Tuesday, November 27, 2007

စက်တင်ဘာလက မေတ္တာပို့ လမ်းလျှောက်ခဲ့သော မဂ္ဂင် ကျောင်းမှ သံဃာတော်များ နအဖ၏ ရက်စက်မှုခံနေရ

သင်္ကန်းကျွန်းမြို့ နယ် မဂ္ဂင်ကျောင်းတိုက်မှ သာသနာ့ အာဇာနည်များသည် ၁၉၉၀ သံဃာ့ ကံဆောင်မှု သပိတ်တွင် ရှေ့တန်းမှ သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ရုံမျှမက၊ ယခု ၂၀၀၇ စက်တင်ဘာ သံဃာ့ ကံဆောင်ပွဲတွင်လည်း သာသနာ့ တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့ကြသဖြင့် ယခု အခါ ကျောင်းမှ သံဃာတော်များသည် လူကိုခွေးကိုက်ခံရသလို နအဖ၏ရက်စက်မှုများနှင့် တွေ့ကြုံနေရပါသည်။ကျောင်း အတွင်း တပ်စွဲထားသလို စစ်ကား ၇ စီးခန့်ကို တွေ့မြင်ကြရပြီး၊ ထောက်လှမ်းရေးများ၊ ကြံဖွတ်များ၊ စွမ်းအားရှင်များဖြင့် လာသမျှလူများကို ဓါတ်ပုံရိုက်ယူကာ သာသနာ့နယ်မြေကို လက်နက်အားကိုး လူရမ်းကားများက လုပ်ချင်ရာ လုပ်ကိုင်လျှက်ရှိနေကြသည်။လူသား ဖြစ်တည်မှု လူ့အခွင့်အရေးအရ မည်သူမဆို သွားလာနိုင်သော နေရာများကို အဆိုပါ နအဖ လူရမ်းကား တစ်စုက လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကာ လာသမျှလူကို ဓါတ်ပုံရိုက် ခြိမ်းခြောက် မှတ်တမ်းတင်လျှက်ရှိနေသည်မှာ သူခိုးကြီးတော့ ဒမြ၊ ဒမြကြီးတော့ အစိုးရ ဆိုသလို နအဖသည် သူခိုး၊ ဒမြဂိုဏ်း အကြီးစားဖြစ်ကြောင်း သူတို့၏ လုပ်ရပ်က သက်သေပြလျက်ရှိပါသည်။

နအဖ၏ရက်စက်စွာ နှိပ်စက် နှိမ်နှင်းမှုများကြောင့် ကျောင်းတွင် သံဃာတော်များ မရှိသလောက် နည်းသွားပြီး ယခု အခါတွင် ကိုရင်ငယ်များနှင့် သံဃာတော် အနည်းငယ်သာ သတင်းသုံးနေထိုင်လျှက်ရှိသည်။စက်တင်ဘာလတွင် နအဖ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကျောင်းမှာ သာသနာ့ အာဇာနည် ဆရာတော် ဦးအိန္ဒက သည် ၂၆ စက်တင်ဘာတွင် ဖမ်းခံခဲ့ရပြီး နအဖ၏ ငရဲခန်း စစ်ကြောရေးတွင် ၁၃ ရက်ကြာ စစ်ဆေးခံခဲ့ရပြီး ပြန်လွတ်လာခဲ့သည်။ ထို့နောက် ၃ ရက် အကြာတွင် ပျံလွန်တော်မူခဲ့ပါသည်။ ပျံလွန်တော်မူခဲ့သော ဆရာတော် ဦးအိန္ဒက၏ ဓါတ်ပုံကို အောက်တွင် ဖူးမျှော်နိုင်ပါသည်။ ထို့အပြင် လက်ရှိအချိန်အထိ ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဣသိယသည် ယခု အချိန်အထိ နအဖ၏ ဖမ်းဆီးခြင်းကို ခံနေရပါသည်။ နအဖကြေငြာသော သံဃာအတုများနှင့် အကြမ်းဖက်သူများကိုသာ ဖမ်းဆီးထားလျှက်ရှိပါသည်ဆိုလျှင် အဆိုပါ ကျောင်းထိုင်ဆရာတော် ဦးဣသိယသည် ရဟန်း အတုလား၊ အကြမ်းဖက်သူလားဟု မေးမြန်းစရာ ပေါ်လာပါသည်။ ကြည့်လည်း လိမ်ပါဦး နအဖရယ်လို့သာ ပြောရမလိုဖြစ်နေပါသည်။ အဖမ်းခံထားရသော ကျောင်းထိုင်ဆရာတော် ဦးဣသိယ ကို အောက်တွင် ဖူးမျှော်နိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာ သမိုင်းတွင် မဂ္ဂင်ကျောင်းတိုက်မှ ဆရာတော်များသည် လူမဆန် ရက်စက်သော ဘာသာမဲ့ သန်းရွှေဦးဆောင်သော နအဖ လက်အောက်တွင် သာသနာ့တာဝန်ကို အသက်ပေး၍ တာဝန်ထမ်းဆောင်ခဲ့ကြောင်း အသိအမှတ်ပြု မှတ်တမ်းတင်ကာ၊ ဤနေရာမှ ရိုသေမြတ်နိုးစွာ လက်အုပ်မိုး၍ ရှိခိုးပူဇော် လိုက်ပါသည် ဘုရား ...... ။
ရိုသေစွာဖြင့်
မဂ္ဂင်ကျောင်း၏ ကထိန်သတင်းကို DVB တွင် ကြည့်နိုင်ပါသည်။

0 comments: