ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကို ထိုင်ဝမ်နိုင်ငံ အခြေစိုက် ထိုင်ဝမ် ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့က ၂၀၀၇ ခုနှစ်အတွက် အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်သည်။
မြန်မာဒုက္ခသည်များကို နှစ်ရှည်လများ စွဲစွဲမြဲမြဲ ကူညီလုပ်ဆောင်ပေးသည့်အတွက် သူမအား ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာသည်။
ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ Wang Jin-pyng က “ဒေါက်တာစင်သီယာမောင်ဟာ ဆရာဝန်တယောက်ရဲ့ တာဝန်အပြင် ဒုက္ခသည်လူထုကို လူ့အခွင့်အရေးတန်ဖိုးတွေ လေးစားသိရှိလာအောင်ရယ်၊ ဒါတွေကို အခြေခံတဲ့လူထုဖြစ်လာအောင်ရယ် ပြောင်းလဲပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့လုပ်ငန်းတွေကိုလည်း နိုင်ငံတကာ အသိုင်းအ၀န်းတွေနဲ့ ချိတ် ဆက်နိုင်ခဲ့တယ်” ဟုပြောသည်။
ဆုပေးပွဲ အခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၁၃) တွင် ထိုင်ဝမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆုနှင့်အတူ အမေရိကန်ဒေါ်လာငွေ (၁) သိန်း ပေးအပ်မည်ဖြစ်သည်။
ဆုချီးမြှင့်ခံရသည့်အတွက် ဒေါက်တာစင်သီယာမောင်က “ကျမတို့ လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်သွားနိုင်ဖို့အတွက် ကူညီပံ့ပိုးပြီး ပေးတဲ့ဆုဖြစ်တယ်” ဟုပြောသည်။
ဒေါက်တာစင်သီယာမောင်သည် ရေမွန်မက်ဆေးဆေးဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၂ ) ဆုရရှိထားပြီးဖြစ်သည်။
ဆုပေးအပ်သည့် ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့ကို ၂၀၀၃ ခု ဇွန်လ၌ ထိုင်ဝမ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အာရှဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆုကို ၂၀၀၆ ခုမှ စတင် ပေးအပ်ခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါဆုကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ရရှိသည်။

0 comments:
Post a Comment