Thursday, March 20, 2008

ကုလအတွင်းရေးမှူးချုပ်ထံ လွှတ်တော်ကိုယ်စားလှယ်များ၏ ပေးစာ ပျောက်ဆုံး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီကို ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၅)ဦးက ပေးပို့လိုက်တဲ့စာ ဟာ ကုလသမဂ္ဂကို မရောက်ပဲ လမ်းမှာပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၄)ရက်နေ့က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအတွက် စာတစောင်ကို ရန်ကုန်မြို့ ကုလသမဂ္ဂ ဖွံဖြိုးရေး အစီအစဉ် ယူအင်ဒီပီ ရုံးကို ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ စာပေးပို့ပြီး နှစ်ပတ်ကြာတဲ့အထိ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိခဲ့ပါဘူး။

မစ္စတာဘန်ကီမွန်းဆီကို စာရေးသားပေးပို့ခဲ့ကြသူတွေကတော့ ရခိုင်ပြည်နယ် ဂွမြိုနယ် မဲဆန္ဒနယ် ရွေးကောက်ခံ ကိုယ်စားလှယ် ဦးညီပု၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွတ်၊ချင်းပြည်နယ်တွန်းဇံမြို့နယ် ရွေးကောက်ခံကိုယ်စားလှယ် ဦးပုကျင့်ရှင်းထန်၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒေါက်တာမြင့်နိုငိနဲ့ ဦးသိန်းဖေ တို့ဖြစ်ကြပါတယ်။ သူတို့ရဲ့ပေးစာထဲမှာ မြန်မာစစ်အစိုးရရဲ့ အခြေခံ ဥပဒေမူကြမ်းမှာ အတိုက်အခံတွေကို ပါဝင်ခွင့်ပြုမထားတာကြောင့် ဒီဥပဒေမူကြမ်းကို အသိအမှတ် မပြုဖို့ မစ္စတာ ဘန်ကီမွန်းကို တိုက်တွန်းထားတာပါ။
မတ်လ ၁၈ရက် ပြီးခဲ့တဲ့အင်္ဂါနေ့ ကုလသမဂ္ဂရုံးချုပ် စည်းဝေးပွဲမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ ပေးစာရမရ မေးမြန်းတဲ့အခါ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အဲဒီစာရမရ စုံစမ်းကြည့်ပေးမှာဖြစ်ကြောင်း၊ ဒီစာဟာ မစ္စတာဘန်ကီမွန်းဆီ တိုက်ရိုက်သွားတာမဟုတ်ပဲ သူ့ရဲ့ရုံးကို တိုက်ရိုက် သွားတာဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာဂမ်ဘာရီကိုလည်း မေးမြန်းကြည့်ဖို့လည်း အကြံပြုလိုက်ပါတယ်။
ဒီစာဟာ မစ္စတာဂမ်ဘာရီကိုပေးတဲ့စာမဟုတ်ပဲ မစ္စတာဘန်ကီမွန်းကို တိုက်ရိုက်ပေးတဲ့စာဖြစ်ပေမဲ့ Inna City သတင်းဌာနက မစ္စတာဂမ်ဘာရီကိုလည်း ဒီစာအကြောင်း မေးမြန်းခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီကလည်း ဒီစာအကြောင်းသူမသိရကြောင်း ပြန်လည်ဖြေကြားးခဲ့ပါတယ်။
ညနေပိုင်းအစည်းအဝေးမှာ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် ရုံးက ပြန်ကြားရာမှာ မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းကို အသိအမှတ်မပြုဖို့ မစ္စတာဘန်ကီမွန်းကို တောင်းဆိုထားတဲ့ မြန်မာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့စာကို လက်ခံရရှိခြင်းမရှိပါဘူးလို့ ဖြေကြားခဲ့ပါတယ်။
တကယ်တော့ နိုင်ငံတကာမှာ ယူအင်ဒီပီရုံးတွေဟာ ကုလသမဂ္ဂရဲ့ လက်တံတွေဖြစ်တာမို့ ကုလသမဂ္ဂဆီ ပေးပို့တဲ့စာတွေကို အတွင်းရေးမှူးချုပ်ထံ ပေးစာဆိုင်ရာရုံးကို လိပ်မူပြီး ပေးပို့နိုင်ကြ တာပဲဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း ဘူရွန်ဒီနိုင်ငံက အတိုက်အခံအမတ် ၄၆ ယောက်က သူတို့ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အတွက် ကုလသမဂ္ဂရဲ့ကာကွယ်မှုကို တောင်းခံတဲ့ စာတစောင် ယူအင်ဒီပီရုံးကို ပေးပို့ခဲ့ပေမဲ့ ကုလသမဂ္ဂရုံးချုပ်ကို ရောက်မလာခဲ့ပါဘူး။

source ။ rfa

0 comments: