Friday, November 2, 2007

စူးနေသော မျှားနှစ်ချောင်း

ဆုတောင်းမေတ္တာ ပို့သခြင်း သက်သက်မျှသာ လုပ်တဲ့ ရဟန်းသံဃာတွေကို ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်တဲ့ သန်းရွှေရဲ့ စစ်တပ်တွေကို ဘယ်လို အနုနည်းနဲ့ ထပ်မံ ရင်ဆိုင်ဦးမလဲဆိုတာ ကျနော်တို့ လူသာမန်တွေ စဉ်းစားနိုင်ပါသေးသလား။ နောက်ကျန်မယ့် အနုနည်းတွေဟာ လိုက်လျော အလျှော့ပေးခြင်း၊ အညံ့ခံခြင်း၊ ကျိုးနွံ နာခံခြင်းကလွဲလို့ ဘာမှ မဖြစ်နိုင်တော့တာကို အထင်းသား တွေ့နိုင်ပါတယ်။ ဒီလမ်းအတွက်လည်း ရေလာမြောင်းပေး လုပ်သူကလုပ်၊ ဘေးတီး ပေးသူကတီးနဲ့ မြန်မာ့နိုင်ငံရေးဟာ မျှော်လင့်ချက် မဲ့သလို ဖြစ်နေတယ်။

နိုင်ငံခြားကို အားကိုး မျှော်လင့်သူကလည်း မျှော်တယ်။ နိုင်ငံခြားကလည်း ဆွေးနွေးပွဲတွေ ထုတ်ပြန်ချက်တွေ လုပ်ရုံ၊ ကရုဏာကြေးလေး ပေးရုံကလွဲလို့ စစ်အာဏာရှင် ဖယ်ရှားပစ်ရေးကို လေသံတောင် မဟကြတော့ဘဲ ဗြောင်ရက်စက်မှု အလီလီ လုပ်ပြတဲ့ စစ်တပ်အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံဖို့တောင် ပြောနေကြပြီ။ အနှိပ်စက်ခံ မြန်မာပြည်သူများအတွက် အားကိုးရာ မရှိသလိုပါဘဲ။ ကျနော်တို့ ဘာကြောင့် ဒီလို အားကိုးရာမဲ့၊ မျှော်လင့်ချက်မဲ့ ဖြစ်နေရမှာလဲ။ ကျနော်တို့ဟာ ထွန်းပြောင်တဲ့ သမိုင်းရှိတဲ့ ပြည်သူတွေ ဖြစ်ခဲ့ကြတာကို သတိမရ ကြတော့ဘူးလား

သူများကို ဘာကြောင့် အားကိုးချင် ကြတာလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ မယုံကြည်ကြတော့ဘူးလား။ ကျနော်တို့ဘက်က ဘာတွေများ ချို့ယွင်းနေလို့လဲဆိုတာကို အဖြေရှာရပါမယ်။ သေချာပါတယ်၊ ကျနော်တို့ဘက်က ချို့ယွင်းချက်တွေကြောင့်သာ ဒီလောက် ရက်စက် ယုတ်မာတဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေ ကြာရှည် ကြီးစိုးနိုင်တာပါ။ ကျနော်တို့ဘက်က မချို့ယွင်းခဲ့ရင် ဒီတိုင်းပြည်က စစ်အာဏာရှင်တွေ သူ့ကိစ္စနဲ့ သူတောင် ပြီးသွားလောက်ပါပြီ။

ဒီတော့ ကျနော်တို့ဘက်က ချို့ယွင်းချက် တချို့ကို လေ့လာကြည့်ချင်ပါတယ်။ အတိတ်က အကြောင်းတွေ ပြန်ပြောင်း ပြောနေရင်လဲ အငြင်းအခုံ ဖြစ်နေတာနဲ့ လိုရင်း မရောက်တတ်လို့ မျက်မှောက် ကိစ္စကိုပဲ စိစစ်လိုက်ပါတယ်။

ဒီနေ့ ကျနော်တို့ လိုအပ်နေတာက ဘာလဲ။ ကျနော်တို့ လိုအပ်နေတာက “တော်လှန်ရေး” ပါ။ ငြိမ်းချမ်းရေးတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ မဟုတ်သေပါးဘူး။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပါ။ တော်လှန်ရေးဆိုတာ ခြေဆုံးခေါင်းဆုံး ပြောင်းလဲရေးဖြစ်တယ်။ ပြုပြင်ယူတာ မဟုတ်ဘူး။ နအဖ စစ်အာဏာရှင်တွေဟာ ဂိတ်ဆုံးနေပါပြီ။ သူတို့ဟာ အစွယ်ရော အမြီးပါ ပေါက်နေတဲ့ ဘီလူးတွေပါ။ လူသားမစားရင် နေလို့မရတဲ့ အကောင်တွေပါ။ သူတို့ရှိနေသ၍ ကျနော်တို့ ပြည်သူတွေ မရှင်သန်နိုင်ပါဘူး။ လက်ငင်း ဖြစ်ပျက်နေတာတွေဟာ ဒီအချက်ကို သက်သေပြ နေတာပါပဲ။

တော်လှန်ရေးဆိုတာ ဖောက်ပြန်တဲ့ လူတန်းစား တရပ်ကို အခြား တော်လှန်ရေး လူတန်းစားက အကြမ်းဖက် ဖယ်ရှားတာ ဖြစ်ပါတယ်။ အကြမ်းမဖက်ဘဲနဲ့ ဖယ်ရှားလို့ မရပါဘူး။ ဒါကို ပြတ်ပြတ်သားသား ကျနော်တို့လူတွေ ယုံသလား။ မယုံသေးရင် တော်လှန်ရေး မဟုတ်တဲ့ နည်းတွေနဲ့ ထပ်စမ်းဦးပေါ့။နောက်ထပ် ဆယ်စုနှစ် နှစ်စုလောက်။

ကျနော်တို့ ချို့ယွင်းနေတာက တော်လှန်ရေးကို တော်လှန်ရေးလို မလုပ်ခြင်းပါဘဲ။ ရှင်းအောင် ပြောရရင် ရန်သူကို အကြမ်းဖက် မဖြုတ်ချခြင်းပါဘဲ။ ၈၈ ကလည်း ဒီအမှားပဲ။ အခုလည်း ဒီအမှားပါပဲ။

ရန်သူကို အနုနည်းနဲ့ ရင်ဆိုင်လို့ ရန်သူက ပျော့ပျောင်းသွားပြီး ကိုယ့်ကို မသတ်ဘူးလို့ အခုလို အချိန်မှာ ထင်စရာ ရှိပါသေးလား။ ဒီတော့ စစ်အာဏာရှင် ဘီလူးတွေကို ကွယ်ပျောက် စေချင်ရင် အင်အားသုံး အကြမ်းဖက် တိုက်ခိုက်မှ ရမှာပါ။ ပြည်သူလူထုရဲ့ စွမ်းပကားက အင်အားပါပဲ။ ပြည်သူ့ဘက်က အင်အားကို ရန်သူတိုက်ဖို့ မသုံးရင် ကိုယ့်ကိုယ်ကို ကြိုးချည်ပြီး လည်စင်းပေးရာသာ ကျနေလိမ့်မယ်။

တော်လှန်ရေးကို ဆန့်ကျင်လေ့ရှိတဲ့ နိုင်ငံခြားက မြှောက်ပေးတိုင်း စိတ်ကူးမယဉ်မိဖို့ အရေးကြီးပါတယ်။ ဒီတော့ အကြမ်းဖက်ရေးဟာ စစ်အာဏာရှင်လို ရန်သူနဲ့ ရင်ဆိုင်ရာမှာ မသုံးမဖြစ် လိုအပ်ချက်တခု ဖြစ်ပါတယ်။ နိုင်ငံခြားက လူတွေက အချိန်ကြာညောင်းပြီး ရန်သူကို ကျနော်တို့ အောင်ပွဲမဆင်နိုင်ရင် ကျနော်တို့ကိုပဲ အပြစ်တင်ကြပါလိမ့်မယ်။ ကျနော်တို့ကို စွန့်ခွာသွားပါလိမ့်ဦးမယ်။ ဒီတော့ ကျနော်တို့ ကြမ္မာကို ကျနော်တို့ပဲ ဖန်တီးရမှာပါ။

နောက်ချို့ယွင်းချက်က “စေ့စပ်ရေး ရောဂါ” ပါ။ စေ့စပ်ရေးကို လုပ်ဖို့အရေး အချိန်တွေ ဘယ်လောက် ပေးခဲ့ရပြီလဲ။ နအဖက ဒီပဲယင်း လူသတ်မှုလိုဟာမျိုးကို ကျူးလွန်ကတည်းက ကျနော်တို့ သဘောပေါက်သင့်ပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်က ချေမှုန်းရေးပဲ ဖြစ်တာကို အကြောင်းအချက် များစွာမှာ တွေ့နိုင်ပါတယ်။ ကျနော့်တို့ကရော သူတို့လို ဘာကြောင့် ချေမှုန်းရေးစနစ် မသုံးနိုင်တာလဲ။ ဘာတွေက တားဆီးနေပါသလဲ။

စေ့စပ်ရေး မျှော်လင့်ချက်ဟာ ရန်သူချေမှုန်းရေး အဆင့်ကို ဘယ်တော့မှ ရောက်စေမှာ မဟုတ်ဘူး။ ဒီတော့ အပြတ်အသတ် နိုင်စရာ ဘယ်ရှိတော့မလဲ။ နိုင်စရာ မရှိတော့ အားပေး ထောက်ခံတဲ့သူတွေ အထူးသဖြင့် စစ်တပ်ထဲက အရာရှိတွေ ဘက်ပြောင်း လာရဲပါ့မလား။ စေ့စပ်ပြီးရင်လည်း သူတို့က ဒုံရင်း ဒုံရင်းပဲ ဖြစ်မယ်ဆိုတာ သူတို့ သိထားမှာပဲ။ ဘာကြောင့် အလုပ်ရှုပ် ခံကြမှာလဲ။ ဒီတော့ ရန်သူ စစ်အာဏာရှင်ကို ဖြုတ်ချချင်ရင် အခုအချိန်မှာ စေ့စပ်ရေး အတွေးအခေါ် လုံးဝကင်းစင် နေရမယ်။ ဒါမှ မဟုတ်ရင် ဘယ်လို လှုပ်ရှားမှုပဲ လုပ်လုပ် စေ့စပ်ရေး အတွေးအခေါ်ကြောင့် ခဲဆွဲထားသလို လေးကန်နေပြီး တဘက်ရဲ့ ဖြိုချတာကိုပဲ ခံနေရပါလိမ့်မယ်။

ရန်သူကိုလည်း အကျပ်အတည်း အခြေအနေအလိုက် အမြတ်ထုတ်နိုင်အောင် နောက်ဖေးတံခါး ဖွင့်ပေးထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်ဟာ စေ့စပ်ရေး လုပ်သင့်တဲ့ အချိန်မဟုတ်ပါ။ တိုက်ခိုက်ရေး စိတ်ဓာတ်ကိုသာ ပြည်သူတွေကို သွင်းပေးသင့်ပါတယ်။ သန်းရွှေက ဒေါ်စုကို အကန့်အသတ်တွေ လုပ်သလိုပဲ ကျနော်တို့ကလည်း “စေ့စပ်ရေး” ကို သင့်တော်တဲ့ အခြေအနေတရပ် မပေါ်မချင်း လုံးဝ မစဉ်းစားသင့်ပါ။ အခုလို အချိန်ဆိုမှာ ပိုလို့ပင် ဝေးဝေး ရှောင်ရပါလိမ့်မယ်။ အလွန် မသင့်တော်သော အချိန်အခါပါပဲ။

“တော်လှန်ရေး” ဆိုတာ ခက်ခဲ ကြမ်းတမ်းပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝတရားပါ။ ရေဆူတာတို့ မီးတောင် ပေါက်တာတို့ မီးဖွားတာတို့ဟာ အဆင့်တခုအတွက် အားစိုက် ပင်ပန်းကြရတာပါပဲ။ ကျနော်တို့ တော်လှန်ရေး လှုပ်ရှားမှုနဲ့ တူတဲ့ ကိုယ်ခန္ဓာမှာ စူးဝင်နေတာက အဲဒီမျှားနှစ်ချောင်းပါ။ “အကြမ်းမဖက်ရေး” နဲ့ “စေ့စပ်ရေး” ပါ။ အဲဒီမျှားတွေကို နုတ်ပယ်နိုင်တာနဲ့အမျှ တော်လှန်ရေးဟာ အားကောင်းမောင်းသန်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ နုတ်ပယ်နိုင်မှာပါ။
လူတင့် (၁၈-၁၀-၂၀၀၇)

0 comments: