Thursday, November 29, 2007

ကုလအထူးသံတမန် ဂမ်ဘာရီကို ပြည်ထဲရေးဝန်ကြီး မောင်ဦး ပြင်းပြင်း ထန်ထန်ဝေဖန်

နအဖ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မောင်တောမြို့၌ ပြုလုပ်ခဲ့သည် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ကုလ အထူးသံတမန် ဂမ်ဘာရီအား ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၀န်ထမ်း တဦးက“သူက ဂမ်ဘာရီဟာ ရိုးသားမှုမရှိဘူး။ လာကတည်းက ထောင်သား အယောက် ၂၀ စာရင်းကို ကိုင်ပြီးလာတယ်၊ သူတို့နဲ့ တွေ့ဖို့တောင်းတယ်။ အမေရိကန် အစိုးရ အကြိုက် လိုက်လုပ်နေတယ်။ နိုင်ငံတော် အကြီးအကဲ ၅ ဦးနဲ့ တွေ့ပေးလိုက်တယ်။ သူမကျေနပ်ဘူး။ ပြန်သွားတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်ရောက်တော့ ကျနော်တို့ မကောင်းကြောင်း ပြောသွားတယ်။ ဒီလူတွေကို ယုံလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြ။ ဒီနိုင်ငံ တိုးတက်မယ့် အလုပ် ဘယ်နိုင်ငံခြားသားမှ လာလုပ်ပေးမှာ မဟုတ်ဘူး။” စသဖြင့် ပြောကြား သွားသည်ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီး မောင်ဦးသည် မောင်တောမြို့တွင် ဆောက်လုပ်မည့် သိန်း ၁၈၀၀ ကုန်ကျမည့် ခရိုင်ရုံးသစ် ဆောက်လုပ်ရေးအတွက် နိုဝင်္ဘာလ ၂၄ ရက်နေ့က ဆွေးနွေးရန် လာရောက်စဉ် ဂမ်ဘာရီ မကောင်းကြောင်းကို ပြောသွားခြင်း ဖြစ်သည်။“ သူက ၀န်ထမ်းတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဂမ်ဘာရီ မကောင်းကြောင်းပြောတော့ ဒါဟာ အစိုးရရဲ့ သဘောထားမျိုး သက်ရောက်တယ်။ တနည်းအားဖြင့် ပြောရရင် ဒါဟာ ကုလသံတမန် ဂမ်ဘာရီအပေါ် နအဖ စစ်အစိုးရရဲ့ ထားရှိတဲ့ သဘောထား ဖြစ်ပါတယ်။”ဟု ၀န်ထမ်းက ပြောသည်။အစည်းအဝေးသို့ မောင်တောခရိုင်မှ တာဝန်ရှိသူများ၊ နစက တပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်း စုစုပေါင်း ၁၅၀ တက်ရောက် ခဲ့သည်။အစည်းဝေးကို မောင်တောမြို့ ခယကရုံး တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ညနေသုံးနာရီ မှ ငါးနာရီထိ ပြုလုပ်ခဲ့သည်။ဝန်ကြီး မောင်ဦးသည် မောင်တောတွင် ရောက်ရှိနေစဉ် နစက ဌာနချုပ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ညနေပိုင်းတွင် ဘုးသီးတောင်သို့ ပြန်သွားခဲ့သည်။
“ ၀န်ကြီးမောင်ဦး လေသံက အရင်ကနဲ့ မတူဘူး။ တော်တော် ပျော့ညံ့နေတယ်။ ၀န်ထမ်းတွေကို စည်းရုံးတဲ့ အနေနဲ့ ပြောသွားတာ။ အရင် ရခိုင်ပြည်နယ်မှာ တိုင်းမှူးဘ၀ ရှိစဉ်က ပြောခဲ့တဲ့ လေသံမျိုး မဟုတ်တော့ဘူး။ တခြားစီဖြစ်နေတယ်။ ၀န်ထမ်းတွေ အပေါ် နိုင်ငံတော်က ဘယ်လောက်ထိ တာဝန်ကျေသလဲဆိုတာကို ပြောတာကတော့ တကယ့် စည်းရုံးရေး သမားတဦးလိုပါဘဲ။” ဟု အဆိုပါ ၀န်ထမ်းကပြောသည်။ဝန်ကြီး မောင်ဦးသည် အနောက်ပိုင်းတိုင်း တိုင်းမှူးဘ၀ဖြင့် ရှိနေစဉ် ရခိုင်အမျိုးသားများ အပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွက်ခဲ့ပြီး ရခိုင်ပြည်နယ် စီးပွားရေး တခုလုံးကို နလံ မထူနိုင်အောင် ဖျက်ဆီး ပစ်ခဲ့သူ တဦးဖြစ်သည်ဟု ရခိုင်အမျိုး သားများက အမြင်ရှိကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အား အုပ်ချုပ်ခဲ့သော တိုင်းမှူးထဲတွင် တိုင်းမှူးမောင်ဦးမှာ အဆိုးဆုံးဖြစ်ကြောင်းကို ရခိုင်အမျိုးသားများက မှတ်တမ်းတင်ထားခြဲ့ကပြီး သူပြောခဲ့သော “မောင်ဦးလက်သီး လူမရွေး”ဆိုသော စကားမှာလည်း ရခိုင်လူထုအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေသော စကားရပ် တခုဖြစ်နေကြောင်း အဆိုပါ ၀န်ထမ်းကပြောသည်။

0 comments: