Saturday, September 27, 2008

လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်


ပီတာအောင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့လွှတ်တော်ခေါ်ယူ၍ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် ကမ်းလှမ်းထားသည့် ကြေညာ ချက်ကို ပြန်ရုပ်သိမ်းရန် ရဲချုပ်၏ တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်မခံဘဲ ငြင်းဆန်လိုက်ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၆) ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ ကာ ခေါ်ယူသတိပေးသည့်အပေါ် အန်အယ်လ်ဒီက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလဆန္ဒခံယူပွဲ၌ အာဏာပိုင်များကိုယ်တိုင် မမှန်မကန် လုပ်ဆောင်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုနှင့် အန်အယ်လ်ဒီက လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ၏ ကြေညာချက်၌ ဖော်ပြခြင်းသည် ပြည်သူလူထုကို လှုံ့ဆော်ရာရောက်သဖြင့် ရုပ်သိမ်းပေးရန် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ခေါင်းဆောင် များနှင့်တွေ့ဆုံရာ၌ သတိပေးပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

၎င်းက “မနေ့ကဆွေးနွေးတဲ့အထဲမှာ သုံးသပ်ရေးကော်မတီဖွဲ့ဖို့တို့ဘာတို့နဲ့ ပတ်သက်ပြီး တလုံးတပါဒမှမပြောပါဘူး။ No လည်းမပြောဘူး။ Yes လည်းမပြောဘူး။ ပြည်သူလူထုကို လှုံ့ဆော်တဲ့သဘောရှိတဲ့အတွက် ရုပ်သိမ်းပေးပါလို့ပဲ ပြော တယ်။ ကျနော်တို့ အဖွဲ့ချုပ်လူကြီးတွေကတော့ ဒီဥစ္စာတွေဟာ အကုန်လုံးအမှန်အကန်တွေ သက်သေ အထောက်အထား တွေလည်း အကုန်ရှိတယ်။ အဲတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး ပြန်ပြီးရုပ်သိမ်းမပေးနိုင်ဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြေညာချက် ပြန်ရုပ်သိမ်းပေးရန် ခေါ်ယူသတိပေးမှုမျိုး ယခင်က မရှိခဲ့ဘူးကြောင်း၊ သတိပေးမှုကို ငြင်းဆန် လိုက်သဖြင့် နောင်အကျိုးဆက် မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်းနှင့် အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်အပေါ်၌ သာ မူတည်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

စက်တင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် အန်အယ်လ်ဒီ အထူးကြေညာချက်၌ ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က တပ်မတော်၊ တိုင်းရင်းသားများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာပိုင်တို့ စိတ်ကြိုက်ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့် တဖက်သတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ မေလ ဆန္ဒခံယူပွဲ သည်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ပြုလုပ်၍ အတင်းအဓမ္မ အတည်ပြုထားသဖြင့် ပြည်သူလူထုအများစုက လက်မခံနိုင်ကြောင်းလည်း အချက်အလက်များဖြင့် ထောက်ပြဝေဖန်ထားသည်။

ထိုကြေညာချက်သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော်အစိုးရအပေါ် ပြည်သူ များက အထင်မှားအကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျဆင်းစေခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသော အများပြည်သူများအား စော်ကားရာ ရောက်စေခြင်းတို့ ရေးသားဖော်ပြထားသဖြင့် ရဲချုပ်က ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်စာများတွင် ဖော်ပြသည်။

ယမန်နေ့က ရဲချုပ်က ခေါ်ယူတွေ့ဆုံရာသို့ ကျန်းမာရေးမကောင်းသည့် ဦးလွန်းတင်မှအပ အန်အယ်လ်ဒီပါတီမှ ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် သခင်စိုးမြင့်တို့ သွားရောက်ခဲ့ကြကြောင်း သိရ သည်။

၂၀၀၇ ခု ဖေဖော်ဝါရီ (၁၅) ရက်ကလည်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူတွေ့ဆုံကာ သဘောထား တောင်းဆိုချက်များ ထုတ်ပြန်ခြင်းမပြုလုပ်ရန်နှင့် စီအာပီပီသည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ပြစ်ဒဏ် (၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးခဲ့ဖူးသည်။

0 comments: