Tuesday, August 12, 2008

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့ဆုံခွင့်ရ

နန်းဒေဝီ

နယူးဒေလီ။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သောကြာနေ့က တရားရုံးချုပ် ရှေ့နေနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုသဖြင့် ရန်ကုန် သတင်းတပ်ဖွဲ့မှ အကြောင်းကြားလာသောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရှေ့နေ ဦးကြည်ဝင်းထံ ဆက်သွယ် ပြောဆိုပြီးနောက် တွေ့ဆုံကြခြင်း ဖြစ်သည်။

“ကျနော်တို့ကို သက်ဆိုင်ရာ သတင်းတပ်ဖွဲ့က လာအကြောင်းကြားတော့ ဒေါ်စုရဲ့ တောင်းဆိုချက် ဖြစ်တယ်လို့ ပြောတယ်။ သူတို့ စီစဉ်ပေးတာပေါ့လေ။ ၂ နာရီကြာ ဒေါ်စုအိမ်မှာ ဆွေးနွေးဖြစ်ခဲ့တယ်။ အဓိက အကြောင်းက အကျယ်ချုပ် ကန့်သတ်ချက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေရေးရာအရ ဆက်လက် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်။ တခြားတော့ မရှိပါဘူး” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


တွေ့ဆုံမှုသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား မြန်မာပြည်မှ ပြန်လည် ထွက်ခွါပြီး နောက်တရက်တွင် ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်တွင် ဥပဒေ ပညာရှင်များနှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက် ယခုတဖန် ပထမအကြိမ် တွေ့ခွင့်ရခြင်းလည်း ဖြစ်သည်။

တွေ့ဆုံရာမှ တစုံတရာ ထူးခြားနိုင်ခြင်း ရှိ၊ မရှိ မသိနိုင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ထူး၊ မထူးတော့ မသိနိုင်သေးပါဘူး။ ဒေါ်စုအတွက် ဥပဒေဆိုင်ရာ ဆက်လက် ဆွေးနွေးသွားဖို့ ဦးကြည်ဝင်းကို ကိုယ်စားလှယ် လွှဲထားတယ်။ နောက်ထပ် တွေ့ဖို့ အစီအစဉ် ရှိမှာပါ။ ဒါပေမဲ့ ဘယ်တော့ တွေ့မယ်ဆိုတာတော့ မသိနိုင်သေးပါဘူး” ဟု သူက ပြောသည်။

ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများအကြား အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ နေအိမ်အတွင်း အစာရေစာ မစားဘဲ ဆန္ဒပြနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်အဖွဲ့ချုပ်ရုံးမှ မသိရှိရကြောင်း ပြောသည်။

ဦးဉာဏ်ဝင်းက “မဟုတ်ဘူး ထင်ပါတယ်။ ဦးကြည်ဝင်းနဲ့ တွေ့တော့လည်း ဒီကိစ္စ ဘာမှမပြောဘူး။ ဘာမှ မကြားပါဘူး” ဟု ပြောသည်။

၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက် ကုသပေးသည့် ဆရာဝန်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။

ဦးကြည်ဝင်းနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

“ဒေါ်စုက ကျန်းမာရေးကောင်းတယ်။ စိတ်လည်း တက်တက်ကြွကြွ ရှိနေတယ်လို့ သိရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

0 comments: