Wednesday, November 19, 2008

http://www.dawnmanhon.com/သို့လိပ်စာပြောင်းခြင်း

လာရောက်အားပေးဖတ်ရူကြသော ညီအကိုမောင်နှမများသို့ ကျနော်၏ ဘလောက်အား အခက်အခဲ တချို့ကြောင့်

http://www.dawnmanhon.com/

သို့မဟုတ် INDIRECT LINK http://dawnmanhon-dawnmanhon.blogspot.com/

လိပ်စာသို့ ပြောင်းရွှေ့သွားပါသည်။ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

Sunday, November 16, 2008

ကိုမင်းကိုနိုင်အပါအဝင် (၉) ဦးအားနှစ်ရှည်ထောင်ဒဏ် စီရင်ချက်ချပြီး ထောင်ပြောင်းရွေ့ခြင်း


မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ ချုပ် ဒီနေ့ နံနက် ၅ နာရီက နအဖ စစ်အစိုးရက ၈ လေးလုံးမျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေကို နစ်ရှည် ထောင်ဒဏ် တွေချမှတ်ပြီး လူစုခွဲ ကာ ထောင်အသီးသီး သို့  ပြောင်း ရွေ့ လိုက်
ကြောင်း သတင်းရရှိပါတယ်။ ပြောင်း ရွေ့ လိုက်တဲ့ ထောင်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁- ကိုမင်းကိုနိင် နှင့် ကိုကိုကြီး - ကျိုင်းတုံ ထောင်
၂- ကိုဌေးကြွယ် - ဘူးသီးတောင်ထောင်၊
၃- မစုစုနွေး - မန္တလေးထောင်
၎- ကိုပြုံးချို - ကော့သောင်းထောင်
၅- ကိုမြအေး- လာရှိုးထောင်
၆- ကိုလှမျိုးနောင်နဲ့ ကိုအောင်နိင် - ကလေးထောင်
၇- ကိုအောင်သူနဲ့  ကျောင်းသားခေါင်းဆောင် ၈ ယောက် - ပူတာအိုထောင်

အသီးသီး သို့ ပြောင်းရွေ့ လိုက် ကြောင်း သတင်းရရှိပါတယ်။ ဒီလိုပြောင်းရွေ့ တာကတော့ ၈၈ မျိုးဆက်ခေါင်းဆောင်များ အား စိတ်ဓါတ်ကျဆင်းအောင် ရည်ရွယ်တာဖြစ်တယ်လို့  ၈လေးလုံး မျိုးဆက် အဖွဲ့ ဝင်တဦးဖြစ်တဲ့ ကိုအောင်မျိုးတင့်ကပြော ပါတယ်။ သတင်း။ ။ ကိုမိုးသီးဘလောက်မှ

ဖြိုးကြီး။ နိုဝင်ဘာ ၁၅၊ ၂၀၀၈

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရားရုံးတော်ကို မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင် (၆) လချမှတ်၍ မအူပင်ထောင်သို့ ပို့ဆောင်ခံရသည့် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် (၉) ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြန်လည်ပို့ဆောင် လိုက်သည်။


ယနေ့နံနက် (၈) နာရီခွဲခန့်က ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အား မအူပင်ထောင်တွင်း ၌ပင် အီလက်ထရောနစ် ပုဒ်မ (၄) ခု၊ အသင်းအဖွဲ့ (၆) ပုဒ်မတို့ဖြင့် (၁၁) ရက်နေ့၊ နေ့လည်(၁၁) နာရီခန့်က ထောင်ဒဏ် (၆၅)နှစ် ချမှတ်လိုက်ပြီး ယခုကဲ့သို့ ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်သည်။

“မနက်က သူ့တို့မိသားစုတွေ ထောင်ဝင်စာ ပါဆယ်ပို့ဖို့ မအူပင်လိုက်သွားတယ်၊ အဲဒါ ညောင်တုန်းလောက်မှာ သူတို့မိသားစု ကားဖြတ်အသွားမှာကြုံတော့ လှမ်းအော်သွားကြတာ၊ အချုပ်ကားက အလယ်မှာ၊ ရှေ့နောက်မှာက ရဲကားတစီးစီ လိုက်တယ်၊ မိသားစုတွေကတော့ ဆက်ပြီးတော့ မအူပင်ထောင်ကို ကျိန်းသေအောင် သွားစုံစမ်းတယ်၊ ပထမတုန်းက ထောင် အာဏာပိုင်တွေက ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ ပို့သလိုလို မပို့သလိုလို လုပ်တာ၊ နောက် တော့မှ အင်းစိန်ပို့လိုက်တယ်လို့ ပြောတာ”ဟု မိသားစုဝင်များနှင့်နီးစပ်သူတဦးက ပြောသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များမှာ အင်းစိန်ထောင်သို့ နေ့လည် (၂) နာရီခွဲခန့်တွင် ပြန်ရောက်လာပြီးနောက် ထောင်ဝင်စာတွေ့ခွင့်ရသည့်အတွက် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းကို သိရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ထောင်ဝင်စာသွားတွေ့တာ ကိုမင်းကိုနိုင်အစ်မပါတယ်၊ ကိုဌေးကြွယ်အစ်ကိုနဲ့ အစ်မ လိုက်လာ တယ်၊ ကိုမြအေးဇနီး ပါတယ်၊ ကိုပြုံးချိုဇနီး ပါတယ်၊ ကိုဉာဏ်လင်းအစ်ကိုနဲ့ အမေ ပါတယ်၊ ကိုလှမျိုးနောင်ရဲ့အမျိုးသမီး၊ ကိုအောင်သူရဲ့အမျိုးသမီး သူတို့တွေ ပါလာတယ်၊ ကိုကိုကြီးရဲ့ညီ ကိုအောင်ထွန်းလဲ ပါတယ်”ဟု ဆက်ပြောသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များကို အင်းစိန်ထောင် အထူးတိုက်တွင် အခန်း (၉) ခန်းခွဲ၍ ထားရှိကာ ပြန်ရောက်ရောက်ချင်း ကိုအောင်သူကို ဆေးရုံတင်ထားရပြီး ကိုလှမျိုးနောင်လည်း ကျန်းမာရေးအခြေအနေမကောင်းကြောင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဉာဏ်လင်း၏အစ်ကိုက ပြောသည်။

ကျောင်းသားခေါင်းဆောင် (၉) ဦးအား မအူပင်ထောင်တွင် အမိန့်ချမှတ်လိုက်ခြင်းနှင့်ပတ်သက် ၍ “သူတို့ကို အမိန့်ချတာ ဒီမှာချတဲ့ (၁၄) ယောက်ပုံစံအတိုင်းပဲ ချလိုက်တာ၊ ကျနော်တို့အမြင် ကတော့ သူတို့ကို အခုလို ချမှတ်လောက်တဲ့အထိ ဘာအမှုမှ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ခံယူ တယ်၊ အီလက်ထရောနစ်ပုဒ်မကို လေးမှုခွဲပြီး (၁၅) နှစ်ချတယ်ဆိုတာ ဥပဒေအရ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ပဲ ထင်တယ်၊ သူတို့လုပ်ချင်တာ လုပ်တယ်လို့ပဲ ထင်တယ်”ဟု ပြောသည်။

ကျောင်းသားခေါင်းဆောင်များအား အာဏာပိုင်များဘက်မှ ထောင်ပြောင်းခြင်းများပြုလုပ်ခြင်း သည် အကျဉ်းကျနေသူကိုသာမက ကျန်ရှိနေသည့် မိသားစုဝင်များကိုပါ ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ပြီး ကိုမင်းကိုနိုင်တို့အား မနက်ဖြန်တွင် ထောင်ပြောင်းရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“မနက်ဖြန် သူတို့ကို ပြန်ရွှေ့မယ်လို့ ပြောနေတယ်၊ လေယာဉ်ပျံနဲ့ သွားရတဲ့ခရီး မဟုတ်ရင် မီးရထားနဲ့သွားရတဲ့ နေရာလောက်ထိ အဝေးဆုံးကို ပို့မယ်လို့ ကြားနေရတယ်၊ ကျနော်တို့ကို မနက်ဖြန်လာခိုင်းထားတယ်၊ အဲတော့မှပဲသိမှာပါ၊ သူတို့အပါအဝင် အခြားသူတွေလဲ ပါနိုင်တယ်၊ တနေရာထဲကိုပို့မှာတော့ မဟုတ်ဘူး၊ နေရာခွဲ့ပို့မယ်လို့တော့ ပြောတယ်”ဟု ပြောသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် အခြား နိုင်ငံရေးလှုရှားသူများကို ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်မှုအား “ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေက တရားမျှတမှု မရှိဘူး၊ ကျနော် မကျေနပ်ဘူးလို့ ပြောချင်ပါတယ်”ဟု မိသားစုဝင်တဦးက ပြောဆိုသည်။

ဝန်ကြီးဦးအောင်သောင်းတဖြစ်လှဲ ကကလှမ်းရဲ့ အဆင့်မြင့်သတင်းပေး

Saturday, November 15, 2008

မြန်မာစစ်အစိုးရ၏ နောက်ဆုံးပေါ် အဓမ္မထောင်ဒဏ်များ

နိုင်ငံရေးအကျဉ်းသား ၃၉ ဦး၏ မိသားစုဝင်အားလုံး … မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်လျှံ နေကြပါလိမ့်မည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီကျခံစေရန် အမိန့်ချလိုက်ပြီ။ ထို ၁၄ ဦးထဲတွင် အမျိုးသမီး ၅ ဦးလည်းပါဝင်သည်။ တချိန်တည်းတွင် ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် သံဃာတော် ၅ ပါးအပါအဝင် တခြားသော နိုင်ငံရေးသမား ၂၅ ဦး တို့ကို အများဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။ လူသိများ ထင်ရှားသည့် လူ့အခွင့်အရေး လှုပ်ရှား သူ မစုစုနွေးလည်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံရမည်ဖြစ်၏။

ယခုကဲ့သို့ ပြင်းထန်ရှည်လျားသော ထောင်ချ အပြစ်ဒဏ်များကို ပေးလိုက်ခြင်းက စစ်အစိုးရအနေနှင့် ၎င်းတို့ ပြောလေ့ရှိသော “ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ” ဟူသည့် ဆောင်ပုဒ်ကို အမှန်တကယ် အကောင်အထည်ဖော်ပြီဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာက တောင်းဆိုနေသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်ဆိုသည့် အချက်ကို လုံးဝ စိတ်မဝင်စား၊ ဂရုမစိုက်ဟု ပြောလိုက်သလိုလည်း ဖြစ်နေသည်။

ထောင်ဒဏ် ၆၅ နှစ်စီကျခံလိုက်ရသော တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ၁၄ ဦးထဲတွင် ကိုမင်းဇေယျာ၊ ကိုဂျင်မီ (ကိုကျော်မင်းယု) နှင့်ဇနီး မနီလာသိန်း၊ မမီးမီးနှင့် ၁၉၈၈ ခုနှစ်က တက်ကြွ လှုပ်ရှားခဲ့သဖြင့် နှစ်ရှည် အကျဉ်းကျခံခဲ့၊ စွန့်လွှတ် အနစ်နာခံခဲ့ပြီးဖြစ်သည့် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည်။

ထောင်ဒဏ် ၁၅ နှစ်နှင့် ၇ နှစ် အသီးသီး ကျခံပြီးဖြစ်သည့် ကိုဂျင်မီနှင့် မနီလာသိန်းတို့ ဇနီးမောင်နှံ၏ ဝမ်းနည်း ကြေကွဲဖွယ် ဇာတ်လမ်းကို အားလုံးသိပြီးသားဖြစ်သည်။ သူတို့၏ လသားအရွယ် သမီးငယ်လေးမှာ မနှစ်က စက်တင်ဘာအရေးတော်ပုံ အပြီးတွင် ဖခင်ဖြစ်သူ အဖမ်းခံရပြီး မိခင်ဖြစ်သူ ပုန်းရှောင်နေရစဉ် အဘိုးအဘွားများထံ၌ ကျန်ရစ်ခဲ့ရသည်။ ယခုအခါ မိခင်ဖြစ်သူကိုလည်း ဖမ်းဆီး ထောင်ချလိုက်ကြပြီ။

တက်ကြွလှုပ်ရှားသူ ကျောင်းသား ခေါင်းဆောင်အများစု၏ အသက်အရွယ်မှာ ၄၀ ဝန်းကျင်တွင် ဖြစ်နေ ပေပြီ။ ယခု သူတို့ကိုပေးထားသည့် အပြစ်ဒဏ်အတိုင်း နှစ်စေ့ထောင်ဒဏ် ကျခံရမည်ဆိုလျှင် … သူတို့ အားလုံး ထောင်ထဲတွင် သေကြဖို့သာ ရှိတော့သည်။ ၁၉၈၈ နောက်ပိုင်းတွင် စစ်အစိုးရက ၃ နှစ်မှ ၅ နှစ်အထိ သက်မှတ်ခဲ့သည့် ထောင်ဒဏ်မှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အများဆုံး ၁၀ နှစ်အထိ ကြမ်းခင်းဈေး ဖြစ်ခဲ့သည်။ ယခုတော့ ပိုဆိုးနေပြီ … အနာဂတ်တွင် ဒီထက်ပိုဆိုးဖို့သာ ရှိတော့သည်။

၈၈ ဦးဆောင် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းကိုနိုင်အကြောင်း ပြောကြည့်ချင်သည်။ သူနှင့် တခြားသော ကျောင်းသားခေါင်းဆောင် ၈ ဦးတို့မှာ အောက်တိုဘာလ အတွင်းက တရားခွင်ကို မထီမဲ့မြင်ပြုသည်ဆိုသော စွဲချက်ဖြင့် အပြစ်ပေးသည့်အနေနှင့် ထောင် ၆ လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ မျှော်လင့်ရသည်မှာ ကိုမင်းကိုနိုင်နှင့် အဖွဲ့ကိုလည်း မကြာမီ ထောင်ဒဏ် ၆၅ နှစ် သို့မဟုတ် ထိုထက် များသည့်နှစ်များ ချမှတ်အပြစ်ပေးဦးတော့မည်။

ယခုကဲ့သို့ ရှည်လျားပြင်းထန်သော ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို နောင်မလုပ်ရဲအောင် ခြောက်လှန့်လိုက်ခြင်း ဖြစ်နိုင်သည်။ ယခုအခါတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များသာ မကဘဲ ပြင်းထန်ဆိုးရွားသည့် စည်းမျဉ်းများကို ရှေ့နေများအပေါ်တွင်ပါ ချမှတ်ကျင့်သုံးနေကြောင်း တွေ့ရှိရသည်။ အောက်တိုဘာနှင့် နိုဝင်ဘာ ၂ လအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တို့အတွက် အမှုလိုက် ပေးနေသည့် ရှေ့နေ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
နိုင်ငံရေး အကျဉ်းသားများအတွက် အမှုလိုက်ပေးနေသည့် ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက ၎င်းအဖမ်း မခံရခင် “ဓမ္မက အဓမ္မကို တနေ့ မလွဲမသွေအောင်မြင်မှာပါ” ဟု ဧရာဝတီသို့ ပြောခဲ့သေးသည်။

ရှေ့နေများဖြစ်ကြသော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ဦးညီညီထွေးတို့ကို ယခု အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် ဆောင်ရွက်ပေးနေသည့် တခြားသော ရှေ့နေ ၄ ဦးမှာလည်း ရှေ့နေလိုက်ခွင့်လိုင်စင် ပိတ်သိမ်းခြင်း ခံခဲ့ရပြီဖြစ်သည်။

ယခုကဲ့သို့ ပြင်းထန်သော စည်းမျဉ်းများဖြင့် လူ့ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်နေသော်လည်း မတရားမှုကို ဆန့်ကျင်လိုသည့် စိတ်ဓာတ်များကိုတော့ ဖိနှိပ်ကွပ်ညှပ်၍ ရနိုင်မည် မဟုတ်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာ ခံရဲသည့် ခိုင်မာသော ဇွဲနှင့် သတ္တိကို စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းပေ။
ကိုမင်းဇေယျာဆိုလျှင် ၎င်းတို့ကို ၆၅ နှစ် ထောင်ဒဏ်ပေးပြီဟု သိရလျှင်သိရခြင်း “၆၅ နှစ်ပဲလား” ဟု ရဲဝံ့စွာ အော်ခဲ့သည်။ မမီးမီးဆိုလျှင်လည်း “လုံးဝ မကြောက်ဘူးဟေ့” ဟုဆိုကာ သူ၏ သတ္တိကို ထုတ်ဖော်ပြသ ခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်က ယခုကဲ့သို့ အနှစ် ၂၀ လုံးလုံး ယုံကြည်မှုနှင့် ခိုင်မာသော ဇွဲသတ္တိရှိရုံဖြင့် ဒီမိုကရေစီအောင်ပွဲကို မဆွတ်ခူးနိုင် ဆိုသည့်အချက်ပင် ဖြစ်သည်။ ယခုအချိန်တွင် ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေသူများအားလုံးကို စစ်အစိုးရက ပြင်းထန်စွာ ချေမှုန်းလျှက်ရှိသည်။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင် ကျင်းပမည်ဖြစ်ရာ ထိုသတ္တိရှိသူ အားလုံး ထောင်ထဲတွင်သာ နေကြရဖို့ ရှိနေသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အမျိုးမျိုးသော နည်းလမ်းများ သုံးကာ တိုက်တွန်းနေသော်ငြားလည်း စစ်အစိုးရက ငြင်းပယ်မြဲငြင်းပယ် နေခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား စီးပွားရေးပိတ်ဆို့မှု ကျင့်သုံးသူနှင့် စေ့စပ်ဆွေးနွေးရေး အလိုရှိသူဟူ၍ နှစ်ခြမ်းကွဲနေသည်ကို စစ်အစိုးရ ခေါင်းဆောင်များက ကောင်းကောင်း သိနေသောကြောင့် ဖြစ်၏။
ထိုကဲ့သို့ ကမ္ဘာကြီး နှစ်ခြမ်းကွဲနေခြင်းကပင် စစ်အစိုးရအတွက် အောင်ပွဲတခုလိုဖြစ်နေသည်။ နိုင်ငံတကာ မိသားစုများအနေနှင့် လမ်းစဉ် နှစ်ရပ်ကို တရပ်တည်းအဖြစ် ပေါင်းစပ်ကာ စည်းလုံးမှု ရှိသင့်သည်။ စီးပွားရေး ပိတ်ဆို့ခြင်းများ အရေးယူဆောင်ရွက်ကာ တချိန်တည်းတွင် စေ့စပ်ဆွေးနွေးရေး အတွက်လည်း တိုက်တွန်းမှ အောင်မြင်မှုကို သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်နိုင်မည် ဖြစ်သည်။

ဦးဆောင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်ထိ ပြစ်ဒဏ်ပေးခံလိုက်ရသည့် ယခု ကာလတွင် အယူအဆသစ်၊ နည်းလမ်းသစ်တခု အမှန်တကယ်ရှိဖို့ လိုအပ်နေပေပြီ။
ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုသက်ဝင်းအောင် ဆိုလျှင် ၂၀၀၆ ခုနှစ်က အသက် ၃၄ နှစ်အရွယ်၌ မန္တလေးအကျဉ်းထောင်အတွင်း ထောင်ဒဏ် ၅၉ နှစ်ကျခံရင်း ကွယ်လွန်ခဲ့ရသည်။ ၎င်း၏ အစ်ကိုဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုမှာ ယခု မအူပင်ထောင်တွင် ရှည်လျားသည့် ထောင်ဒဏ် အမိန့်ကို သူ့ အပေါင်း အဖော်များနှင့် အတူ စောင့်စားနေရသည်။

စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပမ်းခြင်းက ပို၍ ပို၍ ပြင်းထန်သည်ထက် ပြင်းထန်ကာ ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာခဲ့ပြီ။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသည့် တက်ကြွလှုပ်ရှားသူများ အမြန်ဆုံး လွတ်မြောက်မှု ရရှိရန် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် လမ်းစဉ်အသစ်တရပ်ကို ပုံဖော်ဖန်တီးကာ စစ်အစိုးရကို ကိုင်တွယ်ဖို့ အချိန်တန်ရုံမက အချိန်လွန်၍ပင်နေပြီဟု ဆိုချင်ပါသည်။

ကျော်စွာမိုး
by irrawaddy

X-Warriors ၏ ကြေငြာချက်အမှတ် (၁ - ၂၀၀၈)



အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်

ကိုသက် | နိုဝင်ဘာ ၁၄၊ ၂၀၀၈
ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယာယီရုံးထိုင်လျက်ရှိသည့် ထောင်တွင်းတရားရုံးများက အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီ အသိုင်းအဝန်းနှင့် အင်းစိန်ထောင်အသိုင်းအဝန်းက ပြောဆိုကြသည်။ ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်သည်။
ကိုသန့်ဇင်မျိုးနှင့် ကိုဆန်းဝင်းတို့အပါအဝင် လှိုင်သာယာမှ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုသန့်ဇော်မြင့်အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှာသူများအား နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည့်အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ ပိုများလာသည်ဟုလည်း ဦးဉာဏ်ဝင်းက စစ်အစိုးရကို ဖေဝန်လိုက်သည်။

ကိုသန့်ဇင်မျိုး၏အကိုဖြစ်သူ ကိုသန့်ဇင်ဦးက “တရားမျှတမှုလုံးဝမရှိဘူး … မြန်မာနိုင်ငံတရားစီရင်ရေးစနစ်က ဒီလောက် အထိ ယိမ်းယိုင်သွားပြီဆိုတော့ ကျနော်တို့မြန်မာတမျိုးသားလုံးရဲ့ ဂုဏ်သိက္ခပေါ့ … အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေလည်း အလကားဖြစ်ကုန်ပြီပေါ့” ဟု ပြောသည်။

“အများပြည်သူရှေ့မှောက်မှာ တရားစီရင်နေရာက အမိန့်ချခါနီးကျမှ ဘယ်သူမှလာရောက်ကြားနာခွင့်မရတဲ့ တံခါးပိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာကိုကြည့်ခြင်းအားဖြင့် တရားမျှတမှုရှိတယ် မရှိဘူးဆိုတာ ပေါ်လွင်နေပါပြီ” ဟုလည်း ကိုသန့်ဇင်ဦးက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် မကြည်ကြည်ဝါ၊ ကိုကျော်ဇင်ဝင်း၊ ကိုအောင်ကျော်ဦး၊ ကိုကျော်ကျော်လင်းနှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအား မတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့် နောက်ထပ် ၆ နှစ်၊ ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့် နောက်ထက် ၅ နှစ် ချမှတ်လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့လည်း ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

ယခုအပတ်အတွင်း စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

Friday, November 14, 2008

ဟောင်သရောငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ပန်ကြားလွှာ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများနှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်တော်လက်အောက်ခံ(၉၉၉)အထူးတပ်ရင်း၊အမှတ်(၉၀၁)၊(၉၀၆)။(၉၀၇) ဗဟိုလုံခြုံရေးတပ်ရင်းများနှင့်
ဟောင်သရောငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ပန်ကြားလွှာ

နအဖစစ်အာဏာရှင်ကြီးမိသားစုက လက်သပ်မွေးထားသော ခေတ်ပျက်သန်းကြွယ်သူဌေး တေဇပိုင် ထူး ကုမ္ပဏီက ကရင်ပြည်နယ်တွင်းရှိ ကရင်အမျိုးသားအစည်းအရုံး ထိန်းချူပ်ရာနယ်မြေတွင် မကြာသေးခင်က သစ်ထုတ်လုပ်ငန်းများ စတင်လုပ်ကိုင်နေကြောင်း၊ အဆိုပါ သစ်လုပ်ငန်းနယ်မြေသည် ကေအင်န်ယူ တပ်မဟာ(၆) ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်မြေမှ ၅ မိုင်ကျော် ကော့ကရိတ်ခရိုင်ရှိ မယ့်ကသာ သစ်တောအတွင်းတွင်ဖြစ်ပြီး ကေအင်န်ယူကို အခွန်ပေးဆောင်၍ သစ်ထုတ်လုပ်ငန်းများလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ယင်းသစ်ထုတ်လုပ်ငန်းများအတွက် နှစ်ဘက်အကျိုးဆောင်ပေးနေသော ဘုရားသုံးဆူရှိ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများတွင် ဖော်ပြလာခဲ့သည်။

မီဒီယာများတွင်ဖော်ပြချက်အရ ထူး ကုမ္ပဏီသည် ၎င်းနယ်မြေတွင် သစ်တန်ချိန် ၁၀၀၀ ခန့်ကို ခုတ်လှဲ ခဲ့ပြီးဖြစ်ကြောင်း၊ကေအင်န်ယူ သစ်တောထိန်းသိမ်းရေးဌာန၏ အချက်အလက်များအရ ၎င်းနယ်မြေရှိ ကျွန်းသစ်နှင့် သစ်မာများ ထွက်ရှိရာ ဧက ၅၀၀၀၀ ၀န်းကျင်ရှိ မယ့်ကသာနှင့် ဧက ၂၀၀၀၀ ခန့်ရှိ ကျွန်းချောင်း သစ်တောနှစ်ခုသည် ကေအင်န်ယူ က အဓိက ထိန်းချုပ်ထားသော သစ်တောများဖြစ်သည်ဟုလည်း သိရသည်။

ထူး ကုမ္ပဏီအနေဖြင့် အဆိုပါနယ်မြေများအတွင်းမှ သစ်များထုတ်ယူခွင့်ရရှိရေးအတွက် နယ်မြေခံ တပ်မဟာ(၆)လက်အောက်ခံတပ်များနှင့် အခွန်အခငွေကြေးများ အပေးအယူလုပ်ထားသယောင် သတင်းများ ထွက်ပေါ်နေသော်လည်း ထိုသတင်းကို ဧရာဝတီ က တပ်မဟာ(၆)ရှိ ဗိုလ်ကြီး ထက်နေအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်ရာတွင် ၎င်းက ထူး ကုမ္ပဏီ အနေဖြင့် ယခင်တုန်းက သစ်များထုတ်လုပ်ရန် ခွင့်တောင်းခဲ့ဖူးကြောင်း သို့သော် ၄င်းတို့က ခွင့်မပြုခဲ့ကြောင်း၊ ယခုလည်း ခွင့်မပြုကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရသည်။

အထက်ဖော်ပြပါ အခြေအနေအရပ်ရပ်သည် ယခုပွင့်လင်းရာသီရောက်သည်နှင့် အဆိုပါနယ်မြေအတွင်း တိုက်ပွဲများစဉ်ဆက်မပြတ်ပေါ်ထွက်လာတော့မည်ကို ညွှန်ပြနေပေသည်။ စစ်အာဏာရှင်ကြီး၏ မိသားစုအကျိုးစီးပွား နှင့်တိုက်ရိုက်ပတ်သက်မှုရှိနေသည့်အတွက် တေဇ ပိုင် ထူး ကုမ္ပဏီ၏ သစ်ထုတ်လုပ်ငန်းများ အဟန့်အတား မဖြစ်စေရန် နအဖ က တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တော့မှာသေချာနေသည်။နယ်မြေကျွမ်းကျင်သော ဒီကေဘီအေ တပ်များကို စစ်အာဏားရှင်ကြီး၏ ခါးပိုက်ဆောင် ခေတ်ပျက်သူဌေး တေဇ အကျိုးစီးပွားအတွက် မဖြစ်စလောက်မက်လုံးများပေးကာ ကရင်အချင်းချင်းစစ်ခင်းခိုင်းပေလိမ့်မည်။



(၂)

နိုင်ငံပိုင်သယံဇာတအမျိုးမျိုးကို ၄င်းတို့ကိုယ်ကျိုးစီးပွားအတွက် ထင်သလိုခြယ်လှယ်နေသော နအဖ အစိုးရ အနေဖြင့် ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဒေသခံလူထု၏လူနေမှုဘ၀ မြင့်မားတိုးတက်ရေးအတွက် စေတနာရှေ့ထားဆောင်ရွက်ခြင်းများမရှိသည့်အပြင် လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခြင်း၊ တောပျော်ကရင်တို့ ခိုကိုးရာမရှိအောင် တောရှင်းမြေလှန်လုပ်နေခြင်းများကို ကရင်တစ်မျိုးသားလုံးက အမျိုးသားရေးအသိ အမျိုးသားရေး သတိဖြင့်ကာကွယ်သွားရမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါနယ်မြေများအတွင်း အခြေပြုလှုပ်ရှားနေသော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်တော် လက်အောက်ခံ (၉၉၉)အထူးတပ်ရင်း ၊အမှတ်(၉၀၁) ၊ (၉၀၆) ၊ (၉၀၇) ဗဟိုလုံခြုံရေးတပ်ရင်းများနှင့် ဟောင်သရောငြိမ်းချမ်းရေးတပ်ဖွဲ့တို့အနေဖြင့် အိမ်ကြက်ချင်းအိုးမည်းသုတ် အခွပ်ခိုင်းသည့် နအဖ၏လုပ်ရပ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကရင့်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း၊ ကရင့်မြေပေါ်မှ သဘာဝသယံဇာတ သစ်တောအရင်းအမြစ်များ မပျက်စီး ၊ မပြုန်းတီးစေရေးအတွက်လည်းကောင်း၊ စစ်တပ်အားကိုးဖြင့် လောဘဇော တိုက်ကာ ကရင်ပြည်နယ်အားမီးလောင်တိုက်သွင်းရန်ကြံစည်နေသော တေဇပိုင် ထူး ကုမ္ပဏီ၏သစ်ထုတ်ရေး လုပ်ငန်းများ အထမမြောက်စေရန်အတွက်လည်းကောင်း ကရင်းအချင်းချင်း လက်ချင်းတွဲကျောချင်းကပ်ရတော့မည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းပန်ကြားအပ်ပါသည်။

ကရင်အမျိုးသားအလံတော်အောက်တွင် ကရင်အမျိုးသားထုတစ်ရပ်လုံး သွေးစည်းညီညွတ်ကြပါစို့

ပေးပို့သူ။ ။ မနော်တူး

“ဘယ်သူတွေ ဘာပြောမလဲ ... ဒါ ... တရားဝင်လုပ်တာ”



Thursday, November 13, 2008

မြန်မာနိုင်ငံမှာ အင်းစိန်အကျဉ်းထောင်တွင်းက ထောင်တွင်းတရားရုံးက ဖမ်းဆီး

ထိန်းသိမ်းထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို စီရင်ချက်ချမှတ်ခဲ့ပြီး အများစုဟာ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီလို စီရင်ချက်ချခံခဲ့ရတဲ့၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦး ရှိခဲ့ပါတယ်။ သူတို့အထဲက မနီလာသိန်းဟာ သူတို့အထဲကပဲ ထောင်ဒဏ်ချမှတ်ခြင်းခံရတဲ့ ကိုဂျင်မီရဲ့ဇနီးဖြစ်ပြီး မနှစ်က ကိုဂျင်မီကိုလာရောက်ဖမ်းဆီးစဉ်မှာ ၄ လအရွယ် သမီးကလေးကို ထားရစ်ခဲ့ပြီး တိမ်းရှောင်နေခဲ့
ရာက ဒီနှစ်ထဲမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အခုစီရင်ချက်ချမှတ်ခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးတို့အတွက် လမ်းလျှောက်ဆန္ဒပြကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက် အမှုကို စတင်
စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယ ၀န်ကြီးရုံးက အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေအပေါ် ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်တာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တဲ့ ကြေညာချက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အခု ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခြင်းခံကြရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မိမိတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသတာကလွဲလို့ ဘာမှမဟုတ်မမှန်တာတွေ လုပ်ဆောင်ခဲ့တာမဟုတ်သလိုမြန်မာနိုင်ငံ ကောင်းမွန်တိုးတက်ရေးအတွက် အခြားသူတွေနဲ့ အတူတကွ လုပ်ဆောင်လိုတဲ့ သူတို့ရဲ့ ဆန္ဒပြင်းပြမှုကို အစဉ်အမြဲ ထုတ်ဖော်ပြသနေသူတွေသာ ဖြစ်တယ်လို့
ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယ၀န်ကြီး ဘေးလ်ရာမဲ (Bill Rammell) က ပြောဆို
လိုက်ပါတယ်။
အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တာဟာ ဆိုးရွားနေတဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ကောင်းမွန်တိုးတက်အောင်၊နိုင်ငံရေးမှာ ပါဝင်ပတ်သက် ဆောင်ရွက်မှုတွေ တိုးများလာအောင် လုပ်ဆောင်ဖို့တွေအတွက် မြန်မာအာဏာပိုင်တွေမှာ စိတ်ဆန္ဒမရှိဘူးဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်လို့လန်ဒန်အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ တာဝန်ရှိသူ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က မနေ့ကပြောဆိုလိုက်ပါတယ်။

Wednesday, November 12, 2008

X WARRIORS


ရဲဘော်တို့ ခင်ဗျား ကျနော်တို့ ၏ xwarriors အကြောင်းကို စစ်အာဏာရှင်များ နှင့်နောက်လိုက်နောက်ပါများ သိအောင် လိုအပ်သလို ဖော်ပြပေးစေချင်ပါသည်။
လေးစားလျက်
နောင်ရိုး

ကျောင်းသားခေါင်းဆောင်များကို ထောင် ၆၅ နစ်ချမှတ်


၈ လေးလုံးမျိုး ဆက်ခေါင်းဆောင်များ၁၄ ဦးကို ကို စစ်အစိုးရ ထောင်ဒဏ် ၆၅ နစ် မတရားထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ခေါင်းဆောင်များကတော့
၁- ကိုမင်းဇေယျ
၂- ကိုဂျင်မီ
၃- ကိုဇော်ဇော်မင်း
၎- ကိုသန်းတင်
၅ - ကိုဇေယျ ( လူဘောင်သစ်)

၆- ကိုအံဘွယ်ကျော်
၇- ကိုကျော်ကျော်ထွေး
၈- ကိုပန်တိတ်ထွန်း
၉- ကိုသက်ဇော်
၁၀- မသင်းသင်းအေး (ခ) မမီးမီး
၁၁- မမာမာဦး
၁၂- မနီလာသိန်း
၁၃- မစန္ဒာမင်း
၁၄- မသက်သက်အောင် တို့ ဖြစ်ကြပါတယ်။ မစုစုနွေး ကိုလည်းထောင် ၁၂ နစ်ခွဲ ချမှတ် ပါတယ်။

မင်းကိုနိင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့ ကိုမူ မသိရသေးပါ။ ကိုမင်းဇေယျ က ၆၅ နစ်ထဲလားကွာ ဟု ကြွေးကြော်သွားကြောင်းသိရပါတယ်။