးကား
လက်ရုံးအားကိုး ဓါးလှံမိုး၍
ဝို့ ဝို့ ဝါးဝါးပြုတတ်ငြား၏ "

ဆိုတဲ့ မာဃဒေ၀ လင်္ကာထဲကဆိုသလို လူမိုက်ကြီးတို့ အုပ်စု ပြည်သူလူထုအပေါ် ထင်တိုင်း ကြဲ ပြီး ကြမ်းနိုင်ရမ်းနိုင်တာ မဆန်းလှပါဘူး။

နိုင်ငံရေးရဲ့ သဘောအနက်အဓိပါယ်ကို နိုင်ငံရေးသုခမိန်တွေဘယ်လိုဖွင့်ဆိုကြသလဲတော့ မသိဘူး။ စာရေးသူကတော့ ဘာသာရေး အမြင်ရှုထောင့်ကနေပြီး တိုင်းပြည်အုပ်ချုပ်သူဆိုတဲ့ နိုင်ငံတော်အစိုးရ ရဲ့ တာဝန် တွေကို စာရေးသူ နားလည်သလို တင်ပြဆွေးနွေးချင်ပါတယ်။ စာဖတ်သူမိတ်ဆွေများလဲ လိုအပ်တာရှိရင် ဖြည့် စွက်ပေးကြပါ။

လောကမှာမြတ်စွာဘုရားရှင်ပွင့်ထွန်းလာခြင်းဟာ သတ္တ၀ါတွေကောင်းကျိုးချမ်းသာအတွက် ဖြစ်တယ်။ ဒါကြောင့်လဲ ဘုရားရှင်က သူရဲ့ တပည့်သားသံဃာတွေကို ဒေသစာရီ လှည့်လည်ပြီးလောကလူသားတွေရဲ့ ကောင်းကျိုးချမ်းသာအကျိုးငှါ တရားဟောကြလို့ မိန့် တော်မူခဲ့တာပဲ။ သဘောကတော့သာသနာပြုခိုင်းလိုက်တာပဲ။

သာသနာဆိုတာ အဆုံးအမကိုခေါ်တာ။ အဆုံးအမဆိုတာ ဆန့် ကျင်သူမှန်သမျှ ရန်သူလို့ သတ်မှတ်ခိုင်းပြီး အပြတ်ဖျက်ချေမှုန်းခိုင်းတဲ့ လူမိုက်အားပေးတဲ့စကားမျိုးမဟုတ်ဘူး။ အဲဒီ စကားမျိုးက ဒေ၀ဒတ်တို မာန်နတ်တို့ ရဲ့လမ်းစဉ်ဖြစ်တယ်။ ဘုရားရှင်ရဲ့ လမ်းစဉ်ကမေတ္တာကို အခြေခံတဲ့လမ်းစဉ်ဖြစ်တယ်။ ကိုယ်စိတ်နှစ်ပါး ကြမ်းတမ်း ရိုင်းစိုင်းနေတဲ့သူကို ယဉ်ကျေးသိမ်မွေ့ လာအောင် ပြောဆိုဆုံးမတာ သာသနာပြုတာပဲ။ ဒါရဟန်းသံဃာတော်တွေ ပြုလုပ်ရမည့် အလုပ်။ မြတ်စွာဘုရားရှင်လဲ အင်မတန်ကြမ်းတမ်းတဲ့နာဠာဂီရိဆင်မိုက်ကြီးကို မေတ္တာတရားရှေ့ထားပြီး ဆုံးမခဲ့လို့  ဆင်မိုက်ကြီး ယဉ်ကျေးလာတယ်။ နောက် အာဠာဝကဘီလူး ။ အင်္ဂုလိမာလ။ မာန်နတ် စတဲ့ ရိုင်းစိုင်းသူတွေကို မေတ္တာ တရားနဲ့ဆုံးမနိုင်ခဲ့တယ်။ ဒီနေ့ မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခကို သိရှိနားလည်တဲ့ သံဃာတော်တွေကမြတ်စွာဘုရားရှင်ရဲ့ မေတ္တာလမ်းကြောင်း အတိုင်း မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲဒုက္ခ မှ လွတ်မြောက်စေဘို့ လမ်းပေါ်တက် ဆုတောင်းမေတ္တာပို့ ကြတာ လူတိုင်းအသိ။

ဘာနိုင်ငံရေးတောင်းချက်မှမပါဘူး။ နိုင်ငံတော်အကြီးအကဲဆိုသူတွေတောင် ကျမ္မာပါစေကြောင်းဆုတောင်းမေတ္တာပို့ ခဲ့ပါသေးတယ်။ ဒါပေမဲ့ အာဏာရှင်ဆိုတာက ငြိမ်းချမ်းရေးကိုလိုလားတာမဟုတ်ပါဘူး။ သူတို့ လိုလားတာက အာဏာပဲ။အာဏာရဘို့ အာဏာမြဲဘို့ ဆိုရင် ဘာပဲလုပ်ရ လုပ်ရ လက်မနှေးတဲ့လူတွေပါ။အဲဒီလို အာဏာရူးနေတဲ့သူတွေ အုပ်ချုပ်နေတာကို အစိုးရအုပ်ချုပ်နေတာလို့ ပြောလို့ ရမလား။ အစိုးရ ဆိုတာ အခုခေတ်အနေနဲ့ ပြောရရင် လူထုက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြောက်ခြင်းခံရတဲ့အုပ်ချုပ်သူ လူတန်းစားဖြစ်တယ်။ အဲဒီလူတန်းစားက လူထုကို အလုပ်ကျွေးပြုရတယ်။လူထုဆန္ဒကို မဆန့် ကျင်ရဘူး။ ဒါ အခုမှမဟုတ်ဘူး။ ဟိုး ရှေးပဝေသဏီကထဲက ရှိတဲ့ ပေါ်လစီ မူဝါဒဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့သူကို ရာဇာမင်းလို့ ခေါ်ကြတယ်။

ရာဇာ- မင်း ဆိုတာ တိုင်းသူ ပြည်သားတွေကိုသင်္ဂဟတရားလေးပါးဖြင့် ကျေနပ်နှစ်သိမ့်စေတတ်တဲ့အတွက်ကြောင့် ရာဇာ မင်းလို့ ခေါ်တာပါ။ အဲဒီ သင်္ဂဟတရား လေးပါးဆိုတာ ပီယ၀ါစာချစ်ဖွယ်ရာစကားမျိုးကို ပြောတတ်ရပါမယ်တဲ့။ သဘောက မှန်ကန်တဲ့ စကားမျိုးကိုပြောပါ။ မမှန်တဲ့ စကားမျိုးမပြောပါနဲ့ ။

ဒါန- ပေးကမ်းလှူဒါန်းရမယ် တဲ့။ တိုင်းသူပြည်သားတွေထံက မတရားသဖြင့် တောင်းခံတာမျိုး မပြုလုပ်ဘဲ တိုင်းသူ ပြည်သားတွေကို ထိုက်သင့်သည့်အားလျှော်စွာပေးကမ်းထောက်ပံ့ရမယ်ဆိုတဲ့သဘောပါ။

အတ္ထစရိယာ -တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရမယ်။ ကိုယ်ကမဆောင်ရွက်နိုင်ရင် ဆောင်ရွက်နိုင်တဲ့သူကို အားပေးရမယ်။

နောက်တခုက အတ္တသမံ တဲ့ တိုင်းသူ ပြည်သား တွေကို မိမိနှင့်ထပ်တူညီတူညီမျှထားပြီးပြုမူဆက်ဆံရမယ်။ တဘို့ ထဲ မကြည့်ရဘူး။ မျှမျှတတ ရှိရမယ်ဆိုတာပဲ။ အဲဒီ တရားတွေနဲ့ ကျင့်မှ ရာဇာ အုပ်ချုပ်သူ မင်းအစိုးရ လို့ ခေါ်ဆိုနိုင်တာ။

ဒီနေ့ မြန်မာနိုင်ငံက လက်တဆုပ်စာ စစ်အုပ်စုကလက်နက်အားကိုးနဲ့ တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နှိပ်စက်နေခြင်းဟာ အစိုးရ အလုပ် လုပ်နေတာလား။သူခိုးဓမြအလုပ်လုပ်နေတာလားဆိုတာ မေးခွန်းထုတ်စရာကိုမလိုဘူး။လူတိုင်းသိတဲ့ကိစ္စဖြစ်တယ်။

သူခိုးဓမြကို ဆန့်ကျင်တာ ဟာ နိုင်ငံရေးလုပ်တာလား။မတရားတာကို တရားတဲ့ လမ်းကြောင်းပေါ်ရောက်လုပ်တာနိုင်ငံရေးလုပ်တာလား။တရားမျှတမှုနဲ့  ငြိမ်းချမ်းရေး အတွက်လုပ်တဲ့ အလုပ်ကိုနိုင်ငံရေးလုပ်တယ်လို့ ပြောမယ်ဆိုရင်လဲ ပြောကြပေတော့။ ဗဟုဇနဟိတာယ။ ဗဟုဇနသုခါယ လို့ ဟောကြားတော်မူတဲ့ မြတ်စွာဘုရားရှင် တရားတော် အတိုင်းလောကကောင်းကျိုးအတွက်မေတ္တာတရားလက်ကိုင်ထားပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက်ချီတက်ကြရမည့် တာဝန်ဟာ ရဟန်းသံဃာတော်များ အပါအ၀င် ငြိမ်းချမ်းလိုလားသူအားလုံးရဲ့တာဝန်ဖြစ်ပါတယ်လို့ ဆိုပါရစေ။

(ရေးသားသူ - ဒဲ့ဒိုး)။

Friday, November 23, 2007

ဆရာတော်ကြီးများ လုံခြုံရေးအတွက် ပြည်သူများမှ ၀ိုင်းဝန်းကာကွယ်ပေးကြပါရန်။


သတင်းစာဆရာကြီး ဦးဝင်းတင်ဆီက သတင်းစကား


Thursday, November 22, 2007

မြန်မာ့အရေးသုံးသပ်ချက် ဗီဒီယိုများ

မြန်မာ့အရေးသုံးသပ်ချက် ဗီဒီယိုများ အပိုင်း ( ၁ )


မြန်မာ့အရေးသုံးသပ်ချက် ဗီဒီယို အပိုင်း ( ၂ )

စွန့် စွန့် စားစား ဆန္ဒပြကြခြင်း။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

၂၀ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။ အင်္ဂါနေ့။

ဒီနေ့ ငါတို့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။

လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ စင်ကာပူနိုင်ငံရဲ့ လူအစည်ကားဆုံးနေရာမှာ ငါတို့ မြန်မာတွေ စုစုပေါင်း အယောက် ၅၀ ခန့်ဟာ တူညီဝတ်စုံတွေ ၀တ်ပြီး ဆန္ဒပြဖြစ်ခဲ့ကြတယ်။

ဒီဆန္ဒပြပွဲကို မနက် ၁၀ နာရီလောက်ကမှ ကောက်ခါငင်ခါ စီစဉ်လိုက်ကြရတာပါ။ အကြောင်းကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ ငါတို့ လုံးဝလက်မခံနိုင်စရာအချက်တွေ ပါလာလို့။ အဓိက ကတော့ “မြန်မာ့အရေးကို ဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ သဘောထားအတိုင်း ဖြစ်စေရမယ်။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့လေးစားတယ်။ သူတို့ ၀င်မရှုပ်ဘူး။ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မှုကို အားပေးထောက်ခံတယ်။” ဆိုတာမျိုး သူတို့က ကြေညာချက်ထုတ်လာတယ်။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

အေး....ငါတို့ တခုခု လုပ်ကြရင်ကောင်းမယ်။ ဘာလုပ်ကြမလဲ။ အော့ချာ့ဒ်လမ်းမမှာ ဆန္ဒသွားပြကြမယ်။ ရဲတွေ မသိအောင် လျို့ဝှက်လုပ်ကြ။ ရဲတွေ ခြေရာခံမမိအောင် တတ်နိုင်သမျှ လမ်းဘေးဖုန်းနဲ့ ပြောကြ ဆွေးနွေးကြ။ ဖိတ်ကြားကြ။ မီဒီယာတွေကိုလည်း ခေါ်ထား။ စင်ကာပူဘက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကြောင်းကြားထား။ အတိုက်အခံပါတီတွေကိုလည်း အသိပေး။

မူလအစီအစဉ်အရ အလုပ်က ဆင်းတာနဲ့ ညနေ ၆ နာရီလောက်မှာ အောချာ့ဒ် လမ်းဒေါင့်က စတားဘတ်က် ကော်ဖီဆိုင်မှာ လူစုကြမယ်။ နောက်မှ အင်္ကျီအနီတွေ လဲပြီး အော့ချာ့ဒ်လမ်းပေါ်ထွက်မယ်။ ဆန္ဒပြမယ်။ အသေးစိတ်ကို ကော်ဖီဆိုင်မှာ ထိုင်တုန်း ဆွေးနွေးကြမယ်။ ရဲလာမဖမ်းခင် မီဒီယာနဲ့ စကားပြော။ ရဲလာတားရင် ဆယ်မိနစ်လောက် အချိန်ပေးဘို့ စေ့စပ်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရင် လက်ချင်းတွဲပြီး လမ်းမပေါ်ထိုင်ချမယ်။ ဖမ်းပလေ့စေ။ မခုခံကြနဲ့။ အားလုံးရဲစခန်းကို လိုက်သွားကြမယ်။ အလွန်ဆုံး ရဲစခန်းမှာ တည အိပ်ရရုံဘဲရှိမယ်။ ဒီကောင်တွေ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုအောက်မှာ ငါတို့ကို အသားလွတ်ဖမ်းမထားရဲဘူး။ ဖမ်းလည်း သူတို့ ငါတို့ကို ဖမ်းတာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ဘိုးကို ပေးရလိမ့်မယ်။

ကဲ....ကိုဘို....ခင်ဗျားက အဆက်အသွယ်ကောင်းတယ်။ ၀င်မပါနဲ့။ ခပ်လှမ်းလှမ်းကနေ အကဲခတ်။ ကျုပ်တို့ကို ဖမ်းရင် ခင်ဗျားက သက်ဆိုင်ရာမီဒီယာ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်စရာဆက်လုပ်။

အဲဒီလို အစီအစဉ်တွေလုပ်ပြီးမှ နေ့လည် ၂ ချက်တီးလောက်ရောက်တော့ သတင်းက ဘလော့ဂ်တွေ စီဘောက်စ်တွေ အီးမေးတွေထဲကို ပေါက်ကြားသွားတယ်။ ဟာ...သွားပဟ။ စတောင် မစ ရသေးဘူး။ ရဲတွေတော့ သိကုန်တော့မယ်။ ဗမာတွေ အော့ချာ့ဒ်လာတာနဲ့ ဘူတာမှာ ဖမ်းစစ်တော့မှာဘဲ။ ဒုက္ခပါဘဲ။ စိတ်လေတယ်။

သည်လိုနဲ့ ညနေရုံးဆင်းတော့ နီးစပ်ရာလူတွေကို တခြားဘူတာပြောင်းချိန်းရတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အဲ....ဖယောင်းတိုင်ပြေးဝယ်တဲ့လူက၀ယ်၊ စာရွက်ပေါ်မှာ ဆော့ပင်နဲ့ တောင်းဆိုချက်တွေကို ရေးသူကရေး။

ခဏနေတော့ ကိုဘိုလည်း ရောက်လာတယ်။ ခပ်လှမ်းလှမ်းမှာ။ မျက်လုံးချင်းဆုံတော့....အံမယ်...ခပ်တည်တည်နဲ့။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း “သူနဲ့ ငါတို့ လုံးဝမသိဘူးဆိုတဲ့ အက်တင်အပြည့်နဲ့။” ကိုယ့်လူကို စိတ်ထဲမှာ အကယ်ဒမီပေးလိုက်တယ်။

ကံကောင်းချင်တော့ ရဲတွေနဲ့ မီဒီယာတွေက ညနေ ၆ နာရီလောက်ကတည်းက လာစောင့်ပြီး ဒီနေ့အဖို့ ဘာမှ မဖြစ်တော့ဘူး ယူဆသွားပုံရတယ်။ အဲဒီနားမှာဘဲ မီဒီယာကလူတွေနဲ့အတူ အေးအေးလူလူ ယောင်တောင်ပေါင်တောင် လုပ်နေကြတယ်။

သည်လိုနဲ့ ညနေ ၇ နာရီထိုးတော့ စတားဘတ်က်မှာ မြန်မာတွေ ၅၀ လောက်စုမိကြတယ်။ အင်္ကျီအနီတွေကို ခဏအတွင်း ပြောင်းလဲ ၀တ်ဆင်လိုက်ကြတယ်။ အခြေအနေကိုသုံးသပ်၊ လုပ်ငန်းစဉ်ကို အမြန်ဆွေးနွေးပြီး ကော်ဖီဆိုင်ထဲက ထွက်လိုက်ကြတယ်။ အဲသည်အချိန်မှာ မီဒီယာက ၀ိုင်းပြီး တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်။ ဗီဒီယိုရိုက်။

လူသွားလမ်းပေါ်မှာ လက်ချင်းချိတ်လို့ သုံးယောက်တတန်း ရှေ့နောက်တန်းလိုက်ကြတာ ၁၅ တန်းလောက် ရတယ်။ ဟိုး ရှေ့ဆုံးက သုံးယောက်က အင်္ဂလိပ်လို ရေးထားတဲ့ ဘန်နာ အကြီးကြီးကို ကိုင်လို့။ ရေးထားတာက “မြန်မာတွေရဲ့ ဆန္ဒကို နားထောင်ပါ။ စစ်အစိုးရရဲ့ အမိန့်ပေးမှုကို နားမယောင်ပါနဲ့” တဲ့။ နောက်ကလူတွေကလည်း တတောင်ဆစ်ချင်းချိတ်ထား တာဆိုတော့ အားနေတဲ့လက်ချောင်းတွေထဲမှာ အေဖိုးဆိုက်နဲ့ ရေးထားတဲ့ တောင်ဆိုချက်တွေကို ကိုင်ပြီး ရင်ဘတ်ရှေ့မှာ ထောင်ထားကြတယ်။ လမ်းသွားလမ်းလာတွေ ၀ိုင်းကြည့်ကြတယ်။ ဓါတ်ပုံရိုက်ကြ။ ရပ်ကြည့်ကြပေါ့လေ။ပထမတော့ အရပ်ဝတ်ရဲတွေဘဲ ရှိသေးတယ်။ ရဲတွေ အင်အားများများ ရှိမနေဘူး။ မီဒီယာတွေက စိတ်တိုင်းကျ ရိုက်ယူကြတယ်။ ငါတို့အထဲမှာ မီဒီယာ တာဝန်ခံ နှစ်ယောက်က ဘေးကနေ မီဒီယာတွေကို အင်တာဗျူး ဒိုင်ခံဖြေပေးတယ်။ အဲသည်လိုနဲ့ မိနစ် ၂၀ လောက်ကြာတော့ ရဲတွေ ရောက်လာတယ်။ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း အားလုံး သုံးယောက်တတွဲကနေ လမ်းမဘက်ကို မျက်နှာလှည့်လိုက်ပြီး လူငါးဆယ်အတန်းရှည်ကြီး လက်ချင်းယှက်ပြီး တွဲရပ်လိုက်တယ်။

ရဲတွေ ပျာယာခပ်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ငါတို့အစီအစဉ်ကို သူတို့မသိဘူးလေ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်က ရဲတွေကို အမိန့်ပေးတယ်။ မင်းတို့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ သွားရပ်တဲ့။ အဲဒါနဲ့ ရဲတွေ မျက်နှာချင်းဆိုင်မှာ လာရပ်ကြတယ်။ ဘောလုံးပွဲမစခင် အသင်းနှစ်သင်း မျက်နှာချင်းဆိုင်ရပ်သလိုမျိုး။ လမ်းပေါ်က သွားနေတဲ့ ကားတွေပေါ်က လူတွေ ငါတို့ကို ကြည့်သွားကြ။ လက်မထောင်ပြသွားကြ။

ငါ့ညာဘက်မှာ ငါ့မိန်းမ။ ငါ့ဘယ်ဘက်မှာ ငါမသိတဲ့ လူတယောက်။ ညာဘက် တယောက် ကျော်မှာ ဘလော့ဂါမိန်းကလေးငယ်တယောက်။ ငါက ရွှတ်နောက်နောက်နဲ့ “ငါတို့တွေ အာဆီယံ ၀န်ကြီးတွေ လက်ယှက်သလို ခရော့စ်ပုံစံနဲ့ ယှက်ကြမလား” ပြောတော့ အားလုံး ၀ိုင်းရယ်ကြတယ်။ တကယ်တော့ အဲဒီ အာဆီယံ လက်ယှက်ပုံစံဟာ အင်မတန် မျက်စိထဲမှာ ထော်လော်ကန့်လန့်နိုင်တယ်။ ကိုယ့်ဘေးကလူနဲ့ အနီးဆုံးလက်နှစ်ဘက်ကို လွယ်လွယ်ကူကူ ယှက်တာမျိုးမဟုတ်ဘဲ၊ ဝေးတဲ့ဘက်ခြမ်းက လက်ကို ခက်ခက်ခဲခဲ လှမ်းဆွဲကြရတာမျိုးလေ။ အာဆီယံခေါင်းဆောင်တွေ ဓါတ်ပုံအရိုက်ခံဘို့ လက်တွေယှက်ကြတိုင်း လက်တွေမှားမှားထုတ်ကြတုန်း။ အဲဒါကြောင့်ပြောတာ။ အာစီယံဟာ အစစ ထော်လော်ကန့်လန့်တွေချည်းဘဲလို့။ လက်ချင်းကောင်းကောင်းယှက်တတ်ဖို့တင် ဆယ်နှစ်လောက် အချိန်ယူရမယ်။ ဥရောပယူနီယံလို အသင်းအဖွဲ့မျိုးဖြစ်လာဘို့ဆိုရင် နောင်ဘုရားတဆူပွင့်တဲ့အထိ စောင့်ရမယ်ထင်တယ်။ငါတို့အားလုံး ရဲတွေရှေ့မှာ အဲသည်အနေအထားနဲ့ ဆယ်မိနစ်လောက် ရပ်နေကြတယ်။ ငါ့စိတ်ထဲမှာ ငါ့ရှေ့က ရဲလူဖလံလေးကို ကြည့်ပြီး “သူ့ခမြာ ငါ့ကိုဖမ်းရင် မ မှ မနိုင်ပါ့မလား” တွေးပြီး စိတ်မောနေမိတယ်။ နောက်တော့ ငါတို့ အေးအေးချမ်းချမ်းဘဲ လူစုခွဲလိုက်တော့တယ်။

ငါတို့ ဒီနေ့ ဆန္ဒပြပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။ စင်ကာပူအစိုးရရဲ့ ချုပ်ခြယ်တဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာလေ။ ကိုယ့်အခွင့်အရေးကို ကိုယ်လေးစားစွာ ကာကွယ်ခြင်း တမျိုးပေါ့။ စင်ကာပူ လူ့အခွင့်အရေးအဖွဲ့က မိတ်ဆွေတွေက ပွဲအပြီးမှာ လာပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ ပြန်လာတော့ ရထားပေါ်မှာ ကိုယ့်လူတွေ အိမ်ကို ချောချောမောမော ပြန်ရောက်ရဲ့လား ဖုန်းဆက်ကြည့်ရ သေးတယ်။

ကိုပေါ။(၂၀ ရက်။ နိုဝင်ဘာ ၂၀၀၇ ခုနှစ်)

စင်္ကာပူမှ မြန်မာဆန္ဒပြပွဲ ဗီဒီယို ကို ဒီမှာ ကြည့်ပါ။
http://www.straitstimes.com/Video+News/Singapore/STIVodcast_3070.html?playid=3070&type=Singapore

Wednesday, November 21, 2007

ဘီဘီစီ “ငပွကြီး”မဟုတ် အစစ်အမှန်“ငပွကြီး”သန်းရွှေဟုပြော၍ စစ်သည်တဦး သေဒဏ်ချမှတ်ခံရ

ခိုင်မင်းမူ(နိရဉ္စရာ)
စစ်တွေအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းမှ စစ်သည်တဦးက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေမှုများမှာ သန်းရွှေ“ငပွကြီး”ကြောင့် ဖြစ်သည်ဟု ပြောကြားခြင်းကြောင့် မကြာသေးမီက သေဒဏ်အပြစ်ပေးခံရကြောင်း သတင်းရရှိသည်။
အဆိုပါ သေဒါဏ်အချခံရသူမှာ စစ်တွေအခြေစိုက် အမှတ် (၈၂၈) ထောက်ပံ့ပို့ဆောင်ရေး တပ်ရင်းမှ တပ်ကြပ်အောင်နိုင်ဖြစ်သည်။တပ်ကြပ်အောင်နိုင်မှာ ယခင်က အန်အလ်ဒီပါတီ၏ လုပ်ရပ်များကို ထောက်ခံအားပေး မှုကြောင့် တပ်တွင်းအချုပ် နှစ်ကြိမ်ကျခံဖူးသူဖြစ်ပြီး ရာထူးအချခံထားရသူဖြစ်ကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး အဆိုပါတပ်ရင်းမှ အမည်မဖော်လိုသူ စစ်သည်တဦးက “ဆန္ဒပြတာတွေ ဖြစ်ကတည်းက တပ်ရင်းမှုက အရာရှိစစ်သည်အားလုံးကို ခဏခဏတန်းစီပြီး ဘီဘီစီနဲ့တခြားသတင်းဌာနတွေက သန်းရေ“ငပွကြီး”လုပ်ထားတာကြောင့် တိုင်းပြည် အခုလိုဖြစ်နေတာဟု မဟုတ်တာတွေလျောက်ပြောနေတယ်ဟု တပ်ရင်းမှူးကပြောပါတယ်၊ အဲလိုပြောအပြီးမှာ သန်းရွှေ“ငပွကြီး”လုပ်တာတွေကို ကမ္ဘာကသိအောင် ဘီဘီစီ-ဗွီအိုအေ တို့က ဖြစ်ရပ်မှန် သတင်းတွေ လွှင့်ပေးနေတာပါလို့ ဆရာအောင်နိုင်က ပြောပါတယ်၊ အဲဒီလိုပြောတာနဲ့ သူ့ကို ချက်ချင်းဖမ်းယူ သွားပါတယ်ဟ”နိရဉ္စရာသို့ပြောသည်။
တပ်ကြပ်အောင်နိုင်၏ ဖြစ်စဉ်များမှာ တပ်ရင်းတည်မြဲအမိန့်များအရ ထူးခြားဖြစ်စဉ်၌ အကျုံး ၀င်၍ (၂၄)နာရီအတွင်း သက်ဆိုင်ရာ ကွပ်ကဲမှူး စစ်ဌာနချုပ်များသို့ ကြေးနန်းပို့ရပြီး စစ်သည်တရားခံအား တပတ်အတွင်း တိုင်းစစ်ဌာနချုပ်သို့ အရောက်ပို့ရကြောင်း စစ်ဥပဒေနှင့်စည်းကမ်းဆိုင်ရာ တပ်ကြပ်ကြီး စာရေးတဦးကဆိုသည်။
အဆိုပါ စစ်သည်မှာ တပ်မတော် အက်ဥပဒေအရ တပ်တွင်းအချုပ်ဖြင့် ပြီးဆုံးနိုင်သော်လည်း နည်းဥပဒေဖြင့် တရားစွဲခံရသောကြောင့် သေဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး သေဒဏ်အမိန့်ကို စစ်ဥပဒေချုပ်ရုံးမှ အထူးစစ်ခုံရုံးဖွဲ့၍ ကာကွယ်ရေးဦးစီးချုပ်မှ ချမှတ်ရကြောင်းနှင့် အလားတူ ဖြစ်စဉ်များ နောက်ထပ်ဖြစ်ပွားမှုမရှိစေရန် တပ်ရင်းတပ်ဖွဲ့များသို့ အမိန့်ညွှန်ကြားစာများဖြင့် အကြောင်းကြားထားပြီဖြစ်ကြောင်းကို ၎င်းမှဆက်လက်ပြောကြားသည်။တပ်ကြပ်အောင်နိုင်၏ စစ်သည်တဦး ရပိုင်ခွင့်အားလုံးအား တပ်မတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားပြီး ကျန်ရစ်သူမိသားစုအား မိမိနေရပ်သို့ ပြန်ပို့လိုက်ကြောင်း စုံစမ်းသိရှိရသည်။

စင်ကာပူမှာ အာဆီယံနိုင်ငံများအား တိုက်တွန်းချက်။

ပုံကိုclick
အင်းစိန်ထောင်တွင်း မတရား ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ် click
ပြည်ပမှ အသံနှင့်ရုပ်သံ နားထောင်လျှင် လိုင်စင်သိမ်းမည် click
ပျောက်ဆုံးနေတဲ့ သံဃာများ စာရင်း (၁) click

Tuesday, November 20, 2007

မြန်မာနိုင်ငံအတွင်း လုံခြုံရေးများ၏ ရမ်းကားမှုနှင့် အနုပညာ လွတ်လပ်ခွင့်

ပုံကို click



လက်အုပ်ချီပြီးရှိခိုးဖို့ မပြောနဲ့  လက်အုပ်ချီတဲ့ပုံပါရင်တောင်ဖမ်းတယ်။

မနေ့ က မြရပ်ညိုဟော်တယ်မှာ အဖမ်းခံရတဲ့ ဆယ်ကျော်သက်အဆိုတော် ဂျီတုန်းရဲ့ နောက်ကျောဘက်မှာ ဒီလိုလက်အုပ်ချီထားတဲ့ပုံပါလို့  ပါတဲ့။
ဒီလိုလက်အုပ်ချီတဲ့ပုံပါတာနဲ့ ဖမ်းတယ်ဆိုရင် နအဖဗိုလ်ချူပ်ကြီးတွေနဲ့ မိသားစုတွေကိုအရင်ဖမ်းကြပါ။ သူတို့ တွေလည်း လက်အုပ်ချီနေကြတာဘဲ။

Sunday, November 18, 2007

ကမ္ဘာ့ဘလော့ဂ်ပြိုင်ပွဲတွင် အထူးဆုရသူ Mr.Jotman နှင့် မြန်မာနိုင်ငံမှ လွတ်မြောက်လာသော အသျှင်ကောဝိဒ

ဂျာမဏီနိုင်ငံဘာလင်မြို့မှာပြုလုပ်တဲ့ ကမ္ဘာ့ဘလော့ဂ်(Blog)ပြိုင်ပွဲကြီးကနေ မြန်မာနိုင်ငံမှာ စက်တင်င်္ဘာသံဃာတော်တွေရဲ့ ဆန္ဒပြမှုကို အထူးဖော်ပြခဲ့တဲ့ Mr.jotman( Jotman.blogspot.com)ကို နယ်ခြားမဲ့သတင်းထောက်အဖွဲ့ RFSကနေ အထူးဆုအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်၊Jotman.blogspot.com ကို ဖန်တီးသူကတော့ အခု အာရှနိုင်ငံမှာ ရောက်နေပေမဲ့ သူ့ရဲ့အမှန်နံမည် နဲ့ သူဘယ်နိုင်ငံကလဲဆိုတာကို မပြောလိုပါဘူးတဲ့၊
သူ့ရဲ့ blogမှာ ဘာ့ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ စက်တင်င်္ဘာအရေးအခင်း သံဃာလှုပ်ရှားမှုတွေကို ဖော်ပြရတယ်ဆိုတာ အခုလိုရှင်းပြပါတယ်၊
“ကျနော့်ရည်ရွယ်ချက်ကတော့ဗုဒ္ဓဘာသာနဲ့ပတ်သတ်တာထက်မြန်မာလူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို ဖော်ပြချင်တာပါ။ ဘာသာရေးနဲ့မပတ်သတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်မိတာကတော့ မြန်မာဘုန်းတော်ကြီးများထံကနေ ၀ိပဿနာကျင့်နည်းကို လေ့လာပြီး မြန်မာဗုဒ္ဒဘာသာကို သင်ယူခဲ့တာပါ။” ဟုပြောခဲ့ပါသည်၊

တရုတ်ကွန်မြူနစ်အစိုးရ၏ အိုလံပစ်ပွဲတော်အား သပိတ်မှောက်ပွဲ သြစတေလျတွင် ကျင်းပကြောင်း သိရှိရ။

တရုတ်ကွန်မြူနစ်အစိုးရ၏ အိုလံပစ်ပွဲတော်အား သပိတ်မှောက်ပွဲ (ပထမပိုင်း - နိုဝင်ဘာလ - ၁၆ ရက်နေ့ ) ။

Saturday, November 17, 2007

မဖြူဖြူသင်း၏ဖခင် ဦးလှထွန်း ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းမှတ်တမ်း

အေအိုင်ဒီအက်စ် ဝေဒနာသည်များနှင့် မဖြူဖြူသင်း၏ လှုပ်ရှားမှု ပုံရိပ်များ
မြန်မာနိုင်ငံမှ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်များအား မေတ္တာ၊ စေတနာဖြင့် ပြုစုစောင့် ရှောက် ကူညီမှုများ ပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မဖြူဖြူသင်း၏ မွေးသဖခင် ကျေးဇူးရှင် ဦးလှထွန်း (အသက် - ၆၈နှစ်) သည် နိုဝင်ဘာလ (၁၆)ရက်နေ့ စနေနေ့ ည (၁၀)နာရီက အောင်ရတနာ ဆေးကုခန်းတွင် လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ကို နိုဝင်ဘာလ (၂၀)ရက် အင်္ဂါနေ့တွင် ရေးဝေးသုဿာန်သို့ ပို့ဆောင် သင်္ဂြုံဟ်မည်ဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ရွှေနှင့် အတူ သားသမီးများ ဖြစ်ကြသည့် မစပယ်ဦး၊ မဖြူဖြူသင်း၊ မမာလာထွန်းနှင့် မောင်မောင်မျိုးတို့ သားသမီး (၄)ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ မဖြူဖြူသင်းသည် ဖခင်ကွယ်လွန်ချိန်တွင် နအဖ စစ်အာဏာရှင်များ၏ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးနေမှုမှ လွတ်မြောက်အောင် ရှောင်တိမ်း နေရသည့်အတွက် ဖခင်၏ ဈာပနသို့ လာရောက်နိုင်ခြင်း မရှိသော်လည်း ဖခင်ကွယ်လွန်ကြောင်းကိုမူ မဖြူဖြူသင်း သိရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဈာပနအခမ်းအနား ပြင်ဆင်မှုကို မဖြူဖြူသင်းနှင့် အတူ အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ပြုစုစောင့်ရှောက် ပေးနေသည့် ကိုသန်းထိုက်အောင်၊ ကိုရာဇာနှင့် ကိုအောင်ထွန်းတို့က ဦးစီးဦးရွက်ပြု လုပ်ဆောင်ပေးနေကြောင်း သတင်းရရှိသည်။
ဒေါက်တာ လွဏ်းဆွေထံမှ

နအဖ က အပစ်ရပ်အဖွဲ့ များအား ဒေါ်စုကြေညာချက်အား မထောက်ခံရန် ဖိအားပေးနေ

ပုံကို CLICKပါ၊


See how lies to when UN Envoy Piheiro in Insein Prinson.

So, who is right? Kyaw Hsan or Mr Paulo Sergio Pinheiro

ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာပင်နဲရိုး အင်းစိန်ထောင်ကို သွားရောက်စစ်ဆေးတော့ နအဖက ဘယ်လိုညာလည်းဆိုတာ ကြည့်ပါဦး။ ထောင်တွင်းအကျဉ်းချခံနေရသူတွေကို ကျွေးမွေးဖို့  ချက်ပြုတ်ပြင်ဆင်ထားတာတဲ့။ ဘာတဲ့ ဆောင်ပုဒ်ကလည်း “အမြဲမပြတ် ဆောင်ရွက်ပေး ဖိုကြီးသန့် ရှင်းရေး” ဆိုပါလား။ ပြထားတဲ့ အိုးတွေကလည်း ပြောင်လက်နေတာ အသစ်မှန်း သိသာလွန်းတယ်။ တစ်ခါမှ မသုံးရသေးဘဲ ပြဖို့ အတွက် ကမန်းကတန်း ထုတ်လာတာမှန်း သိသာပါတယ်။နအဖတို့ ရဲ့  မျက်နှာပြောင်တိုက်ပြီး ညာတာကတော့ ကမ္ဘာကျော်လူလိမ်ကြီးများဘွဲ့ နဲ့  လိုက်ဖက်ပါပေတယ်။အင်းစိန်ထောင်တွင်းနဲ့  နအဖထောင်တွေတိုင်းမှာ အနေအထိုင် အစားအသောက် ကျန်းမာရေး ဘယ်လောက်ဆိုးရွားပြီး ရောဂါဆိုးတွေ ဘယ်လောက်ဖြစ်ပျက်နေလည်းဆိုတာ မှတ်တမ်းမှတ်ရာတွေ ထွက်နေတာအများကြီးပါ။ နအဖရဲ့  မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သူတွေပြောပြတဲ့ ထောင်တွင်းအတွေ့ အကြုံတွေက တစ်ပုံကြီးပါ။
- မြန်မာ့အရေး နိုင်ငံတကာက ထိရောက်စွာ ကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား click
- သေဆုံး ဖမ်းဆီးခံရသူ အရေအတွက် ပင်ညဲရိုး ခန့်မှန်းနိုင် click

လက်တွေ့ သက်သေပြပါ။

ပထမဦးဆုံးအနေနဲ့ နအဖက အရင်ကတည်းက ဖမ်းထားတဲ့ သူတွေရော နောက်မှ ဖမ်းတဲ့သူတွေရော အားလုံးကို ချွင်းချက်မရှိ အကုန်လွှတ်ပေးပြီး သက်သေပြဖို့ လိုပါတယ်။
ဆက်လက်ဖမ်းတာတွေ လုံးဝဆက်မလုပ်ပြဖို့  လိုပါတယ်။ ဒါမှသာ နအဖ အနေနဲ့  တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အမှန်တကယ်လုပ်ပေးချင်တဲ့ ဆန္ဒရှိလိမ့်မယ်ဆိုတာ စတင်ယုံကြည်ရပါလိမ့်မယ်။

Friday, November 16, 2007

သီတဂူ ဆရာတော်ကြီးဟောကြားတော်မူခဲ့သော လူမိုက်တို့ရဲ့သွားရာလမ်း တရားတော်





လူမိုက်တို့၏သွားရာလမ်း

Thursday, November 15, 2007

ကုလကိုယ်စားလှယ် ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ်၏ ရလဒ်အပေါ်သုံးသပ်ချက်

CNN မှ NOV 14th 2007 တွင်ထုတ်လွှင့်သည် ။

Wednesday, November 14, 2007

ဇောက်ထိုးဖြစ်နေသော မြန်မာနိုင်ငံတော်အလံ

၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာ ၁ သတင်းဓါတ်ပုံတွင် သိန်းစိန်နှင့်အဖွဲ့ ဗီယက်နမ်သမတ ငုယင်မင်ကျစ်နှင့် တွေ့ဆုံစဉ် ဇောက်ထိုးဖြစ်နေသော မြန်မာနိုင်ငံတော်အလံအား ဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။ ကြည့်ရှုလိုပါက မြန်မာ့အလင်း သတင်းစာ (နိုဝင်ဘာ ၁၂ ရက် ၂၀၀၇) တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ် ခင်ဗျား။

Tuesday, November 13, 2007

IT IS NEW TAPE OF SEPTEMBER CRACK DOWN BY THAN SHWE'S GANG

စက်တင်ဘာလအရေးအခင်း New video http://www.channel4.com/player/v2/player.jsp?showId=10056

Sunday, November 11, 2007

မေဃ၀တီ၊ ကြခတ်ဝိုင်းနှင့် မင်းခရဟန်း၊ ကမ်းနားသစ်ပင်

(၁)
မြန်မာစာပေတွင် မင်းခယောက်ျား ဟူသော စကားသာ ရှိခဲ့ပေသည်။ ယခုမှ မင်းခရဟန်း ဟူသော စကားကို တီထွင်ရမည့် အခြေအနေမျိုး ဆိုက်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ကြခတ်ဝိုင်း ဆရာတော် ကဲ့သို့သော နအဖ မင်းတရားကြီး အကျိုးအတွက်ဆိုလျှင် ရွပ်ရွပ်ချွံချွံ နာမည်ပင် သေသေ အမှုတော် ထမ်းရွက်မည့် ဆရာတော်ကြီးများ အကြောင်းကို ကြားနေ ဖတ်နေရသောကြောင့် ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ရာဇ၀င်တွင် အုပ်စိုးသူ မင်းအပေါ် သြဇာညောင်းသော သာသနာပိုင်များ၊ မင်းဆရာများ အကြောင်းသာ ဖတ်ဖူးခဲ့ပါသည်။ ဘုရင်၏ အမိန့်ကို နာခံခဲ့ ၊ ခိုင်းဖတ်ဖြစ်ခဲ့ရသော ဆရာတော်ကြီးများ အကြောင်း ကိုမူ မမှတ်သားမိခဲ့ဖူးပါ။ ယခုမူ ရာဇ၀င်တွင် စာတင်လောက်စရာ အာဏာရှင်များ၏ လက်ညှိုးထောင် ခေါင်းညိတ် ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုတာ ပေါ်ထွက်လာခဲ့ပါပြီ။


အကြင်မင်းမှုထမ်း တဦးသည် အမှုတော်ကို ဦးဆွေးဆံမြည့် သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့လျှင် မင်းဖြစ်သူက မြှောက်စား၍ မင်းစိုးရာဇာအပါး အနီးကပ် ခစားခွင့် ရတော့သည်။ ထိုသူအား မင်းခယောင်္ကျားဟု ခေါ်ကြလေသည်။ အနှီကဲ့သို့ မင်းအပါး ခစားနေသည်မှာ ရဟန်းတော်များ ဖြစ်သည်ကို ယခုလို တွေ့မြင်ကြရသောအခါ မင်းခရဟန်း ဟုသာ ဆိုထိုက်လှပေစွ။

စက်တင်ဘာ သပိတ်မှောက် ကံဆောင်ပွဲကြီးတွင် အနှီရဟန်းတို့သည် ရဟန်းဘ၀ တလျှောက်လုံး မိမိတို့ကို ဆွမ်းကပ်ခဲ့သော ဒကာပြည်သူတို့၏ ဆန္ဒကို လျစ်လျူရှု၍ အာဏာရှင်များ ဘက်သို့လိုက်ကာ ရုပ်သေးရုပ်ပမာ အသုံးတော်ခံ ပါလေသည်။ ဘ၀တူ ဘုရားသားတော် ရဟန်းများ သွေးမြေကျရသည်ကိုပင် ကန့်ကွက် ဖြောင်းဖျရမှန်း သတိမရဘဲ မျက်စိမှိတ်၊ ပါးစပ်ပိတ် နေနိုင်ရက်ပါပေသည်။

နီးရာဓားကို ကြောက်ရသောကြောင့် အာဏာရှင်များ အငြိုအငြင်ကို မခံရဲခြင်းပေလောဟု ဖေးဖေးမမ တွေးဆ ကြည့်မိသော်လည်း ထိုအချက် တခုတည်းကြောင့်ဟု ဆို၍ မရစကောင်းချေ။ ကြခတ်ဝိုင်း အပါအ၀င် အလိုတော်ရိ ဆရာတော်ကြီးများတွင် ထောက်ထားစရာ အခြားကိစ္စများလည်း ရှိနေနိုင်ပါသည်။ ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုလျှင် ဘဏ်တွင် အပ်နှံထားမိသော ငွေသိန်းပေါင်း ၃၇၀၀၀ကျော် (နအဖ ငြိုငြင်လျှင်) ဆုံးရှုံးမည့် ကိစ္စမျိုး ပူပင်ကောင်း ပူပင်ပါလိမ့်မည်။အခြား ဆရာတော်ကြီးများ ဆိုလျှင်လည်း နာယက ရာထူးများမှ လျောကျမည့်အရေးတွေးပူကောင်း ပူပေလိမ့်မည်။

သို့မဟုတ် နအဖတွင် ဆရာတော်ကြီးများကို အိတ်ထဲ အပိုင်ထည့်ထား နိုင်လောက်အောင် အကျပ်ကိုင် ထားနိုင်သည့် ကျွန်တော်တို့ မသိသော အောက်လမ်းနည်းများလည်း ရှိနေနိုင်ပါသည်။မည်သို့သော အကြောင်းကြောင့်ပင် ဖြစ်စေ ထိုဆရာတော်ကြီးများ ကလည်း ကိုယ့်လမ်းကို ကိုယ်ရွေးသွားကြပါသည်။ နောင်တွင်သာ မိမိတို့ တာဝန်မကျေခဲ့မှုကြောင့် မိမိတို့၏ ရဟန်းငယ်သားများ ခိုမှီရာမဲ့ ဖြစ်ခဲ့ရခြင်း၊ ကျောင်းများ ဖျက်ဆီးခံခဲ့ရခြင်း၊ ဘာသာ၊ သာသနာ အစော်ကား ခံခဲ့ရခြင်းတွေ အားလုံးအတွက် နောင်တမရကြပါစေနဲ့ ဟုသာ ကျနော်တို့ ဆုတောင်းကြရန် ရှိပါသည်။

(၂)
ထိုသို့သော မင်းဆရာများ၏ ကံကြမ္မာအကြောင်း ဆက်ပြီး တင်ပြ လိုပါသေးသည်။

တခါက ဗိုလ်ချုပ်ခင်ညွန့် ကိုးကွယ်ခဲ့သော မေဃ၀တီ အမည်ရှိ ဆရာတော်ကြီး တပါး ရှိခဲ့ဖူးပါသည်။ ထိုဆရာတော်ကြီးသည် အင်းအိုင်လက်ဖွဲ့ အစီအရင် အင်မတန် တော်သည်ဟု နာမည်ကြီးပါသည်။ ယခင်က သင်္ကန်းကျွန်းတွင် မထင်မရှား သီတင်းသုံးခဲ့ရသော ထိုဘုန်းကြီးမှာ သူပေးခဲ့သော အစီအရင်တခု အပေါက်အလမ်း တည့်သွားသောကြောင့် ဗိုလ်ချုပ်ခင်ညွန့်က မြှောက်စားသည်တွင် ဗွီအိုင်ပီဘုန်းကြီး နေ့ချင်းညချင်း ဖြစ်သွားပါတော့သည်။

ထို့နောက် မေဃ၀တီ ကျောင်းလည်း ခမ်းနားခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်နှင့် ပတ်သက်လိုသူများကလည်း အခွင့်အရေး ရလိုရငြား ဘုန်းကြီးကျောင်းသို့ ၀င်ထွက်ကြသည်။ ထိုကျောင်းဝင်း အတွင်းတွင် လာသမျှ ဧည့်သည်မပြောနှင့် ကပ္ပိယ လက်ထဲတွင်ကအစ လက်ကိုင်ဖုန်း ရှိသည်။ လာသမျှ ဧည့်သည်အားလုံးကို နေ့တိုင်း သတ်သတ်လွတ်ထမင်း ကျွေးနိုင်သည်။ ဆရာတော်ကြီးကလည်း သူဘုန်းတန်ခိုး ကြီးလာသလို သူ့တပည့် ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားနေဖို့ သူစွမ်းသလောက် အစီအရင်တွေ ဆက်လုပ်ပေးနေခဲ့တာပါပဲ။

သူတို့ တန်ခိုးမှိန်ချိန် ရောက်လာတော့ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင် သုံး၊ လေး ရက် အလိုမှာ ဆရာတော်ကြီး နှလုံးသွေးကြော ပိတ်တယ်လို့ ဆိုပါတယ်။ အိပ်ရာထဲ ဘုံးဘုံးလဲပါတယ်။ သတင်းမေး လာကြသူတွေ ဆိုတာ ကျောင်းနဲ့ အပြည့်ပါပဲ။ ဆရာတော်ကြီး မီးစာကုန်လို့ပဲ ခင်ညွန့်ရဲ့ ဘုန်းကံပျောက်သလား မဆိုနိုင်ဘူး။ နောက်သုံးလေးရက် အကြာမှာ ခင်ညွန့် ပြုတ်ပါတယ်။ ခင်ညွန့်လည်း ပြုတ်ရော ဆရာတော်ကြီး အနားမှာ ၀ိုင်းနေခဲ့တဲ့ ဒကာတွေလည်း ချက်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပါပဲ။ ခြွေရံသင်းပင်းနဲ့ နေ ရတာ သာယာနေတတ်တဲ့ ဆရာတော်တွေအတွက် ဆိုရင်တော့ အကြီးအကျယ် သံဝေဂစရာပါ။

ဆရာတော်ကြီးကတော့ ခဏတဖြုတ်တော့ ထူထောင် လာပါသေးတယ်။ ဒါပေမယ့် တပည့်အတွက် စိတ်ထိခိုက်လို့ပဲ ရောဂါထပ်ဖောက် သွားသလား၊ တပည့်နဲ့ ကံကြမ္မာတူပဲ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် နှိပ်ကွပ်ခြင်း ခံရမှာကိုပဲ လန့်သွားလို့လား မဆိုနိုင်ဘူး။ နောက်လေးငါးရက် အကြာမှာ ပျံလွန် တော်မူသွားပါတယ်။ ဘုန်းကြီးပျံပွဲကိုတောင် နအဖက အကြီးအကျယ် လုပ်ခွင့်မပေးလို့ အကျဉ်းရုံး လုပ်ခဲ့ရပါတယ်။

(၃)
မင်းခယောင်္ကျား၊ ကမ်းနားသစ်ပင် … တဲ့။
မင်းဧကရာဇ်အပါး ခစားတဲ့ အစေအပါး ကျွန်ယုံတွေရဲ့ ဘ၀ဟာ ခိုင်မြဲလေ့ မရှိပါဘူး။
အဲဒီလိုပဲ မင်းခရဟန်း … တဲ့
ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ကြပါစို့လား ခင်ဗျာ …။
ဒေါင်းတမန်



နေ့ခင်းအိပ်မက်

ပြီးခဲ့တဲ့စက်တင်ဘာလမှာ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုတိုက်ပွဲတရပ် ဖြစ်ခဲ့ပါတယ်။ ဒါကိုအုပ်စိုးသူ စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းတာလဲ အားလုံးအသိပါ။ ထောင်သွင်းအကျဉ်းချ ခံရတဲ့သူများလည်း ထောင်ဂဏန်း ရှိနေဆဲပါ။ အဲသည့် အကျိုးဆက်အဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို စစ်အစိုးရ ခံနေရတာလဲ အများ မျက်မြင်ပါ။

သည့်နောက် ဆက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေ အပေါ်အမှီပြုပြီး ဆက်ပြောလို၊ အကြံပေးလိုပါတယ်။

မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီးတော့ စစ်အာဏာရှင်အုပ်စိုးမှုကို တိုက်ဖျက်တဲ့နေရာမှာ အထူးသဖြင့် အကြမ်းမဖက် တိုက်ပွဲများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အကြမ်းမဖက်တိုက်ပွဲနဲ့ အကြမ်းဖက် တိုက်ပွဲတို့မှာ ကွာခြားချက်ရှိပါတယ်။ ဘောဂဗေဒ စကားနဲ့ ပြောမယ်ဆိုရင် အကြမ်းဖက်တိုက်ပွဲမှာ အကြမ်းဖက် အဖွဲ့အစည်းများက အဖွဲ့ဝင်တွေရဲ့ လုပ်အားထည့်ဝင်မှုက အဓိကဖြစ်ပါတယ်။ သို့သော် အကြမ်းမဖက် တိုက်ပွဲရဲ့ ဖြစ်စဉ်က တကယ်တန်း ပြောမယ်ဆိုရင် ပြည်သူ အများစုဟာ သူတိုရဲ့ လွတ်မြောက်ရေးအတွက် သူတို့လုပ်အား ကို သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင် ထည့်ဝင်တာပဲ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေရဲ့ လုပ်အားထည့်ဝင်မှုက အဓိကကျပါတယ်။ တဖက်မှာလည်း ပြန်ကြည့်ရင် ခေါင်းဆောင် လုပ်နေသည့်သူများ နိုင်ငံရေးအဖွဲ့အစည်း အဖွဲ့ဝင်များ သက်သက်တွေရဲ့ လက်ထဲမှာပဲ သည်အလုပ်တွေကို လွှဲအပ်ထားတာ မဟုတ်ဘဲ ပြည်သူတို့ ကိုယ်တိုင်လည်း သူတို့အနာဂတ် ကံကြမ္မာ အတွက် ၀င်ရောက် ဆောင်ရွက်တာလို့ ဆိုနိုင်ပါတယ်။

နိုင်ငံရေး အလှည့်အပြောင်းတွေရဲ့ နောက်ဆုံးအဆင့်မှာ ဆိုင်ရာဆိုင်ရာ အရေးကြီးတဲ့ ခေါင်းဆောင်များ ဆုံးဖြတ်ကြတယ် ဆိုတာကလည်း ဟုတ်ပါတယ်။ ငြင်းလို့မရပါ။ သို့သော် ထိုကဲ့သို့အရေးကြီးသော အဆုံးအဖြတ်များ မတိုင်မီ ကာလနဲ့ ဆုံးဖြတ်ရတော့မဲ့ ကာလတွေအထိ တိုင်းသူပြည်သားတွေရဲ့ လုပ်အားနဲ့ ပူးပေါင်းပါဝင်မှုက ထုနဲ့ထည်နဲ့ ဆက်လက် တည်ရှိဖို့ လိုအပ်ပါတယ်။

အဲသလို တိုင်းသူပြည်သားတွေရဲ့ နိုးကြားတက်ကြွ အားကောင်းနေမှုကို ဆက်ထိမ်းထားဖို့လိုပါတယ်။ တချိန်တည်း မှာလည်း တိုင်းသူပြည်သားတွေကို အဖြစ်မှန်အတိုင်း အမြဲတင်ပြနေဖို့လိုပါတယ်။ မလုံလောက်တဲ့ မသေချာတဲ့ သတင်းအချက်အလက်များ အကြားမှာ ပိတ်ဆို့နေအောင် ဖြစ်မဲ့ လုပ်ရပ်များကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။

ဆက်ရှင်းပါ့မယ်။ စက်တင်ဘာလ ပြီးကတည်းက နားထောင်နေရတဲ့ ရေဒီယိုအင်တာဗျူးတွေ အကြောင်း ဖြစ်ပါတယ်။ အင်တာဗျူးခံရတဲ့ လူပုဂ္ဂိုလ်အများစုက နိုင်ငံတကာဖိအားနဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍတွေ ကိုသာ ဦးစားပေး ပြောကြပါတယ်။ မစ္စတာ အီဘရာဟင် ဂမ်ဘာရီရဲ့ နောက်ကို အတော်များများက ၀ိုင်းလိုက်နေသလို ဖြစ်နေပါတယ်။ အတော်လေးကြာလာတော့ မြန်မာပြည်အရေးဟာ ကုလက နောက်ခံပေးထားတဲ့ ဂမ်ဘာရီ အပါအ၀င် အနောက် နိုင်ငံများက ၀ိုင်းလုပ်ပေးမှ ဖြစ်တော့မယ် ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မှန်းမသိ ရောက်လာပါတယ်။ မရှိမဖြစ်တဲ့ တိုင်းသူ ပြည်သားတွေရဲ့ ပူးပေါင်းပါဝင်မှု လုပ်အားကို ချန်လှပ်ထားသလို ဖြစ်နေပါတယ်။ အဲတာကိုလည်း ထည့်သွင်းပြောကြားခြင်း မရှိကြပါဖူး။

အင်တာဗျူးခံရသူ ပုဂ္ဂိုလ်အများစုဟာ အကြမ်းမဖက်တဲ့ လူထုတိုက်ပွဲ ဆက်လက်ရှင်သန်ဖို့လိုကြောင်း၊ အရေးကြီး နေဆဲ ဖြစ်ကြောင်း မပြောကြတော့ဘဲ ဂမ်ဘာရီ နောက်တကောက်ကောက် လိုက်ပြီးပြောကြပါတယ်။ လူထုတိုက်ပွဲ ဆက်လက်အားကောင်းဖို့၊ ထိန်းထားဖို့လိုကြောင်း ပြောတဲ့သူက လက်ချိုးရေလို့ ရပါတယ်။ ရေဒီယို ဆိုတာ မြန်မာပြည်မှာ လူအများစုနားထောင်နိုင်တဲ့ အရေးပါတဲ့ တခုတည်းသော မီဒီယာဖြစ်ပါတယ်။ အဲသည့် မီဒီယာ စင်မြင့်ကနေ မိမိ တိုင်းသူပြည်သားများ ကိုတင်ပြတဲ့နေရာမှာ ပေးတဲ့သတင်း မက်ဆေ့ခ်ျက လွဲမနေသင့်ပါဖူး။ အဲသလိုလွဲ နေတာတွေ များလာရင် တိုင်းသူပြည်သားတွေဖက်က စဉ်းစားတဲ့နေရာမှာ သူတို့ ပူးပေါင်းဆောင်ရွက်မှုဟာ လုံလောက်သွားပြီ၊ ကျန်တာတွေကို နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ကုလက ဆက်လုပ်လိမ့်မယ်လို့ အထင်ရောက်နိုင်ပါတယ်။ နိုင်ငံတကာ ထောက်ခံပံ့ပိုးမှုဟာ မရှိမဖြစ်လိုအပ်တာ မှန်ပေမဲ့ တိုင်းသူ ပြည်သားတွေရဲ့ ဆက်တိုက်ပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုးကြားမှုတွေ အပြည့်အ၀ မပါဘဲ အလုပ်မဖြစ်နိုင်ပါ။

ယနေ့ မြန်မာပြည်သားတို့ ရင်ဆိုင်နေရတဲ့ အုပ်စိုးသူဟာ ကောက်ကျစ်တဲ့နေရာမှာ၊ ပေးထားတဲ့ ကတိကို ဖျက်တဲ့နေရာမှာ၊ အရှက်မရှိမျက်နှာပြောင် တိုက်တဲ့နေရာမှာ အလွန်အတွေ့အကြုံများတဲ့ အုပ်စု ဖြစ်တယ် ဆိုတာကို မေ့မထားသင့်ပါဖူး။

မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ် စလျင်စခြင်းဆိုသလိုပဲ အင်တာဗျူးခံရ သူအများစုဟာ တွေ့ဆုံ ဆွေးနွေးရေး ဆိုတဲ့ ရေကန်ထဲကို ခုန်ချလိုက်ကြပါတယ်။ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးမဲ့ ဒိုင်ယာလော့ဖြစ်စဉ် နောက်ကို အလုံးအရင်းနဲ့ ၀ိုင်းလိုက်ကြတော့တာပါပဲ။ အားလုံးနီးပါး ဒိုင်ယာလော့ ပွဲတော်သို့ ချီတက်ကုန်ပါတယ်။ တိုင်းသူပြည်သားတွေ ထည့်ဝင်ရမဲ့ လုပ်အား၊ ပါဝင်မှု၊ နိုးကြားမှုတွေရဲ့ အဓိကအရေးပါပုံကို တိုက်တိုက်တွန်းတွန်းနဲ့ ပြောမဲ့သူတွေ လေလှိုင်းပေါ်မှာ နည်းသွားပါတယ်။ ဒိုင်လာလော့ဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ အသိဉာဏ်ရှိတဲ့ လူတိုင်း နားလည် ကြပါတယ် မြန်မာတွေ သည်လာက် ဒုံးမဝေးပါဖူး။ အခု ကုလသမဂ္ဂပါလာတယ်၊ အမေရိကန်အစိုးရ အပါအ၀င် အနောက်တိုင်း အစိုးရတွေ ပါလာတယ်၊ ကုန်ကုန် ပြောရရင် အရင်ဆိုငြိမ်နေလေ့ရှိတဲ့ အာရှတန်ဖိုးကို တွင်တွင်အော်လေ့ရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေတောင် စစ်အစိုးရကို ဝေဖန်လာကြပါတယ်။

အဲတာ စက်တင်ဘာလှုပ်ရှားမှုရဲ့ ရလဒ်ကြောင့်ပဲမဟုတ်သလော။ စက်တင်ဘာလူထုလှုပ်ရှားမှုမျိုး တိုင်းပြည်နဲ့ အ၀ှမ်း ထပ်၍ ပေါ်ပေါက်လာဖို့ မလိုအပ်တော့ပြီလော။ စက်တင်ဘာ လှုပ်ရှားမှုတခု တည်းကြောင့် အုပ်စိုးသူများဟာ ဒိုင်ယာလော့ဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုကို ကြည်ကြည် သာသာနဲ့ လက်သင့်ခံလိုက်ပြီလို့ ထင်ပါသလား။ စက်တင်ဘာလှုပ်ရှားမှုတခုတည်းဖြင့် လုံလောက်ပြီဟု တွက်ချက် နေသူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ စက်တင်ဘာလှုပ်ရှားမှု တခုတည်းဖြင့် မြန်မာပြည် အချိုးအကွေ့အတွက် မလုံလောက်သေးပါ။ စစ်အစိုးရသည် လူထုလှုပ်ရှားမှုကို ပို၍ ကြောက်ရွံ့သူ ဖြစ်ပါတယ်။ ဒါကြောင့် လူထုလှုပ်ရှားမှုတွေ ထပ်မံမဖြစ်ပွားအောင် လူထုခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောမည်ဟု လေချိုသွေးလာ ခြင်းသာဖြစ်ပါတယ်။ နိုင်ငံတကာဖိအားကိုလည်း စစ်အစိုးရက တကယ်တန်းတော့ ဂရုမစိုက်ပါ။ တကယ်တန်းသာ စစ်အစိုးရအဖို့ နိုင်ငံတကာဖိအားကို အလေးထားတယ်ဆိုရင် အခုလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ကို ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ဘာကြောင့် မြန်မာပြည်ကနေ မောင်းထုတ်ရသနည်း။

မမေ့မလျော့သင့်တဲ့ အရာနှစ်ခုရှိပါတယ်။ အဲတာတွေကတော့ တကယ်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ကို ရောက်ဖို့ မျက်ရည်တွေ၊ နာကျဉ်မှုတွေ၊ ခါးသီးမှုတွေ၊ ဆုံးရှုံးမှုတွေကို မရေမတွက် နိုင်လောက်အောင် ပေးဆပ်ရတယ် ဆိုတာကို မမေ့သင့်ပါ။ အဲသည့် နာကျဉ်မှုတွေ၊ ခါးသီးမှုတွေ၊ မျက်ရည်တွေဟာ စဉ်ဆက် မပြတ်တဲ့ လူထုလှုပ်ရှားမှု ကနေ မြစ်ဖျားခံလာရတယ် ဆိုတာကိုလည်း မမေ့သင့်ပါ။

နေ့ခင်းအိပ်မက်က နိုးထကြပါ။
ဇော်မင်း (လူ့ဘောင်သစ်)
၁၀ ရက် နိုဝင်ဘာလ၊ ၂၀၀၇ ခုနှစ်

Saturday, November 10, 2007

(၁၀)မိုင်ကုန်းတရားစခန်း ဆရာတော် ဇောတိကရဲ့ လူရည်ချွန်တရားတော်

အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးအတွက် တရားတော်တစ်ပုဒ်ပါ...လူတိုင်းနားထောင်စေချင်ပါသည်၊

မေးခွန်းထုတ်စရာရှိနေပါတယ်

ဒေါ်အောင်ဆန်းစုကြည်ဘက်ကသဘောထားတွေထွက်ပေါ်လာတာတော့ကောင်းပါတယ်။ ဒါပေမဲ့ မေခွန်းထုတ်စရာတွေရှိနေပါသေးတယ်။နအဖဘက်ကအမှန်တကယ်တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင်
၁။ဘာကြောင့်သံဃာတော်တွေကို သတ်ဖြတ်ခဲ့ပါသလဲ။
၂။ဘာကြောင့် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေ၊ ဘေးကနေ ရေသန့်ဘူးစသည် လှူဒါန်းခဲ့ကြသူတွေကို ယခုထိ ဆက်လက်ဖမ်းဆီးနေပါသလဲ။
၃။ဘာကြောင့် ဘုန်ကြီးကျောင်း နှင့် စေတီပုထိုးတွေဆီ သွားရောက်နေကြတဲ့သူတွေအပေါ် အကန့်အသတ်တွေ လုပ်နေပါသလဲ။
၎။ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သံဃာတော်များ နှင့် နိုင်ငံရေးလုပ်ရှားသူတွေ အားလုံးကို မလွတ်သေးပါသလဲ။
၅။ဘာကြောင့် နအဖပိုင် သတင်းမီဒီယာတွေမှာ ယခုထိ မိုးလုံးပြည့်မုသာဝါဒတွေ ပစ်နေသေးပါသလဲ။
၆။ဘာကြောင့် နအဖဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေနဲ့ သုံးပွင့်ဆိုင် တွေ့ဆုံနွေးရေးကို မလုပ်ခဲ့ပါသလဲ။

သာသနာ့ဥသျှောင်ဆရာတော်ကြီးများ၏ အိမ်ဖြူတော်သို့ခရီးစဉ်

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့သော သာသနာ့ဥသျှောင်အဖွဲ့ကြီးမှ ဦးဆောင်ဆရာ တော်များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်များကို သုံးသပ်တင်ပြပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ပြုလုပ်စေနိုင်ရန် အမေရိကန် သမ္မတအကြံပေးအရာရှိနှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

လာမည့်နိုဝင်ဘာ (၉) ရက်နေ့ နေ့လည် (၂) နာရီမှ (၄) နာရီအထိ တွေ့ ဆုံဆွေးနွေးရန် ချိန်းဆိုထားကြောင်း သာသနာ့ဥသျှောင်ပြောခွင့်ရဆရာတော် ဦးပညာနန္ဒမှ ပြောကြားလိုက်သည်။ လိုအပ်ပါက အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် နှင့်တွေ့ဆုံရန်လည်း စီစဉ်မည်ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဘွတ်ရှ်၊ သမ္မတကတော် လော်ရာဘွတ်ရှ်နှင့် ပြည် ထောင်စုအတွင်းရေးမှူး ကွန်ဒိုလီဇာရိုက် တို့သည် မြန်မာ့အရေးကို မျက်ခြေမပြတ် အထူးစောင့်ကြပ် ကြည့်ရှုနေကြသည်။ လွန်ခဲ့သောလကလည်း နအဖစစ်အစိုးရထိပ်ပိုင်းဆိုင်ရာများသို့ တိုက်ရိုက်ထိခိုက်စေနိုင်သော ကန့်သတ်ပိတ်ဆို့မှုများကို စနစ်တကျ ပြုလုပ်ခဲ့သည်။

ယနေ့သတင်းများအရ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုပြုမှုကို နအဖစစ်အစိုးရဘက်မှ ပြောင်ပြောင်တင်းတင်းငြင်းဆိုခဲ့ပြီး စိတ်မ ရှည်နိုင်တော့သော ကမ္ဘာ့အသိုင်းအ၀ိုင်းနှင့် အမေရိကန်သမ္မတတို့၏ သေချာပေါက်ထပ်မံပေါ်ပေါက်လာတော့ မည့် စစ်အစိုးရအပေါ် အရေးယူဆောင် ရွက်မှုအသစ်များကို မြန်မာပြည်သူများက စိတ်အားထက်သန်စွာ စောင့် ကြည့်နေကြကြောင်း။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLDခေါင်းဆောင်များတွေ့ဆုံ

နအဖစစ်ခွေးတွေ ကြောက်လိုက်ပုံများ ဘုရားဖူးဖို့အရေး မှတ်ပုံတင်ပါ ယူခဲ့ရမတဲ့ .. ဗုဒ္ဓံပူဂျေးမိပါကလား
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ တရုတ်သမ္မတ ဟူကျင်းတောင်ဆီ ပို့ဖို့ လက်မှတ်တသန်းပြည့်အောင် အမြန် ထိုးပေးကြပါ။ အခု (၈)သိန်းကျော်နေပါပြီ။ ဒါကြောင့် လက်ဆင့်ကမ်း ဖြန့်ဝေပြီး တသန်းပြည့်အောင် ၀ိုင်းဝန်း လှုံ့ဆော်ပေးကြပါ။ ဒီမိုကရေစီ လိုလားသူတိုင်း ဒီနေရာ ကို click ၍ လက်မှတ် အမြန်ထိုးပေးကြပါ။

Friday, November 9, 2007

ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းထုတ်ပြန်ကြေငြာချက်ကိုဒီနေရာမှာ ဖတ်ပါ၊


ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။

ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။
ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။
“အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။

အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း ကိုယ်တိုင် မြင်တွေ့ခြင်း မရှိသေးကြောင်း ပြောဆိုသည်။ယမန်နေ့က တောင်ဥက္ကလာ မြို့နယ်တွင်လည်း အမှတ် ၂ စက်မှုဝန်ကြီးပိုင် တာယာစက်ရုံနှင့် စက်မှုဇုံ အုတ်တံတိုင်းများတွင် စစ်အစိုးရ ဆန့်ကျင်ရေး အနီရောင် စာတန်းများကို မှုတ်ဆေးဘူးဖြင့် ပက်ဖြန်း ရေးသားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တဦးကလည်း ယခုလို ပြောသည်။“စက်မှုဇုံ ခြံစည်းရုံး အုတ်တံတိုင်းတွေပေါ်မှာနဲ့ လူတွေရှင်းနေတဲ့ လမ်းဘေး အုတ်တံတိုင်းတွေပေါ်မှာ ‘ဘုရားသားတော် သတ်တဲ့ စစ်အာဏာရှင် ... ကျဆုံးပါစေ’၊ ‘သံဃာတော် သတ်တဲ့ မိစ္ဆာတွေ ... ကျဆုံးပါစေ’၊ ‘သန်းရွှေ ... လူသတ်သမား၊ လူလိမ် လူညာကြီး’ အဲဒါတွေ ရေးထားတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်လည်း ယမန်နေ့က စစ်အစိုးရ ဆန့်ကျင်ရေး စာတန်းများနှင့် လူထု လှုံ့ဆော်စာများကို မကြာသေးခင် ရက်ပိုင်းအတွင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ နေအိမ် ခြံစည်းရိုးများ၊ ဓာတ်တိုင်များပေါ်တွင် လိုက်ကပ်နေကြောင်း သိရသည်။အလားတူပင် အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တွင် စတင် ဖွဲ့စည်းခဲ့သည့် မျိုးဆက်သစ် လူငယ် အစည်းအရုံးက CNG (Change New Government) ၊ F.F.F (Freedom From Fear) နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ ဗကသ အမည်ရှိ ကဗျာတို ပါဝင်သည့် ကပ်ခွါစာရွက်များကို အဖွဲ့ ဖွဲ့စည်းပြီး တပတ်ခန့်အကြာမှ စတင်ကာ ရန်ကုန်မြို့ရှိ ယုဇန ပလာဇာ၊ တေးဂီတပွဲများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ကြဲခြင်း၊ လက်ဆင့်ကမ်း ဝေငှခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ယခုလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ အမည်ရှိ အဖွဲ့ကလည်း နအဖ သတင်းစာများကို အမှိုက်ပုံများ၊ လမ်းမများပေါ်သို့ လွှင့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။သည့်အပြင် ရန်ကုန်တိုင်း အတွင်းရှိ ကျောက်မြောင်း၊ တာမွေနှင့် လှည်းတန်း မြို့နယ်တွင် လူငယ်များက နအဖ သတင်းစာများကို လမ်းမအထက် လွှင့်ပစ်ကြသလို မြို့တွင်းရှိ အချို့ အိမ်နံရံများတွင် ‘သန်းရွှေ လိမ်နေတယ်၊ ညာနေတယ်’ ဟူသည့် ပိုစကာများ လိုက်လံ ကပ်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောဆိုကြသည်။

ယခု လဆန်းတွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် Freedom Fighter အဖွဲ့ကလည်း မြို့တွင်းရှိ သစ်ပင်ကြီးများကို သင်္ကန်းစများ လိုက်လံ ချည်နှောင်သည့် ဆန္ဒ ထုတ်ဖော်မှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်၊

ပုန်းအောင်းနေသောဆန္ဒပြသူများရဲ့ဘဝ

Thursday, November 8, 2007

တောင်ဥက္ကလာပတွင် မနေ့ကမနက် (၆)နာရီ၌ Spray Campaign လုပ်ဆောင် (၇-၁၁-၂၀၀၇)

နိုဝင်ဘာ (၇)ရက်နေ့ မနက် (၆)နာရီက တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်မှာရှိတဲ့ အမှတ် (၂)စက်မှုဝန်ကြီး ဌာနပိုင် တာယာစက်ရုံ တရုံရဲ့ အုတ်တံတိုင်း နံရံမှာ “ဘုရား သားတော် သတ်တဲ့ စစ်အာဏာရှင် ကျဆုံးပါစေ” ဆိုတဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာသားတွေကို ကျောင်းသား လူငယ်တွေက မှုတ်ဆေး အနီတွေနဲ့ ပက်ဖျန်ပြီး Spray Campaign တခု လုပ်ဆောင် ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ မနက် (၆)နာရီခွဲ လောက်မှာတော့ အဆိုပါ ကျောင်းသားတွေဟာ လေးထောင့်ကန်လမ်း တာမွေလေး ဂုံးတံတားအနီးမှာ ရှိတဲ့ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် သကြားလုံးစက်ရုံရဲ့ အုတ်တံတိုင်း နံရံပေါ်မှာ “ရဟန်းရှင်လူ ကျောင်းသားပြည်သူ ချက်ချင်းလွှတ်” ဆိုတဲ့ စာသားတွေ ရေးသားပြီး Spray Campaign တခု ထပ်မံ လုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Wednesday, November 7, 2007

သတိရှိကြဘို့လိုပါသည်

မြန်မာနိုင်ငံရဲ့ အရေးဟာ ထင်ထားတာထက် အများကြီး ခက်ခဲနက်နဲ တယ်လို့ ပြောရမှာပါ။ ဆွေးနွေးကြ သုံးသပ်ကြ အမြင်အမျိုးမျိုး ရှုထောင့် အမျိုးမျိုးက တင်ပြနေကြတာတွေလည်း ရှိခဲ့ ရှိနေ နောင်လည်း ရှိနေကြရဦးမှာပါ၊

အဖိနှိပ်ခံ ပြည်သူတွေကတော့ အာဏာရှင်စံနစ် ချုပ်ငြိမ်းရေး တိုက်ပွဲမှာ မအောင်မြင်သေးပါဘူး။ ဘယ်တော့ အောင်မြင်မလဲ ဆိုတာလည်း ဘယ်သူမှ နီးနီးစပ်စပ်တော့ မပြောနိုင်သေးပါဘူး ။ အာဏာရှင် စံနစ်ဆိုတာကလည်း အမြစ်ပြတ်ဖို့ သမိုင်းနဲ့ချီပြီး ကြာတတ်တာ မဟုတ်ပါလား။ပြည်သူမှာတော့ ပိုပြီး နင်းပြားဘ၀ကို ရောက်လာခဲ့တဲ့အပြင် ဘာဥပဒေမှ မရှိတဲ့ စနစ်ဆိုးရဲ့အောက်မှာ လူစဉ်မမီအောင် အဖက်ဖက်က နိမ့်ပါးလာခဲ့တယ်။

မဆလ တပါတီခေတ်က နေ၀င်းနဲ့ အခု နအဖ သန်းရွှေဟာ ကိုယ်ရည်ကိုယ်သွေး အင်မတန်ညံ့ဖျင်းပြီး စိတ်ဓာတ် မူမမှန်တဲ့အပြင် ပြည်သူတွေ အပေါ်မှာစေတနာ မရှိဘူး ။ နိုင်ငံတခုထဲမှာ စစ်တပ်ဆိုတဲ့ နိုင်ငံတစ်ခု တည်ဆောက်ပြီး လက်နက်နဲ့ လူထုကို ဖိနှိပ်ဖို့ အကွက်ကျကျ စီစဉ် ထားတယ်။ စစ်တပ်ထဲမှာ သူ့သြဇာခံမယ့်သူကို ရာထူး အာဏာ ငွေ အခွင့်အရေး အမျိုးမျိုးပေး သိမ်းသွင်းထားတယ်။ဒီနေ့ ပြည်သူတွေ မျှော်လင့်နေတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ စနစ်ကိုရဖို့ ရွှေပြည်တော် မျှော်တိုင်းဝေး နက်ဖြန် သို့မဟုတ် ဘယ်သောအခါ၊ ကမ္ဘာဦးက နေနဲ့လကို မျှော်ရသလို Mission Impossible လိုများ ဖြစ်နေမလား တောင်တွေးမိပါရဲ့။

၁၉၈၈ ဒီမိုကရေစီတိုက်ပွဲနဲ့ အခု ၂၀၀ရ လူထုနဲ့ သံဃာ ဆန္ဒပြ တောင်းဆိုမှုပြုကြတဲ့ ကြားမှာ အနှစ်၂၀ လောက် ကြာခဲ့ပါတယ်။ လုံလောက်တဲ့ အချိန်တခု အတွင်းမှာ ကျွန်မတို့ သာမန်ပြည်သူတွေ ဘာတွေ တွေးလို့ ဘာတွေ လုပ်ကိုင်နေခဲ့ ကြပါသလဲ။ နေ့စဉ် လူမှုဘ၀တွေ ကြားမှာ ရှင်သန်အောင် လုပ်ရင်း အချိန်တွေသာ ကုန်လာခဲ့ကြတယ်။ ချမ်းသာတဲ့ သူတွေနဲ့ ကုန်သည်တွေကလည်း သူတို့ စီးးပွားရေး အင်ပါယာ ချဲ့ဖို့ နဲ့ ကားစီး တိုက်ဆောက်ဖို့ ဗိုလ်ချုပ်တွေနဲ့ အပေးအယူ လုပ်ကြတယ်။ သာမန် လက်လုပ်လက်စားနဲ့ အခြေခံ လူတန်းစားကတော့ ဆင်းရဲဒုက္ခတွေ ကြားမှာ ပညာအခြေခံ မရှိလို့ အတွေးအခေါ် မရှိကြရတဲ့ အထဲမှာ နအဖ က စနစ်တကျ အမှောင်ချထားတော့ ဘာမှ မသိကြဘူး ။ လူဦးရေ အများစုက ဗုဒ္ဓဘာသာပီပီ မရှိမဲ့ ရှိမဲ့ လေး လှူဒါန်းပြီး ၁၂ ရာသီပွဲတော် လေးတွေနဲ့ ရိုးရာစဉ်လာမပျက် ဘ၀နေထိုင်မှု ပုံစံလေးတွေနဲ့ နေကြရရင်ပဲ ကျေနပ် နေကြတာပါ။ တခါတခါ စဉ်းစားကြည့်မိတယ်။ မြန်မာပြည်သူတွေဟာ ကိုယ့်ကိုကိုယ် Military Rule စစ်အာဏာရှင် အောက်မှာ နေကြရတာကို သာမန်လူ မဆိုထားနဲ့ ပညာတတ် လူလတ်တန်းစား အလွှာတွေတောင် သတိထားမိကြပုံ မပေါ်ပါဘူး။ တကယ်တော့ ဒါဟာမဖြစ်သင့်ပါ။

ဒါပေမယ့် ဒီအနှစ် ၂၀လောက် အချိန်အတွင်းမှာ psychology warfare စိတ်ဓာတ်စစ်ဆင်ရေးက အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ ရှိထားတဲ့ ဗိုလ်သန်းရွှေကတော့ ဒီအတိုင်း မနေပါဘူး။ စစ်တပ်ကို လက်ကိုင်တုတ်လို စေလိုရာ စေနိုင်ဖို့ စနစ်တကျ တိုးချဲ့ ဖွဲ့စည်းပြီး စိတ်ဓာတ်တွေကိုလည်း သူ့သစ္စာခံ တပ်ဖြစ်အောင် ပုံစံသွင်းထားတာမို့ တပ်မတော်သားတွေ ဒီမိုကရေစီဘက်ကို ကူးပြောင်းဖို့ ဆိုတာလည်း လက်တွေ့မှာတော့ မဖြစ်နိုင်သေးပါ။ အစိုးရယန္တရားရဲ့ မောင်းနှင်အားဖြစ်တဲ့ ၀န်ထမ်းတွေကိုလည်း ကိုင်တွယ်ရ လွယ်အောင် ဝေးလံတဲ့ဒေသ နေပြည်တော်မှာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ် ထားလိုက်ပါပြီ။ တော်ရုံတန်ရုံနဲ့တော့ ၀န်ထမ်းလောကကို ထိုးဖောက်ဖို့ မလွယ်ကူပါ။အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ အရင်လိုပဲ အမှုမဲ့ အမှတ်မဲ့ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ နေကြဦးမလား။တနေ့တခြား ပိုပိုပြီး စားဝတ်နေရေး ကြပ်တည်းမှုနဲ့ လူချင်းမတူ သူချင်းမမျှ လူသားဂုဏ်သိက္ခာ ရယ်လို့ မရှိတော့ဘဲ အခြေခံအကျဆုးံ အသက်ရှင်ခွင့်တောင် မရေရာတဲ့ ဘ၀တွေနဲ့ ဘယ်အထိ လူလူချင်း ကျွန်ပြု အုပ်ချုပ်တာ ခံကြရဦးမလဲ။ အဖြေကတော့ ဝေးနေဆဲပါ။အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ ဒီအတိုင်းတော့ မနေကြပါနဲ့တော့။ ကိုယ့်ကို ဂုတ်သွေးစုတ်နေတဲ့ မိစ္ဆာတွေကို အပြီးတိုင် မဖယ်ရှားနိုင် သေးခင်မှာတော့ ရနိုင်သလောက် အင်အားတွေ နည်းတွေနဲ့ အခြေနေပေးရင် ပေးသလို လှုပ်ရှားကြပါ။ ပြည်သူတွေ မအေးချမ်းသလို သူတို့ဘ၀တွေလည်း အမြဲပူလောင် နေစေအောင် တိုက်ပွဲပုံ သဏ္ဍာန် မျိုးစုံနဲ့ လှုပ်ရှားကြရပါစို့်။ စားသာ စားနေရပေမယ့် လည်ချောင်းထဲမှာ အရိုးစူးနေအောင် လုပ်တဲ့ ပုံစံမျိုးပေါ့။ ပြည်ပက ဒီမိုကရေစီ လှုပ်ရှားသူများကလည်း ပြည်တွင်းနဲ့ အဆက်မပြတ်စေဘဲ အထဲက အခြေအနေမှန်တွေကို ကမ္ဘာကသိအောင် လုပ်ကြရမယ်။ သူလုပ်နေလို့ ငါလုပ်မှ ဆိုတာတွေလဲ မေ့ထားလိုက်ကြပါ ။ ငိုတတ်တဲ့ ကလေးမှ နို့ စို့ရတာပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှရမှာ ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ ကိုယ့်ပြည်သူကို ချောင်ပိတ်ရိုက်လို့ ရအောင် ကမ္ဘာကြီးက မကျဉ်းမြောင်းတော့ဘူး ဆိုတာတော့ ရူးချင်ယောင် ဆောင်နေတဲ့ ဗိုလ်သန်းရွှေ မသိလို့လား။ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုတွေ စဉ်ဆက်မပြတ်ရအောင် ပြည်တွင်းပြည်ပ နည်းမျိုးစုံနဲ့ မနေမနား ကြိုးပမ်းနေကြဖို့ အရေးကြီးပါတယ်။သာမန်ပြည်သူတွေကလည်း ခုလို သတင်းခေတ်ထဲမှာ နောက်မကျအောင် နိုးနိုးကြားကြားနဲ့ နေကြဖို့လိုပါတယ်။ ရနိုင်သလောက် သတင်းစုတာမျိုး သတင်း ဖလှယ်တာမျိုးတွေလည်း လုပ်ကြဖို့လိုပါတယ်။အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့နေရာမှာ စေ့စပ်ရေးနည်း၊ သံတမန်နည်းတွေကို အကြွင်းမဲ့ အားထားလို့ မရပေမယ့် ရေဆုံးရေဖျား အထိတော့ လိုက်ရဦးမှာ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာလည်း အချိန်တခုမှာ တော်လှန်ရေးတရပ်ကို ဆင်နွှဲဖို့ ပြည်သူအားလုံး ပြင်ဆင်ကြရမယ်လို့ ယုံကြည်မိပါကြောင်း။

မြန်မာပြည်သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲ အောင်ရမည်။

မနှင်းစု

ဂျပန်သတင်းထောက် nagaikenji အသတ်ခံခဲ့ရမှုအတွက်မြန်မာစစ်အစိုးရကို တရားစွဲနိုင်ရေးကြိုးပမ်းသွားမည်၊

ဒီနေရာမှာ ဖတ်ပါ၊

Tuesday, November 6, 2007

ကုလသမဂ္ဂ အထူးသံတမန်နှင့် တွေ့ဆုံမည့်အရေးနအဖ စစ်ခေါင်းဆောင် အေးတိအေးစက် လုပ်နေ.

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး ကင်းစောင်နေသည့် စစ်သားတဦးရန်ကုန် (အေပီ၊ နိုဝင်ဘာ ၅) -
မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂ အထူးသံတမန်နှင့် တွေ့ဆုံ နိုင်ဖွယ် ရှိသည့် ဆွေးနွေးပွဲ မတိုင်မီ အထိန်းသိမ်းခံ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ပတွင် လုံခြုံရေးကို သိသိသာသာ လျှော့ချခဲ့ကြောင်း တနင်္လာနေ့တွင် သံတမန်များက ပြောကြားသည်။

မြန်မာစစ်အစိုးရအား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်အတွက် တိုက်တွန်း ပြောဆိုရန် ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် တတိယနေ့အဖြစ် ကုလသဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် အသစ်ပြောင်းရွှေ့ခဲ့သည့် ရန်ကုန်မြို့ မြောက်ဖက်ရှိ နေပြည်တော်တွင် ရောက်ရှိနေသည်။

စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်အုပ်က အပြင်းအထန် နှိမ်နင်းခဲ့ပြီးနောက် မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့သည်။

စစ်အုပ်စုသည် ဂမ်ဘာရီ၏ ခရီးစဉ် အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်းမရှိဟု သံတမန်များက ပြောကြားသည်။ စစ်အစိုးရ ထိန်းချုပ်ထားသည် မီဒီယာများတွင်လည်း ဂမ်ဘာရီ၏ ခရီးစဉ်ကို ဖော်ပြခြင်း မရှိချေ။

ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြစ်နိုင်ဖွယ်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ လာရောက်ရန် မျှော်လင့်နေသည်ဟု သံတမန်များက ပြောဆိုသည်။

စစ်အုပ်စုက ဒီမိုကရေစီ လိုလားသူများကို အပြင်းထန်ဆုံး နှိပ်ကွပ်နေချိန်တွင် ရာနှင့်ချီသည့် အဓိကရုဏ်း နှိမ်နင်းရေး ရဲများကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ပ ပတ်ပတ်လည်တွင် စောင့်ကြပ်ချထားခဲ့သည်။ မကြာသေးမီ သီတင်းပတ်များအတွင်းက လုံခြုံရေးချထားမှုကို လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ရဲနှစ်ဒါဇင်သို့ လျှော့ချခဲ့သည်။

ယနေ့ တနင်္လာနေ့တွင် ရဲဒါဇင်ဝက် လောက်ကိုသာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြင်ပတွင် တွေ့ရပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေက အင်လျားကန်အတွင်း လှည့်လည် စောင့်ကြပ်နေသည့် ရေတပ်ကင်းလှေကို ဖယ်ရှားခဲ့သည်ဟု သံတမန်များက ပြောဆိုသည်။ သဲအိတ်တွေ ကာထားသည့် ကတုတ်ကျင်းပုံစံ စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားခဲ့သည်။

ဂမ်ဘာရီသည် တနင်္ဂနွေနေ့က အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး လွန်ခဲ့သည့် ၁၈နှစ်အတွင်း ၁၂နှစ် ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း အကျယ်တ၀င့် အသေးစိတ် ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ကြေညာချက်တစောင်တွင် ဖော်ပြခဲ့သည်။

စစ်ဗိုလ်ချုပ်များနှင့် အတိုက်အခံအုပ်စုများအကြား ဆွေးနွေးပွဲဖြစ်မြောက်အောင် အားထုတ်မှု တစိတ်တဒေသအဖြစ် ဂမ်ဘာရီအနေနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ရမည် မရမည်မှာ ယခုအချိန်အထိ မရေမရာ ရှိနေဆဲဖြစ်သည်။

နအဖစစ်ခွေးတွေ ၀ိုင်းရိုက်လို့ သေရတဲ့ ကျောင်းသား မောင်ကိုကိုဝင်း(၂၂နှစ်)ရဲ့

သေဆုံးခဲ့ရသည့် ကျောင်းသား အာဇာနည် မောင်ကိုကိုဝင်း (၂၂နှစ်)သည် စက်တင်ဘာလ (၂၆)ရက်နေ့က နအဖစစ်ခွေးများ၏ လူမဆန်စွာ ၀ိုင်းဝန်းရိုက်နှက်မှုကို ခံရပြီးနောက် ရရှိခဲ့သည့် ဒဏ်ရာများ မသက်သာသဖြင့် သင်္ကန်းကျွန်းစံပြဆေးရုံတွင် တက်ရောက်ကုသရင်း စနေနေ့က သေဆုံးခဲ့ခြင်းဖြစ်သည်၊

Monday, November 5, 2007

“ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီထံကို နအဖကပေးတဲ့ စာတွေက ၀န်ထမ်းတွေ ပြည်သူတွေကို အတင်းလက်မှတ်ထိုးခိုင်းထားတဲ့ စာတွေဖြစ်ပါတယ်တဲ့။”

အခုပြောမည့်အကြောင်းကို ပြောဖို့အတွက် ကျွန်တော်တို့ သေချာစွာ စဉ်းစားခဲ့ရပါတယ်။ ဒါပေမယ့် ဖွင့်ဟ မပြောမိခဲ့မိရင် တိုင်းပြည် နဲ့  လူမျိုးကို လိမ်လည်ရာ ကြမယ့်အဖြစ်ကို အဖြစ်မခံနိုင်တဲ့အတွက် အခုလို အသိပေးရခြင်း ဖြစ်ပါတယ်။

အခု ပြောမယ့် အကြောင်းအရာကတော့ ဆန္ဒမပါပဲ ပြုလုပ်ခဲ့ရတဲ့ နေ့ တစ်နေ့အတွက် ကျွန်တော်တို့အားလုံး စိတ်အဆင်းရဲဆုံးနေ့ ဖြစ်ခဲ့ရတာနဲ့  ပတ်သက်ပါတယ်။

ကျွန်ုပ်တို့ဟာ xxxx တက္ကသိုလ်မှာ xxxx ၀န်ကြီးဌာနက ဖွင့်လှစ်ခေါ်ယူတဲ့ စံပြအင်ဂျင်နီယာ ဆရာဖြစ်သင်တန်းကို တက်ရောက်နေသူများဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ xxxx ၀န်ကြီးဌာနကနေ ပေးအပ်တဲ့ (တိတိကျကျ ပြောရမယ်ဆိုရင် တိုင်းပြည် နဲ့  ပြည်သူလူထုက ပေးအပ်တဲ့) လစာကို စားပြီး ကျောင်းတက်နေကြသူများ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရ၀န်ထမ်းဖြစ်နေရတော့ အခြားဝန်ထမ်းများလို တစ်ခါတစ်ရံမှာ တိုင်းပြည်နှင့်လူမျိုး မျက်နှာမထောက်မိဘဲ ခိုင်းတဲ့ကိစ္စရပ်တွေကို ကိုယ်ရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်နေရတယ်။

ဒီလို မလုပ်ချင်ဘဲ လုပ်နေရတာကတော့ ကိုယ့်ရဲ့ အခြေအနေအရရော ကိုယ်နဲ့ ပတ်သက်နေတဲ့ မိဘများနဲ့  သွေးချင်းသားချင်းများကို အရေးယူမှာ စိုးလို့ ပါ။ သက်ဆိုင်ရာ ဌာနဆိုင်ရာလူကြီးတွေက စာချုပ်များ ချုပ်ဆိုစေပြီးတော့ ကျွန်တော်တို့ အတွက် သတ်မှတ်ပေးထားတဲ့ တာဝန် ထမ်းဆောင်မပြီးမချင်း (ဒါမှမဟုတ်) သတ်မှတ်ပေးထားတဲ့ ငွေကြေးတန်ဖိုး မပေးလျော်မချင်း သူတို့ ခိုင်းစေချက်များကို တစုံတရာ လိုက်နာခြင်းမပြုခဲ့ရင် သူတို့ အနေနဲ့  ကြိက်နှစ်သက်သလို အရေးယူခံမှာဖြစ်လို့  ဖြစ်ပါတယ်။

ပြောချင်တဲ့ အဓိက အကြောင်းအရာကိုတော့ ပြောပြချင်ပါတယ် ။

၎-၁၀-၂၀၀၇ ရက်နေ့ မတိုင်မီ ရက်တွေက ကျွန်တော်တို့အားလုံးကို သက်ဆိုင်ရာဌာနမှုးများမှတဆင့် ကျွန်တော်တို့ အနေနဲ့  နအဖအစိုးရအား ထောက်ခံပါကြောင်း၊ အနောက်နိုင်ငံများရဲ့  ၀င်ရောက်စွက်ဖက်မှုကို မလိုလားပါကြောင်း၊ တိုင်းပြည်အေးချမ်းမှု နဲ့  အေးချမ်းစွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးတို့ကို လိုလားပါကြောင်း၊ ပြည်တွင်းမငြိမ်မသက်မှုများကို မလိုလားပါကြောင်း တို့ကို လက်မှတ်ထိုးစေပြီး ကုလသမဂ္ဂသို့ တင်သွင်းပေးရမယ်လို့ အတင်းခိုင်းလာတာပါ။ ဒါပေမယ့် အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနတွေကို ကျွန်တော်တို့ အားလုံး ကောင်းကောင်း နားလည်လို့  စံပြအင်ဂျင်နီယာ ဆရာဖြစ်သင်တန်းကို တက်ရောက်နေကြတဲ့ ကျွန်တော်တို့  သင်တန်းသား သင်တန်းသူအားလုံး တစ်ယောက်မျှ ဒီအတင်းခိုင်းစေတောင်းဆိုချက်တွေကို လက်မှတ်ထိုးတာ မလုပ်ခဲ့ပါဖူး။

ကျွန်တော်တို့ စိတ်တွေထဲမှာ တစ်ဘက်ကလည်း မြန်မာ့ပြည်အရေးအတွက် ကုလသမဂ္ဂကနေ အကူအညီပေးရေး တောင်းဆိုချက်များကို အင်တာနက်မှာ ၀င်ရောက်လက်မှတ်ထိုးပေးချင် စိတ်များ ပေါက်ဖွားနေပေမယ့် ကျွန်တော်တို့ တစ်တွေ မည်သူတစ်ဦးတစ်ယောက်မျှ မပြုလုပ်ရဲဖြစ်နေကြပါတယ်။

ဒါနဲ့ အပြင်ကျောင်းများတွင် တက်ရောက်နေကြတဲ့၊ ကျွန်တော်တို့ လို အစိုးရ၀န်ထမ်းမဟုတ်တဲ့ ပုံမှန်ကျောင်းသားများကို မေးမြန်းကြည့်ရာတဲ့အခါမှာ သူတို့ တို့အားလုံးကို လည်း သက်ဆိုင်ရာဌာနဆိုင်ရာအာဏာပိုင်တွေက အလားတူခိုင်းစေမှုတွေ ရှိနေကြောင်း၊ ဒါပေမယ့် ဘယ်သူမှ လက်မှတ်မထိုးကြကြောင်း၊ စာမေးပွဲဖြေဆိုခွင့်ပိတ်ပင်မယ်လို့  ချိမ်းခြောက်လာလို့ သာ ကျောင်းသားအချို့ တောင်းဆိုချက်များကို မလုပ်ချင်ဘဲနဲ့  လက်မှတ်ထိုးပေးလိုက်ရကြောင်း သိရပါတယ်။။ဒါနဲ့  ၄-၁၀-၂၀၀၇ နေ့ရောက်တော့ xxxx တက္ကသိုလ် ပါမောက္ခချုပ် xxxx က xxxx တက္ကသိုလ် ပင်မဘွဲ့နှင်းသဘင် ခန်းမမှာ ကျွန်တော်တို့ ၀န်ထမ်းသင်တန်းသား အားလုံးကို ခေါ်ယူပြီးတော့ "တိုင်းပြည်ကို မချစ်ဘူးလား၊ ချစ်ရင် လက်မှတ်ထိုးကြရမယ်" လို့  ဆွဲဆောင်စည်းရုံးပြီးတော့ ကျွန်တော့်တို့အား အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပါတယ်။ ကျွန်တော်တို့အားလုံး လက်မှတ်ထိုးဖို့  ဆန္ဒမရှိလို့  ဘယ်သူမှ လက်မှတ်မထိုးကြသေးပါ။ ဒါပေမယ့် ကျွန်တော်တို့ လက်မှတ်တွေ မရရင် ဆရာမကြီးအတွက် ဒုက္ခရောက်မှာကို စိုးရိမ်ကြတာရော၊ ဆရာမကြီးကိုယ်တိုင် က ဒီိပြဿနာတွေကို သိလို့  ကျောင်းသားတွေကို ငိုယိုတောင်းပန်ခြင်းလာလို့ ရော။ ကျွန်တော်တို့အားလုံးရဲ့ ရှေ့ရေး၊ မိသားစုရှေ့ရေးကို ထိခိုက်မှာ စိုးရိမ်ရလို့ ရော ကျွန်တော်တို့တွေ နောက်ဆုံးမှာ အလုပ်ချင်ဘဲ ဆန္ဒမပါဘဲ လက်မှတ်ထိုးခဲ့ရြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အားလုံး ချက်ချင်းတိုင်ပင်ပြီးတော့ အသင့်လာပေးထားတဲ့ စာရွက်တွေပေါ်တွင် မယုတ်မလွန် အခုလိုဘဲ ဖော်ပြလက်မှတ်ထိုးပေးခဲ့ကြပါတယ်။

၁။ မိမိတို့အားလုံးသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပါသဖြင့် တိုင်းပြည်အေးချမ်းမှုကို လိုလားပါသည်။

၂။ မိမိတို့သည် အေးချမ်းစွာပညာသင်ကြားခွင့်ရရှိမှုကို ချစ်မြတ်နိုးပါသည်။လို့ ဘဲ နအဖအစိုးရအတွက်မဟုတ်ဘဲ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့  အခုလို လက်မှတ်ရေးထိုးဖော်ပြချက်များ၊ တစ်တိုင်းပြည်လုံးရှိ ၀န်ထမ်းများစွာ၊ ကျောင်းသားများတို့ လည်း ကျွန်တော်တို့နဲ့ အလားတူ ဖိအားပေးခံရမှု ကြောင့် ဆန္ဒရင်းမှန်မပါဘဲ လက်မှတ်ထိုးပေးခဲ့ရသော ဖော်ပြချက်များကို နအဖက လက်ရှိ မြန်မာ့နိုင်ငံမှာ စေ့စပ်ညှိနှိုင်းရေး ဖော်ဆောင်ဖို့  ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ကြွားလုံးထုတ်ပြီး တင်ပြလိမ့်မယ်လို့  သိရှိရပါတယ်။ဒါကြောင့်မို့  ကျွန်တော်တို့ ရင်ထဲက မလာဘဲ၊ ဖိအားပေး မှုကြောင့် ရေးသားခဲ့ရတဲ့ ဒီ လက်မှတ်ထိုးဖော်ပြချက်တွေကို အမှန်အတိုင်းသိကြဖို့  မြန်မာတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံး သိရအောင်၊ အထူးသဖြင့် ကုလသမဂ္ဂ ကိုယ်စားလှယ်တော် နဲ့  ကုလသမဂ္ဂ နဲ့  အခြား အရေးပါတဲ့ အဖွဲ့အစည်းတွေ၊ မြန်မာ့အရေးလှုပ်ရှားသူတွေအားလုံးကို မီဒီယာများကနေ တဆင့် မစ္စတာ ဂမ်ဘာရီ မပြန်မီ အလျှင်အမြန် အရေးတကြီးအချိန်မီ တင်ပြပေးစေ လိုပါတယ်။ အားလုံးဝိုင်းဝန်း လုပ်ပေးကြပါ။ မစ္စတာ ဂမ်ဘာရီကို နအဖကပေးမယ့် လက်မှတ်ထိုးစာရွက်စာတမ်းတွေဟာ ကျွန်တော်တို့  ၀န်ထမ်းတွေ ကျောင်းသားတွေ ပြည်သူတွေကို အတင်းဖိအာေးပေးခိုင်းပြီး ခြိမ်းခြောက်ပြီးထိုင်းခိုင်းတဲ့ စာရွက်စာမ်းတွေပါလို့ ။ ကျွန်တော်တို့  ရင်ထဲကတကယ်ဖြစ်စေချင်တာက မြန်မာပြည်အရေးကို ကုလသမဂ္ဂကနေ ထိထိရောက်ရောက် ၀င်ရောက်ဆောင်ရွက်စေချင်တာပါ။

ဤမှန်သော ကျွန်တော်တို့ရဲ့  သစ္စာစကားကြောင့် မြန်မာပြည် အနာဂတ်ခရီး ချောမွေ့ပြီး အသက်သွေးချွေးများ မပေးလှူရပဲ တိုင်းပြည် အေးချမ်းမှုဖွံ့ဖြိုးမှု ကို အချိန်တိုအတွင်း ရရှိပါစေသား။

တာဝန်သိ ပြည်သူတစ်စု။

Sunday, November 4, 2007

Myanmar monks remain defiant

The monks say they will continue a 'religious boycott'

More than 100 Buddhist monks have marched and chanted in northern Myanmar in the first public demonstration since the government's deadly response against pro-democracy supporters in September.
In an exclusive interview with Al Jazeera correspondent Tony Birtley, monks released from detention have vowed to continue their struggle for greater freedom in the country.
When Ibrahim Gambari, the UN envoy, left Myanmar he left behind a country in turmoil, the military in absolute control and a population in fear.One of the monks, who declined to give his name, said he is determined to carry on the fight for freedom.He said: "No, I'm not afraid. But I'm afraid to get arrested, I'm afraid to die because I want to be alive. I want to fight the government, I want to keep away from [being] arrested. I will try."

After the protests, the military government had arrested hundreds of monks and activists. They describe routine beatings and poor conditions within the prisons."I saw so many men - their backs were very red from the beatings. Some of the monks were bleeding from their mouth because the soldiers were hitting them with a stick, and one monk didn't have any teeth left," the monk said.

Myanmar Par Par Lay / Daw Ahmar risk lives to speak out

၂၀၀၇ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော လူထုလှုပ်ရှားမှတ်တမ်း

Saturday, November 3, 2007

တံဆိပ်တော်ခေါင်း ကော်မကပ်ရခြင်းအကြောင်း


မြန်မာစစ်အစိုးရက ထိပ်တန်း အကောင်းစား တံဆိပ်ခေါင်း အသစ်တမျိုး ထုတ်လိုက်ပါတယ်။ နအဖ ခေါင်းဆောင် တပ်ချုပ်ကြီးသန်းရွှေရဲ့ ပုံနဲ့ပါ။တံဆိပ်ခေါင်းသစ်ဟာ စာအိတ်မှာ မကပ်ဘူးဖြစ်နေတဲ့သတင်း ရွှေနားတော် ပေါက်ကြားတော်မူလို့ တပ်ချုပ်ကြီးက အမျက်မာန် ရှတော်မူတာကြောင့် အရေးယူတော်မူဖို့ စစ်ဆေးစေလို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။အဲဒါနဲ့ အထူးစုံစမ်းရေးက်ာမရှင် ဖွဲ့စည်းပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကိုယ်တိုင်ဦးစီးကာ စာတိုက်ကြီးကို ရောက်ချလာပြီး တံဆိပ်တော်ခေါင်း ကော်မကပ်ရတဲ့ အကြောင်းရင်းမြစ်ကို စစ်ဆေးတော်မူပါသတဲ့။
တလတိတိ ကြာအောင် စုံစမ်းစစ်ဆေးပြီးတဲ့ အခါမှာတော့ အထူးစုံစမ်းရေးကော်မရှင်က တံဆိပ်တော်ခေါင်း ကော်မကပ်ရတဲ့ အကြောင်းရင်း ရှာဖွေတွေ့ရှိချက်ကို အောက်ပါအတိုင်း အစီရင်ခံတင်ပြပါတယ်။
(၁) တံဆိပ်ခေါင်းတော်ဟာ တံဆိပ်ခေါင်းအင်္ဂါနဲ့ ပြည့်စုံတယ်။
(၂) ကော်ရှိရ ကပ်ရမယ့် ဘက်မှာလည်း ပြည့်စုံကောင်းမွန်တယ်။
ဒါပေမယ့် …
(၃) တံဆိပ်ခေါင်း သုံးသူများက ကော်သုတ်တဲ့ ဘက်ကို တံတွေးမဆွတ်ဘဲ မျက်နှာစာဘက်ကို တံတွေးထွေးနေတယ် … တဲ့။

(အင်္ဂလိပ်လို ပေးပို့လာတာကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်။ မူရင်းရေးသူရော ပေးပို့သူကိုပါ ကျေးဇူးတင်ပါတယ်။)

နေထူး

ကုလကိုယ်စားလှယ်ကို နအဖ က လက်မခံခြင်းအပေါ် ကုလအတွင်းရေးမှူးချုပ်တုံ့ပြန်

ဒီနေရာမှာဖတ်ပါ၊


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းနှင့် ဆက်သွယ်မေးမြန်းချက်ဒီနေရာမှာနားထောင်ပါ၊၊


နိုင်ငံရေးအဓိပ္ပါယ်ရှိ၍ ပြောင်မြောက်သော ဟာသပျက်လုံးများ တင်ဆက်သည့် လူရွှင်တော်ဦးပါပါလေး၏ အိုးဘိုထောင်တွင်း အတွေ့အကြုံ ဒီနေရာမှာနားထောင်ပါ၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အတွင်းခံဘောင်းဘီနဲ့ ပစ်ကစားလို့ ရပြီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီး အတွင်းခံ ဘောင်းဘီဖြင့် ပစ်ကစားသည့် အင်တာနက် ဂိမ်းတမျိုးကို အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက စတင်ထုတ်လုပ်လိုက်သည်။

“Panties for Peace” ဟု အမည်ရသည့် အဆိုပါဂိမ်းသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ပထမဆုံး ဂိမ်းဖြစ်ပြီး ရွေ့လျား ခုန်ပေါက်နေသည့် ဗိုလ်ချုပ်မှူးကြီးအား အတွင်းခံဘောင်းဘီဖြင့် ပစ်ရသည်။ ဗိုလ်ချုပ်မှူးကြီးအား အတွင်းခံ ဘောင်းဘီ ထိမှန်ပါလျှင် ခန္ဓာကိုယ်တစဆီ ပဲ့ထွက်သွားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်အခြေစိုက်သည့် Lanna Action for Burma အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် အမျိုးသမီး အတွင်းခံဘောင်းဘီများကို မြန်မာသံရုံးသို့ပို့သည့် လှုပ်ရှားမှုအား စတင်လုပ်ဆောင်ခဲ့ကြပြီး စင်ကာပူ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများရှိ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများလည်း လိုက်ပါလှုပ်ရှားကြသည်။
လော့စ်အင်ဂျလီစ်မြို့တွင်နေထိုင်သည့် ကိုအောင်မိုးဝင်းက “မြန်မာပြည်နဲ့ပတ်သက်တဲ့ ဒီလိုဂိမ်းမျိုး တခါမှ မတွေ့ဖူး သေးဘူး။ တော်တော်ထိရောက်တဲ့ message လို့ ပြောရမယ်။ ဆော့ရတာလည်း လွယ်ပါတယ်။ အများစုကတော့ သဘောကျမယ်ထင်တာပဲ” ဟု ဧရာဝတီကို ပြောသည်။
နည်းပညာတိုးတက်ခြင်း၏ အကျိုးကျေးဇူးဖြစ်ပြီး ထိရောက်သည့် လှုပ်ရှားမှုတခုဖြစ်သည်ဟုလည်း ကိုအောင်မိုးဝင်းက ပြောသည်။ ၎င်းဂိမ်းကိုမသိသေးသည့် မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း ဖြန့်ဝေပေးသည်ဟု ဆက်ပြောသည်။

Friday, November 2, 2007

စူးနေသော မျှားနှစ်ချောင်း

ဆုတောင်းမေတ္တာ ပို့သခြင်း သက်သက်မျှသာ လုပ်တဲ့ ရဟန်းသံဃာတွေကို ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်တဲ့ သန်းရွှေရဲ့ စစ်တပ်တွေကို ဘယ်လို အနုနည်းနဲ့ ထပ်မံ ရင်ဆိုင်ဦးမလဲဆိုတာ ကျနော်တို့ လူသာမန်တွေ စဉ်းစားနိုင်ပါသေးသလား။ နောက်ကျန်မယ့် အနုနည်းတွေဟာ လိုက်လျော အလျှော့ပေးခြင်း၊ အညံ့ခံခြင်း၊ ကျိုးနွံ နာခံခြင်းကလွဲလို့ ဘာမှ မဖြစ်နိုင်တော့တာကို အထင်းသား တွေ့နိုင်ပါတယ်။ ဒီလမ်းအတွက်လည်း ရေလာမြောင်းပေး လုပ်သူကလုပ်၊ ဘေးတီး ပေးသူကတီးနဲ့ မြန်မာ့နိုင်ငံရေးဟာ မျှော်လင့်ချက် မဲ့သလို ဖြစ်နေတယ်။

နိုင်ငံခြားကို အားကိုး မျှော်လင့်သူကလည်း မျှော်တယ်။ နိုင်ငံခြားကလည်း ဆွေးနွေးပွဲတွေ ထုတ်ပြန်ချက်တွေ လုပ်ရုံ၊ ကရုဏာကြေးလေး ပေးရုံကလွဲလို့ စစ်အာဏာရှင် ဖယ်ရှားပစ်ရေးကို လေသံတောင် မဟကြတော့ဘဲ ဗြောင်ရက်စက်မှု အလီလီ လုပ်ပြတဲ့ စစ်တပ်အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံဖို့တောင် ပြောနေကြပြီ။ အနှိပ်စက်ခံ မြန်မာပြည်သူများအတွက် အားကိုးရာ မရှိသလိုပါဘဲ။ ကျနော်တို့ ဘာကြောင့် ဒီလို အားကိုးရာမဲ့၊ မျှော်လင့်ချက်မဲ့ ဖြစ်နေရမှာလဲ။ ကျနော်တို့ဟာ ထွန်းပြောင်တဲ့ သမိုင်းရှိတဲ့ ပြည်သူတွေ ဖြစ်ခဲ့ကြတာကို သတိမရ ကြတော့ဘူးလား

သူများကို ဘာကြောင့် အားကိုးချင် ကြတာလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ မယုံကြည်ကြတော့ဘူးလား။ ကျနော်တို့ဘက်က ဘာတွေများ ချို့ယွင်းနေလို့လဲဆိုတာကို အဖြေရှာရပါမယ်။ သေချာပါတယ်၊ ကျနော်တို့ဘက်က ချို့ယွင်းချက်တွေကြောင့်သာ ဒီလောက် ရက်စက် ယုတ်မာတဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေ ကြာရှည် ကြီးစိုးနိုင်တာပါ။ ကျနော်တို့ဘက်က မချို့ယွင်းခဲ့ရင် ဒီတိုင်းပြည်က စစ်အာဏာရှင်တွေ သူ့ကိစ္စနဲ့ သူတောင် ပြီးသွားလောက်ပါပြီ။

ဒီတော့ ကျနော်တို့ဘက်က ချို့ယွင်းချက် တချို့ကို လေ့လာကြည့်ချင်ပါတယ်။ အတိတ်က အကြောင်းတွေ ပြန်ပြောင်း ပြောနေရင်လဲ အငြင်းအခုံ ဖြစ်နေတာနဲ့ လိုရင်း မရောက်တတ်လို့ မျက်မှောက် ကိစ္စကိုပဲ စိစစ်လိုက်ပါတယ်။

ဒီနေ့ ကျနော်တို့ လိုအပ်နေတာက ဘာလဲ။ ကျနော်တို့ လိုအပ်နေတာက “တော်လှန်ရေး” ပါ။ ငြိမ်းချမ်းရေးတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ မဟုတ်သေပါးဘူး။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပါ။ တော်လှန်ရေးဆိုတာ ခြေဆုံးခေါင်းဆုံး ပြောင်းလဲရေးဖြစ်တယ်။ ပြုပြင်ယူတာ မဟုတ်ဘူး။ နအဖ စစ်အာဏာရှင်တွေဟာ ဂိတ်ဆုံးနေပါပြီ။ သူတို့ဟာ အစွယ်ရော အမြီးပါ ပေါက်နေတဲ့ ဘီလူးတွေပါ။ လူသားမစားရင် နေလို့မရတဲ့ အကောင်တွေပါ။ သူတို့ရှိနေသ၍ ကျနော်တို့ ပြည်သူတွေ မရှင်သန်နိုင်ပါဘူး။ လက်ငင်း ဖြစ်ပျက်နေတာတွေဟာ ဒီအချက်ကို သက်သေပြ နေတာပါပဲ။

တော်လှန်ရေးဆိုတာ ဖောက်ပြန်တဲ့ လူတန်းစား တရပ်ကို အခြား တော်လှန်ရေး လူတန်းစားက အကြမ်းဖက် ဖယ်ရှားတာ ဖြစ်ပါတယ်။ အကြမ်းမဖက်ဘဲနဲ့ ဖယ်ရှားလို့ မရပါဘူး။ ဒါကို ပြတ်ပြတ်သားသား ကျနော်တို့လူတွေ ယုံသလား။ မယုံသေးရင် တော်လှန်ရေး မဟုတ်တဲ့ နည်းတွေနဲ့ ထပ်စမ်းဦးပေါ့။နောက်ထပ် ဆယ်စုနှစ် နှစ်စုလောက်။

ကျနော်တို့ ချို့ယွင်းနေတာက တော်လှန်ရေးကို တော်လှန်ရေးလို မလုပ်ခြင်းပါဘဲ။ ရှင်းအောင် ပြောရရင် ရန်သူကို အကြမ်းဖက် မဖြုတ်ချခြင်းပါဘဲ။ ၈၈ ကလည်း ဒီအမှားပဲ။ အခုလည်း ဒီအမှားပါပဲ။

ရန်သူကို အနုနည်းနဲ့ ရင်ဆိုင်လို့ ရန်သူက ပျော့ပျောင်းသွားပြီး ကိုယ့်ကို မသတ်ဘူးလို့ အခုလို အချိန်မှာ ထင်စရာ ရှိပါသေးလား။ ဒီတော့ စစ်အာဏာရှင် ဘီလူးတွေကို ကွယ်ပျောက် စေချင်ရင် အင်အားသုံး အကြမ်းဖက် တိုက်ခိုက်မှ ရမှာပါ။ ပြည်သူလူထုရဲ့ စွမ်းပကားက အင်အားပါပဲ။ ပြည်သူ့ဘက်က အင်အားကို ရန်သူတိုက်ဖို့ မသုံးရင် ကိုယ့်ကိုယ်ကို ကြိုးချည်ပြီး လည်စင်းပေးရာသာ ကျနေလိမ့်မယ်။

တော်လှန်ရေးကို ဆန့်ကျင်လေ့ရှိတဲ့ နိုင်ငံခြားက မြှောက်ပေးတိုင်း စိတ်ကူးမယဉ်မိဖို့ အရေးကြီးပါတယ်။ ဒီတော့ အကြမ်းဖက်ရေးဟာ စစ်အာဏာရှင်လို ရန်သူနဲ့ ရင်ဆိုင်ရာမှာ မသုံးမဖြစ် လိုအပ်ချက်တခု ဖြစ်ပါတယ်။ နိုင်ငံခြားက လူတွေက အချိန်ကြာညောင်းပြီး ရန်သူကို ကျနော်တို့ အောင်ပွဲမဆင်နိုင်ရင် ကျနော်တို့ကိုပဲ အပြစ်တင်ကြပါလိမ့်မယ်။ ကျနော်တို့ကို စွန့်ခွာသွားပါလိမ့်ဦးမယ်။ ဒီတော့ ကျနော်တို့ ကြမ္မာကို ကျနော်တို့ပဲ ဖန်တီးရမှာပါ။

နောက်ချို့ယွင်းချက်က “စေ့စပ်ရေး ရောဂါ” ပါ။ စေ့စပ်ရေးကို လုပ်ဖို့အရေး အချိန်တွေ ဘယ်လောက် ပေးခဲ့ရပြီလဲ။ နအဖက ဒီပဲယင်း လူသတ်မှုလိုဟာမျိုးကို ကျူးလွန်ကတည်းက ကျနော်တို့ သဘောပေါက်သင့်ပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်က ချေမှုန်းရေးပဲ ဖြစ်တာကို အကြောင်းအချက် များစွာမှာ တွေ့နိုင်ပါတယ်။ ကျနော့်တို့ကရော သူတို့လို ဘာကြောင့် ချေမှုန်းရေးစနစ် မသုံးနိုင်တာလဲ။ ဘာတွေက တားဆီးနေပါသလဲ။

စေ့စပ်ရေး မျှော်လင့်ချက်ဟာ ရန်သူချေမှုန်းရေး အဆင့်ကို ဘယ်တော့မှ ရောက်စေမှာ မဟုတ်ဘူး။ ဒီတော့ အပြတ်အသတ် နိုင်စရာ ဘယ်ရှိတော့မလဲ။ နိုင်စရာ မရှိတော့ အားပေး ထောက်ခံတဲ့သူတွေ အထူးသဖြင့် စစ်တပ်ထဲက အရာရှိတွေ ဘက်ပြောင်း လာရဲပါ့မလား။ စေ့စပ်ပြီးရင်လည်း သူတို့က ဒုံရင်း ဒုံရင်းပဲ ဖြစ်မယ်ဆိုတာ သူတို့ သိထားမှာပဲ။ ဘာကြောင့် အလုပ်ရှုပ် ခံကြမှာလဲ။ ဒီတော့ ရန်သူ စစ်အာဏာရှင်ကို ဖြုတ်ချချင်ရင် အခုအချိန်မှာ စေ့စပ်ရေး အတွေးအခေါ် လုံးဝကင်းစင် နေရမယ်။ ဒါမှ မဟုတ်ရင် ဘယ်လို လှုပ်ရှားမှုပဲ လုပ်လုပ် စေ့စပ်ရေး အတွေးအခေါ်ကြောင့် ခဲဆွဲထားသလို လေးကန်နေပြီး တဘက်ရဲ့ ဖြိုချတာကိုပဲ ခံနေရပါလိမ့်မယ်။

ရန်သူကိုလည်း အကျပ်အတည်း အခြေအနေအလိုက် အမြတ်ထုတ်နိုင်အောင် နောက်ဖေးတံခါး ဖွင့်ပေးထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်ဟာ စေ့စပ်ရေး လုပ်သင့်တဲ့ အချိန်မဟုတ်ပါ။ တိုက်ခိုက်ရေး စိတ်ဓာတ်ကိုသာ ပြည်သူတွေကို သွင်းပေးသင့်ပါတယ်။ သန်းရွှေက ဒေါ်စုကို အကန့်အသတ်တွေ လုပ်သလိုပဲ ကျနော်တို့ကလည်း “စေ့စပ်ရေး” ကို သင့်တော်တဲ့ အခြေအနေတရပ် မပေါ်မချင်း လုံးဝ မစဉ်းစားသင့်ပါ။ အခုလို အချိန်ဆိုမှာ ပိုလို့ပင် ဝေးဝေး ရှောင်ရပါလိမ့်မယ်။ အလွန် မသင့်တော်သော အချိန်အခါပါပဲ။

“တော်လှန်ရေး” ဆိုတာ ခက်ခဲ ကြမ်းတမ်းပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝတရားပါ။ ရေဆူတာတို့ မီးတောင် ပေါက်တာတို့ မီးဖွားတာတို့ဟာ အဆင့်တခုအတွက် အားစိုက် ပင်ပန်းကြရတာပါပဲ။ ကျနော်တို့ တော်လှန်ရေး လှုပ်ရှားမှုနဲ့ တူတဲ့ ကိုယ်ခန္ဓာမှာ စူးဝင်နေတာက အဲဒီမျှားနှစ်ချောင်းပါ။ “အကြမ်းမဖက်ရေး” နဲ့ “စေ့စပ်ရေး” ပါ။ အဲဒီမျှားတွေကို နုတ်ပယ်နိုင်တာနဲ့အမျှ တော်လှန်ရေးဟာ အားကောင်းမောင်းသန်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ နုတ်ပယ်နိုင်မှာပါ။
လူတင့် (၁၈-၁၀-၂၀၀၇)