Friday, March 21, 2008

ရဲရဲချီ


အာဏာကို ချုပ်ကိုင်
နိုင်ငံကို ထွင်းဖောက်တော့
ကျောက်သံပတ္တမြားတွေ ထွက်လာတယ်၊
သားသမီးတွေနဲ့
ဇနီး ခြွေရံသင်းပင်းတွေက
ရွှေဒင်္ဂါးကိုတောင် ထွေခင်းကစားနေကြသတဲ့။

ပြည်သူအပေါင်းကတော့
မျောက်လောင်း မျောက်လောင်းပါပဲ။

ငတ်သမျှအကြောင်း
ပါးစပ်က မောင်းခတ်သူတွေကိုလည်း
တပ်ခင်းပြီး နှိမ်နင်းတော်မူတယ်။

တိုးတက်တဲ့ကမ္ဘာမှာ
အမျိုးဖျက်သတ္တဝါတွေ ကြီးစိုးပြီး
ဟီးရိုး လုပ်နေတာ ခံရ
ပြန်မထနိုင်တာ ရှက်ဖွယ်ပါလား။

မသာ ဓားပြတွေက
အာဏာရအောင် အတင်းအုပ်ပြီး
မင်းလုပ် အုပ်ချုပ်နေကြသတဲ့၊
အကျင့်ယုတ်သူတွေ ကောင်းစား
ပြည်သူတွေက သူတောင်းစား
မတရားမှုက မင်းမူ
နာလန်မှ ထူနိုင်ပါတော့မလား။

လွတ်ကြောင်းကြံနေတဲ့
ခွပ်ဒေါင်းအလံတွေလည်း
နိုင်ငံတော်အတွင်း
သံခြေကွင်း အစွပ်ခံနေရရှာပြီ။

ခံနိုင်ရည်ရှိရှိ
သံမဏိ စိတ်ဓာတ်နဲ့
ပြတ်သားတဲ့ အားမာန်
တော်လှန်ရေးအလံလွှင့်
ရဲရဲရင့်ရင့် ချီတက်ကြမှ
အောင်ပွဲရမယ်။ ။

တင်မိုး
နိုဝင်ဘာ ၁ဝ၊ ၂ဝဝ၇

0 comments: