Thursday, September 25, 2008

ရေဆန်ဆိုတာ စုန်ရတာထက်တော့ ခက်တယ်

ဇွန်မှိုင်း (၂၅-၅-၀၇)

(၁)

`ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရမယ်။
ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။´

၂၀၀၇ ခုနှစ် မတ်လ (၁၁) ရက်နေ့က ထောင်ဝင်စာမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆရာ
ဦးဝင်းတင်ရဲ့ သဘောထား ရပ်တည်ချက်တွေ ဖြစ်ပါတယ်။
မတ်လ (၁၂) ရက်နေ့မှာ ဆရာ့အသက် (၇၇) နှစ်တင်းတင်းပြည့်သွားပြီ။
အင်းစိန်အကျဉ်းထောင်ထဲမှာ နအဖစစ်အုပ်စုက ပုဒ်မတွေတခုပြီးတခု ထပ်ထပ်တိုးလိုက်ပြီး
ဆရာ့ကို ထောင်ထဲမှာ ထောင်တွေထပ်ထပ်ချလိုက်တာ ဆရာ့ရဲ့ထောင်ထဲနေသားသည်ပင်လျှင်
(၁၈) နှစ်တင်းတင်း ပြည့်လုနီးပါးဖြစ်သွားပြီင်္။

အသက်အရွယ်အရရော၊ ထောင်တွင်းဖိနှိပ်မှုသဏ္ဌာန်မျိုးစုံအရရော … ဆရာ့ကျန်းမာရေးအခြေ
အနေ တော်တော်ဆိုးနေပါပြီ။ စစ်အုပ်စုကတော့ ဆရာ့ကို ထောင်ထဲမှာ အသေသတ်ပစ်ချင်ပုံ ရပါတယ်။ စစ်အုပ်စုဟာ ဆရာ့ကို လူပုဂ္ဂိုလ်အနေနဲ့လည်း သတ်ပစ်ချင်နေပြီး ဆရာ့ရဲ့နိုင်ငံရေး ကိုလည်း သတ်ပစ်ဖို့ကြိုးစားနေတာ အမှန်ပါ။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ …
ဆရာ့ကိုရော၊ ဆရာ့ရဲ့နိုင်ငံရေးကိုပါ ကန့်သတ်ပိတ်ဆို့တားဆီးဖို့ တောက်လျှောက် အရူးအမူး အားထုတ်ခဲ့တာပါ။ ဒါပေမယ့် စစ်အုပ်စုရဲ့ဆန္ဒနဲ့ ပြောင်းပြန်ပဲ … ဆရာဟာ လိုအပ်ချက်နဲ့ကိုက်
ညီတဲ့၊ အံဝင်ကွက်တိဖြစ်တဲ့ အလုပ်ကြွေးကြော်သံနှင့် အလုပ်လမ်းညွှန်တွေကို သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကြားမှာ အမြဲထုတ်ပြန်လမ်းညွှန်ထောက်ပြနိုင်ခဲ့တယ်လို့ ကျနော်ဆိုချင်ပါတယ်။

(၂)

၁၉၉၀ မေလ (၂၇) ရက်နေ့မှာ ကျနော်တို့ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်လိုက်တယ်။
ရွေးကောက်ပွဲပြီးလို့ (၂) လတိတိ ကြာတဲ့အခါမှာ … ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ ဂန္ဒီဟောမှာ စုစည်းလိုက်ကြတယ်။ စစ်အုပ်စု မျက်လုံးမျက်ဆံပြူးသွားစေတဲ့ အကွက်ပါ။
ဂန္ဒီဟောထဲမှာက … မြန်မာနိုင်ငံတနံတလျား မဲဆန္ဒနယ်ပေါင်းစုံက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ။ ဂန္ဒီဟောရဲ့ ဘေးဝဲယာမှာက … အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ပြီး ယုံကြည်စွာ mandate ပေးလိုက်ကြတဲ့ ပြည်သူတွေ။

မြင်ကွင်းဟာ ကြက်သီးဖြန်းဖြန်းထလောက်တဲ့ မြင်ကွင်းပါ။ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအပြီး သမ္မတဟောင်း အာဏာရှင်မာကိုးစ်ဆီက နိုင်ငံတော်အာဏာကို ကိုရာဇန် အကွီနိုက လူထုအားနှင့် အရယူလိုက်နိုင်တဲ့ မြင်ကွင်းမျိုးပါ။

ဂန္ဒီဟောကို ၀န်းရံထားတဲ့ လူပင်လယ်ကြီးမှာ … မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အဲဒီ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် စီးကျလာတဲ့မျက်ရည်တွေ၊ အံကြိတ်တက်ခေါက်သံတွေ။
ဒါပေမယ့် ဒီမှာ ကျနော်တို့ အဆင်သင့်မဖြစ်လိုက်ဘူး။ အခွင့်အခါကောင်းကို အမိအရ မဆုပ်ကိုင် လိုက်နိုင်ဘူး။

(၃)

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ၊ တပါတီအာဏာရှင်စနစ်အောက်မှာ နိုင်ငံရေး ဖြတ်တောက်ခံထားရတာရဲ့ အကျိုးဆက်ပဲလို့ ကျနော်ကောက်ချက်ချမိတယ်။

အစိုးရဖွဲ့ဖို့ အဆင်သင့်မဖြစ်လိုက်နိုင်ပေမယ့် … `နောက်ရက်ပေါင်း (၆၀) အတွင်း စက်တင်ဘာလ ကုန်နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရန်´ ဆိုတဲ့ ဂန္ဒီဟောကြေညာချက်ကိုတော့ အခိုင် အမာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒါဟာ အဲဒီကာလမှာ ပကတိတည်ရှိနေတဲ့၊ အမှန်တကယ်တည်ရှိနေတဲ့ မိမိအနေအထားရဲ့ စုစည်း ဖော်ပြချက် ဖြစ်နိုင်ပါတယ်။ ဒီထက် မရနိုင်သေးဘူး။ ဒီထက် မရနိုင်ခဲ့ဘူး။

(၄)

စစ်အုပ်စုအတွက်တော့ 'ခုမှပဲ အလုံးကြီးကျသွားတော့တယ်´ ဆိုတဲ့ အခွင့်အလမ်း အသေအချာ ဖြစ်သွားပါတယ်။ သူ့ရင်ထဲက အလုံးကြီးက `ဂန္ဒီဟောမှာ လွှတ်တော်ခေါ်လိုက်မှာလေလား´၊
`ဂန္ဒီဟောမှာ အစိုးရဖွဲ့လိုက်မှာလေလား´ ဆိုတဲ့ အလုံးကြီးပါ။ န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင်က `ရွေးကောက်ပွဲက Free and Fair ဖြစ်ပါတယ်´ လို့ ရွေးကောက်ပွဲမှာ မဲထည့်ရင်း ပြောထားခဲ့တာပါ။

ဒီစကားက … နိုင်ငံတကာနှင့် ပြည်တွင်းသတင်းထောက်တွေရဲ့ရှေ့မှာ … လူသိရှင်ကြား ထုတ်ပြော ထားတဲ့ စကားပါ။ သူ့စကားနှင့်သူ ချီမိတုပ်မိဖြစ်နေတုန်း … အန်အယ်လ်ဒီက ဗြုန်းဆို ဂန္ဒီဟော ကောက်ခေါ်လိုက်တော့ အသက်တောင် ဘယ်ကရှူရမှန်းမသိ ဖြစ်သွားရတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း စစ်အုပ်စုဟာ ၁/၉၀ ဆိုတဲ့ အမိန့်ကြေညာချက်ကို ကမန်းကတန်းထုတ်ပြီး ကြိုးစားကာပစ် ပစ်ကြည့်ခဲ့တဲ့ ကာလပါ။ ၁/၉၀ ရဲ့ အနှစ်သဘောက `လွှတ်တော်ကို ကိုယ့်အစီအစဉ်နှင့်ကိုယ် မခေါ်ပါနှင့်၊ န၀တက ကမကထပြုပြီး ခေါ်ပေးပါမယ်´ ဆိုတာပါ။ အဓိကရည်ရွယ်ရင်းကတော့ ဂန္ဒီဟောမှာ အစိုးရမဖွဲ့လိုက်ဖြစ်ဖို့ပါ။ ဂန္ဒီဟောမစခင် တရက်ကြိုပြီး ၁/၉၀ ကိုထုတ်လိုက်ပြီး …
အဆုံးအဖြတ်အခန်းမှာရှိတဲ့ ခေါင်းဆောင် (policy maker) တချို့ရဲ့ တိကျမှုကိုေ၀၀ါးသွားစေဖို့ပဲ ဖြစ်ပါတယ်။

(၅)

ထုံးစံအတိုင်းပါပဲ။ အန်အယ်လ်ဒီခေါင်းဆောင်တွေကြားမှာ … ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကြားမှာ… ဘယ်သူ့ကိုဖမ်းရမယ်၊ ဘယ်သူ့ကို ခြောက်ထုတ်ပစ်ရမယ်။ ဘယ်သူ့ကို မွေးရမယ်၊ ဘယ်သူ့ကို ရောဂါဝင်အောင် လုပ်ရမယ်ဆိုတာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး … ၁၉၉၀ လူဖမ်းပွဲနှင့် သူ့ရဲ့ ဗျူဟာမြောက် အော်ပရေးရှင်းကို တရကြမ်း စတင်လိုက်တော့တာပါပဲ။ ဒီလိုနဲ့ ကျနော်တို့ဘက်မှာ ယာယီအရေးနိမ့်မှုတခု ဖြစ်ခဲ့ရတယ်။ ခြေလှမ်းတချို့နောက်ဆုတ်ခဲ့ရတယ်။
အဲဒီ (၂) လ၊ (၃) လ အတွင်းမှာကိုပဲ … စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်တွေနှင့် မူယာမာယာတွေ အောက်မှာ ကျနော်တို့ဘက်မှာ တကယ့်ကို အပြိုပြိုအလဲလဲ။

တချို့ ထောင်ထဲရောက်။
တချို့ တောထဲရောက်။
တချို့ ရှောင်ကြ၊ ရှားကြ။ တချို့ ဖြူကြ၊ ဖျော့ကြ။
လွန်ခဲ့တဲ့ (၂) လ၊ (၃) လက တိကျပြတ်ထင်နေတဲ့ မျဉ်းကြောင်းတချို့ဆိုလည်းေ၀၀ါးဖျော့တော့ အရောင်ပျယ်သွားကြ။

(၆)

စစ်အုပ်စုဟာ (၂) နှစ်လောက်နားလိုက်ရတော့ အတော်လေး အမောစေ့သွားပုံရတယ်။
စစ်အုပ်စုဟာ အဲဒီလို အရှိန်လေးရလာတယ်ဆိုရင်ပဲ … ဗိုလ်စောမောင်နေရာမှာ ဗိုလ်သန်းရွှေကို အစားထိုးပြီး ၁၁/၉၂ ကို ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်က သူကိုယ်တိုင် ကြောက်အားလန့်အား ကမန်းကတမ်းထုတ်ထားတဲ့ ၁/၉၀ ကို သူကိုယ်တိုင် ဆုတ်ဖြဲပစ်လိုက်တယ်။ ၁၁/၉၂ ရဲ့ အနှစ်ဟာ … `ဘာလွှတ်တော်မှ ခေါ်ပေးစရာ မလိုဘူး၊ ခေါ်လည်းမပေးဘူး၊ အခု ပြည်သူ့လွှတ်တော်အမတ်တွေက သူလုပ်ပေးမယ့် အမျိုးသား ညီလာခံဆိုတာကို တက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို ဆွဲကြ၊ ခင်ဗျားတို့ရဲ့ပိုင်ခွင့်က ဒါပဲ၊ လွှတ်တော်တွေ၊ ဘာတွေ ဘာမှ လာပြောမနေနှင့်တော့´ ဆိုတာပဲ။ အဲဒီလို သူက တဆင့်
တိုးပြီး ထိုးစစ်ဆင်လာတဲ့အခါ ကျနော်တို့ ဘာလုပ်ခဲ့ကြသလဲ။

(၇)

အဲဒီကာလဟာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အများဆုံးကာလဖြစ်တယ်လို့ ကျနော်မှတ်မိနေတယ်။ ဒီမှာ အင်အားစုတွေ စဉ်းစားကြရပြီ၊ တောင့်ခံမလား၊ မျှောလိုက်မလား။
ဘာပဲပြောပြော ဒါတွေကို ဆုံးဖြတ်ဖို့၊ ၁၁/၉၂ ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ် ရေးဟာ ပထမဆုံးလုပ်ရမယ့် အလုပ်ဖြစ်လိမ့်မယ်။ ဒါဟာ သေချာပေါက်ပဲ၊ ကျနော်တော့ ဒီလိုပဲ မြင်တယ်။ တိုင်းပြည်ကို ရိုးရိုးသားသား ချစ်ကြတယ်ဆိုရင် ဒါကို ပထမဆုံးကိုပဲ ဆုံးဖြတ် ချက်ရှိရှိ လုပ်ရပါလိမ့်မယ်။

ဒါကြောင့်ပဲ … ဆရာဦးဝင်းတင်ဟာ အကျဉ်းထောင်ထဲက ရဲဘော်များကြား၊ ခေါင်းဆောင်များ
ကြား … အပြင်က ရဲဘော်များကြား၊ ခေါင်းဆောင်များကြားကို အလုပ်ကြွေးကြော်သံ (သို့မဟုတ်) လုပ်ငန်းလမ်းညွှန်ကို အခုလို ပြတ်ပြတ်သားသားပဲ တင်ပြလိုက်ပါတယ်။ `အခု ကျနော်တို့ လုပ်ရမယ့်အလုပ်ဟာ … စစ်အုပ်စုပြောတဲ့ ၁၁/၉၂ လမ်းကြောင်းမဟုတ်ဘူး။ ကျနော်တို့ တကယ်လုပ်ရမယ့်အလုပ်ဟာ … `စု၊ လွှတ်၊ ပြန်၊ တွေ့´ ဒါမှမဟုတ် `စု၊ တွေ့၊ ပြန်၊ လွှတ်´ ဖြစ်တယ်။´

(၈)

အကျယ်က ဒီလိုပါ။
ကျနော်တို့ဟာ `ဆန်စင်ရာ၊ ကျည်ပွေ့လိုက်´ ဆိုတာလို စစ်အုပ်စုရွှေ့တဲ့အကွက်တွေကို နောက် ယောင်ခံလိုက်ပြီး ဘာမှ သူ့အလိုကျ ရွှေ့ပေးနေစရာမလိုဘူး။ ကိုယ်ဟာ လူထုရဲ့ ယုံကြည်စွာ အပ်နှံ ထားတဲ့ mandate ရပါတီဖြစ်တယ်။ လူထုကိုယ်စားလှယ်ဖြစ်တယ်။ လူထုနှင့်အတူ၊ လူထုဝန်းရံ
ထောက်ခံမှုနှင့်အတူ ရပ်တည်နေတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က လမ်းကြောင်း ချမှတ်ခွင့်ရှိတယ်။ ဒီအခွင့်အလမ်းကိုလည်း လူထုကို အတိအကျချပြပြီး လူထုနှင့်အတူ ဆောင်ရွက် ရလိမ့်မယ်။

ပထမဆုံးလုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။ ဒုတိယ … ပြည်သူ့လွှတ်တော်အမြန်ခေါ်ပါ။ တတိယ … အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရင်း စတုတ္ထ … နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာပါ။
ဒါကတနည်း။
နောက်တနည်းက …
ပထမစပြီးလုပ်ရမှာက … ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေးပဲ၊
ဒုတိယက … တွေ့ဆုံဆွေးနွေး၊
တတိယ … အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဆောင်ရွက်၊
နောက်ဆုံးမှာမှ … ပြည်သူ့လွှတ်တော် ခေါ်ယူ။
လုပ်ငန်းစဉ်တိုင်းဟာ ရှင်းလင်းတယ်၊ ထင်သာမြင်သာရှိတယ်၊ ပြီးတော့ တိကျခိုင်မာတယ်။

(၉)

ဘယ်လမ်းကြောင်းကိုပဲရွေးရွေး `ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိလွှတ်ရေး´ နှင့် စတင်ကြရမှာချည်းပဲ။ ဒါကို ဆရာဦးဝင်းတင်ဟာ ထောင်ထဲမှာ ၁၉၉၁- ၁၉၉၂ ကတည်းက စိုက်လိုက်မတ်တပ် တောက်လျှောက်တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုထိလည်း သူ ဒါကိုပဲ ဆက် လက်ရပ်ခံတယ်။ ကျနော်တို့ရဲ့ ၁၉၉၂ ခုနှစ်က ၂၀၀၇ ခုနှစ်ကြား ခါးသည်းတဲ့ အတွေ့အကြုံတွေကို နိဂုံးချုပ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းညွှန်ဟာ လုံးဝကွက်တိ မှန်နေဆဲပဲ။

ကျနော်တို့နှင့်အတူတူ လူထုရှိနေတယ်လို့ ယုံရင် … ကျနော်တို့ဟာ စစ်အုပ်စုပြောသမျှ၊ သူလမ်း ကြောင်းပေးသမျှ လိုက်လုပ်နေရမယ်ဆိုတာ လုံးလုံးမသင့်လျော်ဘူး။ လူထုနှင့် ကင်းကွာ၊ လူထု တန်ဖိုးလည်း နားမလည်၊ လူထုကိုလည်း မယုံကြည်၊ လူထုကိုယ်တိုင်ကလည်း ဘာတန်ဖိုးမှ အပေးမခံရသူတွေသာ စစ်အုပ်စုနှင့် အလိုက်သင့် အလျားသင့် ဟိုဟာလိုက်လုပ်ရမှာလိုလို ဒီဟာလိုက်လုပ်ရမှာလိုလို ပျာယာခတ်နေကြတာပါ။

လူထုကို ယုံကြည်တယ်ဆိုရင် … ကိုယ့်လမ်းကိုယ်ထွင်ပြီး ရဲရဲလျှောက်နိုင်ရလိမ့်မယ်။
`လူထုကိုချပြ၊ လူထုထောက်ခံမှုကို အရယူပြီး၊ လူထုနှင့်အတူ ချီတက်ဆောင်ရွက်ရေး´ ဆိုတဲ့ အခြေခံတရားကို လက်မလွှတ်ဘူးဆိုရင် … ကျနော်တို့ကို ဘယ်သူမှ တားနိုင် ဆီးနိုင် ပိတ်ဆို့
နိုင်မယ်မဟုတ်ဘူးလို့ ကျနော်ရဲရဲယုံကြည်တယ်။

By NEJ

0 comments: