Saturday, November 24, 2007

နိုင်ငံရေးတဲ့ ။

မြန်မာနိုင်ငံသား အတော်တော်များများက နိုင်ငံတော်အစိုးရ ရဲ့ ပေါ်လစီ မူဝါဒတွေကို တရားသည်ဖြစ်စေ။ မတရားသည်ဖြစ်စေ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ ဝေဖန်တယ်ဆိုရင်ပဲ နိုင်ငံရေးလုပ်တယ်လို့  ယူဆကြဟန်တူပါတယ်။ နိုင်ငံရေးနဲ့ ငြိစွန်းတယ်။

နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်လိုက်တော့တာပဲ။ အဲဒါပေမဲ့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီ မူဝါဒတွေကို အားပေး ထောက်ခံတဲ့အပြောအဆို အရေးအသားမျိုးပြုလုပ်လာရင်တော့ နိုင်ငံရေးလုပ်တယ်လို့ မယူဆပြန်ဘူး။

အံ့တော့ အံ့သြစရာပါ။ ဒါကြောင့်လဲ

"အကျိုးမပြီး လူမိုက်ကြီးကား
လက်ရုံးအားကိုး ဓါးလှံမိုး၍
ဝို့ ဝို့ ဝါးဝါးပြုတတ်ငြား၏ "

ဆိုတဲ့ မာဃဒေ၀ လင်္ကာထဲကဆိုသလို လူမိုက်ကြီးတို့ အုပ်စု ပြည်သူလူထုအပေါ် ထင်တိုင်း ကြဲ ပြီး ကြမ်းနိုင်ရမ်းနိုင်တာ မဆန်းလှပါဘူး။

နိုင်ငံရေးရဲ့ သဘောအနက်အဓိပါယ်ကို နိုင်ငံရေးသုခမိန်တွေဘယ်လိုဖွင့်ဆိုကြသလဲတော့ မသိဘူး။ စာရေးသူကတော့ ဘာသာရေး အမြင်ရှုထောင့်ကနေပြီး တိုင်းပြည်အုပ်ချုပ်သူဆိုတဲ့ နိုင်ငံတော်အစိုးရ ရဲ့ တာဝန် တွေကို စာရေးသူ နားလည်သလို တင်ပြဆွေးနွေးချင်ပါတယ်။ စာဖတ်သူမိတ်ဆွေများလဲ လိုအပ်တာရှိရင် ဖြည့် စွက်ပေးကြပါ။

လောကမှာမြတ်စွာဘုရားရှင်ပွင့်ထွန်းလာခြင်းဟာ သတ္တ၀ါတွေကောင်းကျိုးချမ်းသာအတွက် ဖြစ်တယ်။ ဒါကြောင့်လဲ ဘုရားရှင်က သူရဲ့ တပည့်သားသံဃာတွေကို ဒေသစာရီ လှည့်လည်ပြီးလောကလူသားတွေရဲ့ ကောင်းကျိုးချမ်းသာအကျိုးငှါ တရားဟောကြလို့ မိန့် တော်မူခဲ့တာပဲ။ သဘောကတော့သာသနာပြုခိုင်းလိုက်တာပဲ။

သာသနာဆိုတာ အဆုံးအမကိုခေါ်တာ။ အဆုံးအမဆိုတာ ဆန့် ကျင်သူမှန်သမျှ ရန်သူလို့ သတ်မှတ်ခိုင်းပြီး အပြတ်ဖျက်ချေမှုန်းခိုင်းတဲ့ လူမိုက်အားပေးတဲ့စကားမျိုးမဟုတ်ဘူး။ အဲဒီ စကားမျိုးက ဒေ၀ဒတ်တို မာန်နတ်တို့ ရဲ့လမ်းစဉ်ဖြစ်တယ်။ ဘုရားရှင်ရဲ့ လမ်းစဉ်ကမေတ္တာကို အခြေခံတဲ့လမ်းစဉ်ဖြစ်တယ်။ ကိုယ်စိတ်နှစ်ပါး ကြမ်းတမ်း ရိုင်းစိုင်းနေတဲ့သူကို ယဉ်ကျေးသိမ်မွေ့ လာအောင် ပြောဆိုဆုံးမတာ သာသနာပြုတာပဲ။ ဒါရဟန်းသံဃာတော်တွေ ပြုလုပ်ရမည့် အလုပ်။ မြတ်စွာဘုရားရှင်လဲ အင်မတန်ကြမ်းတမ်းတဲ့နာဠာဂီရိဆင်မိုက်ကြီးကို မေတ္တာတရားရှေ့ထားပြီး ဆုံးမခဲ့လို့  ဆင်မိုက်ကြီး ယဉ်ကျေးလာတယ်။ နောက် အာဠာဝကဘီလူး ။ အင်္ဂုလိမာလ။ မာန်နတ် စတဲ့ ရိုင်းစိုင်းသူတွေကို မေတ္တာ တရားနဲ့ဆုံးမနိုင်ခဲ့တယ်။ ဒီနေ့ မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခကို သိရှိနားလည်တဲ့ သံဃာတော်တွေကမြတ်စွာဘုရားရှင်ရဲ့ မေတ္တာလမ်းကြောင်း အတိုင်း မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲဒုက္ခ မှ လွတ်မြောက်စေဘို့ လမ်းပေါ်တက် ဆုတောင်းမေတ္တာပို့ ကြတာ လူတိုင်းအသိ။

ဘာနိုင်ငံရေးတောင်းချက်မှမပါဘူး။ နိုင်ငံတော်အကြီးအကဲဆိုသူတွေတောင် ကျမ္မာပါစေကြောင်းဆုတောင်းမေတ္တာပို့ ခဲ့ပါသေးတယ်။ ဒါပေမဲ့ အာဏာရှင်ဆိုတာက ငြိမ်းချမ်းရေးကိုလိုလားတာမဟုတ်ပါဘူး။ သူတို့ လိုလားတာက အာဏာပဲ။အာဏာရဘို့ အာဏာမြဲဘို့ ဆိုရင် ဘာပဲလုပ်ရ လုပ်ရ လက်မနှေးတဲ့လူတွေပါ။အဲဒီလို အာဏာရူးနေတဲ့သူတွေ အုပ်ချုပ်နေတာကို အစိုးရအုပ်ချုပ်နေတာလို့ ပြောလို့ ရမလား။ အစိုးရ ဆိုတာ အခုခေတ်အနေနဲ့ ပြောရရင် လူထုက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြောက်ခြင်းခံရတဲ့အုပ်ချုပ်သူ လူတန်းစားဖြစ်တယ်။ အဲဒီလူတန်းစားက လူထုကို အလုပ်ကျွေးပြုရတယ်။လူထုဆန္ဒကို မဆန့် ကျင်ရဘူး။ ဒါ အခုမှမဟုတ်ဘူး။ ဟိုး ရှေးပဝေသဏီကထဲက ရှိတဲ့ ပေါ်လစီ မူဝါဒဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့သူကို ရာဇာမင်းလို့ ခေါ်ကြတယ်။

ရာဇာ- မင်း ဆိုတာ တိုင်းသူ ပြည်သားတွေကိုသင်္ဂဟတရားလေးပါးဖြင့် ကျေနပ်နှစ်သိမ့်စေတတ်တဲ့အတွက်ကြောင့် ရာဇာ မင်းလို့ ခေါ်တာပါ။ အဲဒီ သင်္ဂဟတရား လေးပါးဆိုတာ ပီယ၀ါစာချစ်ဖွယ်ရာစကားမျိုးကို ပြောတတ်ရပါမယ်တဲ့။ သဘောက မှန်ကန်တဲ့ စကားမျိုးကိုပြောပါ။ မမှန်တဲ့ စကားမျိုးမပြောပါနဲ့ ။

ဒါန- ပေးကမ်းလှူဒါန်းရမယ် တဲ့။ တိုင်းသူပြည်သားတွေထံက မတရားသဖြင့် တောင်းခံတာမျိုး မပြုလုပ်ဘဲ တိုင်းသူ ပြည်သားတွေကို ထိုက်သင့်သည့်အားလျှော်စွာပေးကမ်းထောက်ပံ့ရမယ်ဆိုတဲ့သဘောပါ။

အတ္ထစရိယာ -တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရမယ်။ ကိုယ်ကမဆောင်ရွက်နိုင်ရင် ဆောင်ရွက်နိုင်တဲ့သူကို အားပေးရမယ်။

နောက်တခုက အတ္တသမံ တဲ့ တိုင်းသူ ပြည်သား တွေကို မိမိနှင့်ထပ်တူညီတူညီမျှထားပြီးပြုမူဆက်ဆံရမယ်။ တဘို့ ထဲ မကြည့်ရဘူး။ မျှမျှတတ ရှိရမယ်ဆိုတာပဲ။ အဲဒီ တရားတွေနဲ့ ကျင့်မှ ရာဇာ အုပ်ချုပ်သူ မင်းအစိုးရ လို့ ခေါ်ဆိုနိုင်တာ။

ဒီနေ့ မြန်မာနိုင်ငံက လက်တဆုပ်စာ စစ်အုပ်စုကလက်နက်အားကိုးနဲ့ တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နှိပ်စက်နေခြင်းဟာ အစိုးရ အလုပ် လုပ်နေတာလား။သူခိုးဓမြအလုပ်လုပ်နေတာလားဆိုတာ မေးခွန်းထုတ်စရာကိုမလိုဘူး။လူတိုင်းသိတဲ့ကိစ္စဖြစ်တယ်။

သူခိုးဓမြကို ဆန့်ကျင်တာ ဟာ နိုင်ငံရေးလုပ်တာလား။မတရားတာကို တရားတဲ့ လမ်းကြောင်းပေါ်ရောက်လုပ်တာနိုင်ငံရေးလုပ်တာလား။တရားမျှတမှုနဲ့  ငြိမ်းချမ်းရေး အတွက်လုပ်တဲ့ အလုပ်ကိုနိုင်ငံရေးလုပ်တယ်လို့ ပြောမယ်ဆိုရင်လဲ ပြောကြပေတော့။ ဗဟုဇနဟိတာယ။ ဗဟုဇနသုခါယ လို့ ဟောကြားတော်မူတဲ့ မြတ်စွာဘုရားရှင် တရားတော် အတိုင်းလောကကောင်းကျိုးအတွက်မေတ္တာတရားလက်ကိုင်ထားပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက်ချီတက်ကြရမည့် တာဝန်ဟာ ရဟန်းသံဃာတော်များ အပါအ၀င် ငြိမ်းချမ်းလိုလားသူအားလုံးရဲ့တာဝန်ဖြစ်ပါတယ်လို့ ဆိုပါရစေ။

(ရေးသားသူ - ဒဲ့ဒိုး)။

0 comments: