မောင်ထင် ဘာသာပြန်သည်
မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။
သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိသည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီးနောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။
ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကို
နန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌
ဝင်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ်သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာသောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နားလည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသား
ရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာသောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေးသည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။
ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေသည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင်
ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။
သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်းမပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာသတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။
သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်ကိုပေးသည်။
သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကိုလည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို
ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်
ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။
သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာအစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည်အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။
တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့်စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီးအဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။
မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။
ဘာသာပြန်သူ၏မှတ်ချက် - လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာ
မဟုတ်၊ လွတ်လပ်စွာရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။
ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြားတပါးသော နိုင်ငံတို့က ကြိုက်သည်လည်း
ရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။
မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀
တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင်စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်း
တို့၌ လွတ်လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာအာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြ
ပေသည်။
ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ
ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။
စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်း
သည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကိုလည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့သို့ ရေးသားဂုဏ်ပြုခံရ
သူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။
လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။
သခင်ကိုယ်တော်မှိုင်း “၁” ရာပြည့်ကော်မတီမှ ကူးယူသည်။
(၂၀၀၆ ခုနှစ်ထုတ် အောင်စောဦး ပြုစုသည့် “ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း နှစ် (၁၃၀) ပြည့် အထူးထုတ်” စာအုပ်မှ ကူးယူဖော်ပြသည်။)
source။ ။ ခောတ်ပြိုင်

0 comments:
Post a Comment