Friday, November 30, 2007

စည်းလုံးညီညွတ်ကြရန် (၉၂) နှစ်ပြည့်မွေးနေ့၌ လူထုဒေါ်အမာ တိုက်တွန်း

NEJ/ ၂၉
နိုဝင်ဘာ ၂၀၀၇သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အသက် (၉၂) နှစ်ပြည့်မွေးနေ့ကို မန္တလေးမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ယနေ့ကျင်းပ၍ သံဃာတော်အပါး (၁) ထောင်ကို ဆွမ်းကပ်လှူဒါန်းကြောင်း မွေးနေ့ပွဲ တက်ရောက်သူတို့ကပြောကြားသည်။

မွေးနေ့ပွဲသို့ မောင်မိုးသူ၊ မောင်ဝံသ၊ ဒေါက်တာ ခင်မောင်ညို၊ ကျော်ရင်မြင့်၊ ကြည်အောင်၊ကိုလေး၊ ထက်မြက် စသည့် စာပေအနုပညာရှင်များအပါအ၀င် အနယ်နယ်အရပ်ရပ်မှ လူထု ဒေါ်အမာကို ချစ်ခင်လေးစားသူ (၃၀၀) ခန့်က ဒေါ်အမာကို လာရောက်ဂါရ၀ပြုကြကြောင်း သိရသည်။

အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ကျန်းမာရွှင်လန်းဆဲရှိနေသည့် လူထုဒေါ်အမာက“အမေ့မွေးနေ့က (၉၂) နှစ်ပြည့်တဲ့မွေးနေ့။ တနှစ်ပိုပြီးတော့အိုဦးမှာပေါ့။ အိုတဲ့အတွက် ဘာမှ မကောင်းဘူးလေ။ နားရော မျက်စိရော ဘာရော အိုတာပဲ။ ဒါပေမယ့် ဘာတတ်နိုင်မှာတုန်း၊ ဒီလိုပဲခံရမှာပေါ့။ အိုသည်ဖြစ်စေ ပျိုသည်ဖြစ်စေပေါ့နော် လုပ်စရာတွေကတော့ ရှေ့မှာရှိတယ်ဟေ့။ အဲဒါအကုန်လုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့လုပ်နိုင်ရင် တို့သက်သာမှာပဲ။ အမှတ်တရ အမေတော့ ဒါပဲပြောချင်တယ်” ဟုခေတ်ပြိုင်သို့ မွေးနေ့အမှတ်တရစကား ပြောကြားသည်။

ဆရာမကြီး၏ မွေးနေ့ပွဲသို့ နှစ်စဉ်တက်ရောက်နေကြ ဆရာလူထု စိန်ဝင်း၊ ဆရာဒဂုန်တာရာ၊ မြန်မာ့အလင်း သန်းညွန့် တို့လည်း ယခုနှစ် တက်ရောက်လာသည်ကို မတွေ့ရှိကြောင်း ကိုယ်တိုင်မွေးနေ့ပွဲ တက်ရောက်ခဲ့သူ မန္တလေးမြို့မှ စာပေသမားတဦးက ပြောသည်။“ဒီလိုအခမ်းအနားမျိုးကို တက်ခွင့်ရအောင် ကြိုးစားကြတာချည်းပါပဲ၊ အခုလို အမေလူထု ဒေါ်အမာ ပြောနိုင်ဆိုနိုင်နဲ့ ကျန်းမာနေသေးတာ၊ သွားနိုင်လာနိုင် သေးတာကို ၀မ်းသာရပါတယ်၊ အသိမိတ်ဆွေတွေ ဆုံကြရတယ်၊ နောက်နှစ် ဆိုတာက ဒီအခွင့်အရေး ရချင်မှရမယ်၊ သက်ကြီးရွယ်အို ပညာရှင်တယောက် ဖြစ်ပြီး လူအများကို ကိုယ်စားပြုပြောဆို လုပ်ဆောင်မှု တွေအပေါ်မှာ လေးစား ပြီးဒီပွဲကိုတက်တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောပြသည်။
ဆရာမကြီး လူထုဒေါ်အမာ၏ မွေးနေ့ပွဲကို နှစ်စဉ် အမရပူရ မြို့တောင်လေးလုံး ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ယမန်နှစ်က အာဏာပိုင်များ တားမြစ်သော ကြောင့် ဆရာမကြီး၏ သမီးဖြစ်သူ ဒေါ်သန်းရင်မာ နေအိမ်တွင် အကျဉ်းရုန်း၍ ပြုလုပ်ခဲ့ ရသည်။
အဆိုပါ ဆရာမကြီး၏ မွေးနေ့ပွဲသို့ နယ်ပယ်အစုံမှ ဆရာမကြီးကိုလေးစားသည့် ပရိသတ်များက နှစ်စဉ် တက်ရောက်ကြ ရာတွင် ၂၀၀၅ ခုနှစ်က လက်ရှိစစ် အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကလည်း သွားရောက် ဂါရ၀ပြုခဲ့သည်။
စာရေးဆရာနှင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာသည် ကျောင်းသားဘ၀က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ကျောင်းနေဖက်ဖြစ်ခဲ့ပြီး ဒုတိယ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ လူထုဦးလှနှင့် အိမ်ထောင်ကျ ပြီးနောက် လူထုတိုက်ကို ထူထောင်၍ လူထုဂျာနယ်၊ လူထုသတင်းစာများကို ထုတ်ဝေခဲ့သည်။ဆရာမကြီးသည် ကလောင်အမည်ခွဲ ၈ ခုဖြင့် ပင်ကိုရေးနှင့် ဘာသာပြန် စာပေများကို ရေးသားပြုစုခဲ့ပြီး ထင်ရှားသော စာအုပ်များမှာ ၁၉၆၄ ခုနှစ် စာပေဗိမာန် အနုပညာဆိုင်ရာစာပေ ပထမဆုရ ပြည်သူချစ်သော အနုပညာသည်များ၊ မဟာဂီတ၊ ရွှေဒေါင်းတောင် ဆောင်းပါး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်၊ အမေ့ရှေးစကား စသည်တို့ ဖြစ်သည်

0 comments: