ပြီးခဲ့တဲ့စက်တင်ဘာလမှာ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုတိုက်ပွဲတရပ် ဖြစ်ခဲ့ပါတယ်။ ဒါကိုအုပ်စိုးသူ စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းတာလဲ အားလုံးအသိပါ။ ထောင်သွင်းအကျဉ်းချ ခံရတဲ့သူများလည်း ထောင်ဂဏန်း ရှိနေဆဲပါ။ အဲသည့် အကျိုးဆက်အဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို စစ်အစိုးရ ခံနေရတာလဲ အများ မျက်မြင်ပါ။
သည့်နောက် ဆက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေ အပေါ်အမှီပြုပြီး ဆက်ပြောလို၊ အကြံပေးလိုပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီးတော့ စစ်အာဏာရှင်အုပ်စိုးမှုကို တိုက်ဖျက်တဲ့နေရာမှာ အထူးသဖြင့် အကြမ်းမဖက် တိုက်ပွဲများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အကြမ်းမဖက်တိုက်ပွဲနဲ့ အကြမ်းဖက် တိုက်ပွဲတို့မှာ ကွာခြားချက်ရှိပါတယ်။ ဘောဂဗေဒ စကားနဲ့ ပြောမယ်ဆိုရင် အကြမ်းဖက်တိုက်ပွဲမှာ အကြမ်းဖက် အဖွဲ့အစည်းများက အဖွဲ့ဝင်တွေရဲ့ လုပ်အားထည့်ဝင်မှုက အဓိကဖြစ်ပါတယ်။ သို့သော် အကြမ်းမဖက် တိုက်ပွဲရဲ့ ဖြစ်စဉ်က တကယ်တန်း ပြောမယ်ဆိုရင် ပြည်သူ အများစုဟာ သူတိုရဲ့ လွတ်မြောက်ရေးအတွက် သူတို့လုပ်အား ကို သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင် ထည့်ဝင်တာပဲ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေရဲ့ လုပ်အားထည့်ဝင်မှုက အဓိကကျပါတယ်။ တဖက်မှာလည်း ပြန်ကြည့်ရင် ခေါင်းဆောင် လုပ်နေသည့်သူများ နိုင်ငံရေးအဖွဲ့အစည်း အဖွဲ့ဝင်များ သက်သက်တွေရဲ့ လက်ထဲမှာပဲ သည်အလုပ်တွေကို လွှဲအပ်ထားတာ မဟုတ်ဘဲ ပြည်သူတို့ ကိုယ်တိုင်လည်း သူတို့အနာဂတ် ကံကြမ္မာ အတွက် ၀င်ရောက် ဆောင်ရွက်တာလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေး အလှည့်အပြောင်းတွေရဲ့ နောက်ဆုံးအဆင့်မှာ ဆိုင်ရာဆိုင်ရာ အရေးကြီးတဲ့ ခေါင်းဆောင်များ ဆုံးဖြတ်ကြတယ် ဆိုတာကလည်း ဟုတ်ပါတယ်။ ငြင်းလို့မရပါ။ သို့သော် ထိုကဲ့သို့အရေးကြီးသော အဆုံးအဖြတ်များ မတိုင်မီ ကာလနဲ့ ဆုံးဖြတ်ရတော့မဲ့ ကာလတွေအထိ တိုင်းသူပြည်သားတွေရဲ့ လုပ်အားနဲ့ ပူးပေါင်းပါဝင်မှုက ထုနဲ့ထည်နဲ့ ဆက်လက် တည်ရှိဖို့ လိုအပ်ပါတယ်။
အဲသလို တိုင်းသူပြည်သားတွေရဲ့ နိုးကြားတက်ကြွ အားကောင်းနေမှုကို ဆက်ထိမ်းထားဖို့လိုပါတယ်။ တချိန်တည်း မှာလည်း တိုင်းသူပြည်သားတွေကို အဖြစ်မှန်အတိုင်း အမြဲတင်ပြနေဖို့လိုပါတယ်။ မလုံလောက်တဲ့ မသေချာတဲ့ သတင်းအချက်အလက်များ အကြားမှာ ပိတ်ဆို့နေအောင် ဖြစ်မဲ့ လုပ်ရပ်များကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။
ဆက်ရှင်းပါ့မယ်။ စက်တင်ဘာလ ပြီးကတည်းက နားထောင်နေရတဲ့ ရေဒီယိုအင်တာဗျူးတွေ အကြောင်း ဖြစ်ပါတယ်။ အင်တာဗျူးခံရတဲ့ လူပုဂ္ဂိုလ်အများစုက နိုင်ငံတကာဖိအားနဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍတွေ ကိုသာ ဦးစားပေး ပြောကြပါတယ်။ မစ္စတာ အီဘရာဟင် ဂမ်ဘာရီရဲ့ နောက်ကို အတော်များများက ၀ိုင်းလိုက်နေသလို ဖြစ်နေပါတယ်။ အတော်လေးကြာလာတော့ မြန်မာပြည်အရေးဟာ ကုလက နောက်ခံပေးထားတဲ့ ဂမ်ဘာရီ အပါအ၀င် အနောက် နိုင်ငံများက ၀ိုင်းလုပ်ပေးမှ ဖြစ်တော့မယ် ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မှန်းမသိ ရောက်လာပါတယ်။ မရှိမဖြစ်တဲ့ တိုင်းသူ ပြည်သားတွေရဲ့ ပူးပေါင်းပါဝင်မှု လုပ်အားကို ချန်လှပ်ထားသလို ဖြစ်နေပါတယ်။ အဲတာကိုလည်း ထည့်သွင်းပြောကြားခြင်း မရှိကြပါဖူး။
အင်တာဗျူးခံရသူ ပုဂ္ဂိုလ်အများစုဟာ အကြမ်းမဖက်တဲ့ လူထုတိုက်ပွဲ ဆက်လက်ရှင်သန်ဖို့လိုကြောင်း၊ အရေးကြီး နေဆဲ ဖြစ်ကြောင်း မပြောကြတော့ဘဲ ဂမ်ဘာရီ နောက်တကောက်ကောက် လိုက်ပြီးပြောကြပါတယ်။ လူထုတိုက်ပွဲ ဆက်လက်အားကောင်းဖို့၊ ထိန်းထားဖို့လိုကြောင်း ပြောတဲ့သူက လက်ချိုးရေလို့ ရပါတယ်။ ရေဒီယို ဆိုတာ မြန်မာပြည်မှာ လူအများစုနားထောင်နိုင်တဲ့ အရေးပါတဲ့ တခုတည်းသော မီဒီယာဖြစ်ပါတယ်။ အဲသည့် မီဒီယာ စင်မြင့်ကနေ မိမိ တိုင်းသူပြည်သားများ ကိုတင်ပြတဲ့နေရာမှာ ပေးတဲ့သတင်း မက်ဆေ့ခ်ျက လွဲမနေသင့်ပါဖူး။ အဲသလိုလွဲ နေတာတွေ များလာရင် တိုင်းသူပြည်သားတွေဖက်က စဉ်းစားတဲ့နေရာမှာ သူတို့ ပူးပေါင်းဆောင်ရွက်မှုဟာ လုံလောက်သွားပြီ၊ ကျန်တာတွေကို နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ကုလက ဆက်လုပ်လိမ့်မယ်လို့ အထင်ရောက်နိုင်ပါတယ်။ နိုင်ငံတကာ ထောက်ခံပံ့ပိုးမှုဟာ မရှိမဖြစ်လိုအပ်တာ မှန်ပေမဲ့ တိုင်းသူ ပြည်သားတွေရဲ့ ဆက်တိုက်ပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုးကြားမှုတွေ အပြည့်အ၀ မပါဘဲ အလုပ်မဖြစ်နိုင်ပါ။
ယနေ့ မြန်မာပြည်သားတို့ ရင်ဆိုင်နေရတဲ့ အုပ်စိုးသူဟာ ကောက်ကျစ်တဲ့နေရာမှာ၊ ပေးထားတဲ့ ကတိကို ဖျက်တဲ့နေရာမှာ၊ အရှက်မရှိမျက်နှာပြောင် တိုက်တဲ့နေရာမှာ အလွန်အတွေ့အကြုံများတဲ့ အုပ်စု ဖြစ်တယ် ဆိုတာကို မေ့မထားသင့်ပါဖူး။
မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ် စလျင်စခြင်းဆိုသလိုပဲ အင်တာဗျူးခံရ သူအများစုဟာ တွေ့ဆုံ ဆွေးနွေးရေး ဆိုတဲ့ ရေကန်ထဲကို ခုန်ချလိုက်ကြပါတယ်။ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးမဲ့ ဒိုင်ယာလော့ဖြစ်စဉ် နောက်ကို အလုံးအရင်းနဲ့ ၀ိုင်းလိုက်ကြတော့တာပါပဲ။ အားလုံးနီးပါး ဒိုင်ယာလော့ ပွဲတော်သို့ ချီတက်ကုန်ပါတယ်။ တိုင်းသူပြည်သားတွေ ထည့်ဝင်ရမဲ့ လုပ်အား၊ ပါဝင်မှု၊ နိုးကြားမှုတွေရဲ့ အဓိကအရေးပါပုံကို တိုက်တိုက်တွန်းတွန်းနဲ့ ပြောမဲ့သူတွေ လေလှိုင်းပေါ်မှာ နည်းသွားပါတယ်။ ဒိုင်လာလော့ဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ အသိဉာဏ်ရှိတဲ့ လူတိုင်း နားလည် ကြပါတယ် မြန်မာတွေ သည်လာက် ဒုံးမဝေးပါဖူး။ အခု ကုလသမဂ္ဂပါလာတယ်၊ အမေရိကန်အစိုးရ အပါအ၀င် အနောက်တိုင်း အစိုးရတွေ ပါလာတယ်၊ ကုန်ကုန် ပြောရရင် အရင်ဆိုငြိမ်နေလေ့ရှိတဲ့ အာရှတန်ဖိုးကို တွင်တွင်အော်လေ့ရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေတောင် စစ်အစိုးရကို ဝေဖန်လာကြပါတယ်။
အဲတာ စက်တင်ဘာလှုပ်ရှားမှုရဲ့ ရလဒ်ကြောင့်ပဲမဟုတ်သလော။ စက်တင်ဘာလူထုလှုပ်ရှားမှုမျိုး တိုင်းပြည်နဲ့ အ၀ှမ်း ထပ်၍ ပေါ်ပေါက်လာဖို့ မလိုအပ်တော့ပြီလော။ စက်တင်ဘာ လှုပ်ရှားမှုတခု တည်းကြောင့် အုပ်စိုးသူများဟာ ဒိုင်ယာလော့ဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုကို ကြည်ကြည် သာသာနဲ့ လက်သင့်ခံလိုက်ပြီလို့ ထင်ပါသလား။ စက်တင်ဘာလှုပ်ရှားမှုတခုတည်းဖြင့် လုံလောက်ပြီဟု တွက်ချက် နေသူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ စက်တင်ဘာလှုပ်ရှားမှု တခုတည်းဖြင့် မြန်မာပြည် အချိုးအကွေ့အတွက် မလုံလောက်သေးပါ။ စစ်အစိုးရသည် လူထုလှုပ်ရှားမှုကို ပို၍ ကြောက်ရွံ့သူ ဖြစ်ပါတယ်။ ဒါကြောင့် လူထုလှုပ်ရှားမှုတွေ ထပ်မံမဖြစ်ပွားအောင် လူထုခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောမည်ဟု လေချိုသွေးလာ ခြင်းသာဖြစ်ပါတယ်။ နိုင်ငံတကာဖိအားကိုလည်း စစ်အစိုးရက တကယ်တန်းတော့ ဂရုမစိုက်ပါ။ တကယ်တန်းသာ စစ်အစိုးရအဖို့ နိုင်ငံတကာဖိအားကို အလေးထားတယ်ဆိုရင် အခုလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ကို ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ဘာကြောင့် မြန်မာပြည်ကနေ မောင်းထုတ်ရသနည်း။
မမေ့မလျော့သင့်တဲ့ အရာနှစ်ခုရှိပါတယ်။ အဲတာတွေကတော့ တကယ်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ကို ရောက်ဖို့ မျက်ရည်တွေ၊ နာကျဉ်မှုတွေ၊ ခါးသီးမှုတွေ၊ ဆုံးရှုံးမှုတွေကို မရေမတွက် နိုင်လောက်အောင် ပေးဆပ်ရတယ် ဆိုတာကို မမေ့သင့်ပါ။ အဲသည့် နာကျဉ်မှုတွေ၊ ခါးသီးမှုတွေ၊ မျက်ရည်တွေဟာ စဉ်ဆက် မပြတ်တဲ့ လူထုလှုပ်ရှားမှု ကနေ မြစ်ဖျားခံလာရတယ် ဆိုတာကိုလည်း မမေ့သင့်ပါ။
နေ့ခင်းအိပ်မက်က နိုးထကြပါ။
ဇော်မင်း (လူ့ဘောင်သစ်)
၁၀ ရက် နိုဝင်ဘာလ၊ ၂၀၀၇ ခုနှစ်
Sunday, November 11, 2007
နေ့ခင်းအိပ်မက်
သတင်းတင်သူ... thanhtut at 9:55 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment