Friday, September 26, 2008

နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

UN/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် ယနေ့ထပ်မံ တိုက်တွန်းလိုက်သည်။

စစ်အစိုးရက ယမန်နေ့၌ လွတ်ငြိမ်းခွင့်အနေဖြင့် အကျဉ်းသားအမြောက်အမြားအား လွှတ်ပေးခဲ့ပြီး ၎င်းတို့အထဲတွင် ထောင်ဒဏ် နှစ်အကြာဆုံး ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်နှင့် အန်အယ်ဒီအဖွဲ့ဝင် အခြားနိုင်ငံရေးအကျဉ်းသား (၅) ဦးပါဝင်ခဲ့မှုအပေါ် ကောက်ချက်ချ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လွတ်မြောက်လာသူ အခြား (၅) ဦးမှာ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသန်းနိုင်တို့ဖြစ်သည်။ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာထောင်မှ လွှတ်ပြီးကာမှ ပြန်လည်အဖမ်းခံရကြောင်း အန်အယ်လ်ဒီက အတည်ပြုပြောသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရသူက “နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး နိုင်ငံရေး လွတ်လပ်ခွင့် ရသင့်တယ်လို့ ထပ်ပြီးပြောပါတယ်။ ပြီးတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို ရှေးရှုတဲ့ ခြေလှမ်းတွေ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်” ဟု ပြောသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရက အခုထက်ပိုပြီး ရှေ့တလှမ်းတိုးလုပ်ဆောင်ဖို့ကိုလည်း သူက လိုလား နေတာပါ” ဟု ပြောသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အကြီးအကဲကလည်း ထောင်တွင်း၌ နှစ် (၂၀) ကြာနေခဲ့ရသူ အသက် (၇၉) နှစ်အရွယ် စာရေးဆရာ၊ သတင်းစာ အယ်ဒီတာဟောင်း၊ သတင်းစာ လွတ်လပ်ခွင့် ဆုရှင် ဦးဝင်းတင်အား လွှတ်ပေးခဲ့သောကြောင့် ၎င်းအနေဖြင့် အလွန်ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့သည်။

“အခုလို ဦးဝင်းတင်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဟာ လူ့အခွင့်အရေး အခြေခံဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေးတို့အတွက် လိုအပ်ချက်တွေကို အာဏာပိုင်တွေ က လေးစားမှုကိုပြတဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်ပါပဲ” ဟု ယူနက်စကို အထွေထွေ ညွှန်ကြားရေးမှူး ကိုအိချိရို မတ်ဆုရာ က ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား (၆) ဦးအား လွှတ်ပေးခဲ့သည့် သတင်းအပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမှ ကျွမ်းကျင်သူ တောမတ် ကင်တာနား ကလည်း ကြိုဆိုလိုက်ပြီး ယင်းသို့ လွှတ်ပေးခြင်းသည် “အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား ပျှမ်းမျှ (၂,၀၀၀) ၀န်းကျင်ကို လွှတ်ပေးရန် ဦးတည်နိုင်သည့် ပထမဆုံး ခြေလှမ်းဖြစ်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောသည်။



0 comments: