Friday, September 19, 2008

သံဃာတော်များကံဆောင်သည့် နှစ်ပတ်လည်တွင် လုံခြုံရေးတင်းကျပ်၊ သံဃာများအား စောင့်ကြည့်

ကိုသက် | စက်တင်ဘာ ၁၈၊ ၂၀၀၈
ယနေ့သည် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း တနှစ်ပြည့်မြောက်သောနေ့ဖြစ်သည့်အလျှောက် အာဏာပိုင်တို့က ရန်ကုန်နှင့် မြို့ကြီးများတွင် လုံခြုံရေးအထူးတ
င်းကျပ်ထားပြီး နိုင်ငံရေး လှုပ်ရှားတက်ကြွသူများနှင့် သံဃာများကို စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ဧရာဝတီကို ပြောသည်။
ယမန်နှစ်က ရန်ကုန်တွင် သံဃာ့ဆန္ဒပြပွဲများစတင်သည့်နေရာများဖြစ်သော ရွှေတိဂုံဘုရားနှင့် မြို့တော်ခန်းမ ပတ်ဝန်းကျင်တွင် စစ်ဆေးရေးဂိတ်များချထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များက ရှာဖွေစစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အဆိုပါလုံခြုံရေးဂိတ်များမှ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ အငှားကားများကို ရှာဖွေမှုများပြုလုပ်ပြီး ခရီးသည်များ၏ ပိုက်ဆံအိတ်များကိုပင် ရှာဖွေမှုများပြုလုပ်သည်ဟု အထက်ပါ ရန်ကုန်မြို့ခံက ပြောသည်။

“ရန်ကုန်မှာ လုံခြုံရေးအတော်များတယ်ဗျ၊ နေရာတိုင်းပဲ … ဘုန်းကြီးကျောင်းတွေနားဆို ပေါ်တင်ရော၊ မပေါ်တင်ရော အများကြီးပဲ … ညဆိုပိုများတယ်” ဟု ရန်ကုန်မြို့ခံက ဆက်ပြောသည်။

ယမန်နေ့က ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် စာရွက်စာတမ်းထည့်သည့် ဖိုင်တွဲမှစ၍ မိန်းမကိုင် ပိုက်ဆံအိတ်ငယ်များအထိ မွှေနှောက်ရှာဖွေမှုများကို ပြုလုပ်လျက်ရှိကြောင်း ၎င်းရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

၎င်းအပြင် အာဏာပိုင်တို့က ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း များကို အထူးစောင့်ကြည့်လျက် ရှိသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံကျောင်းအနီးပတ်ဝန်းကျင်၌ လွန်ခဲ့သည့် ၃ ရက်မှစ၍ ကြံ့ဖွံ့နှင့် အရပ်ဝတ်ရဲများ မော်တော်ဆိုင်ကယ်များဖြင့် ပတ်နေသည်ဟု ၎င်းရပ်ကွက်တွင် နေထိုင်သူက ပြောသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ညက ငွေကြာယံကျောင်းတိုက်ကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဝင်ရောက်ဆီးနင်းကာ ကျောင်းတိုက်ရှိ သံဃာများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လုံခြုံရေးတင်းကျပ်မှုများနှင့် လှုပ်ရှားတက်ကြွသူများ၊ သံဃာများအား စောင့်ကြည့်ခံရခြင်းသည် ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ အလားတူလှုပ်ရှားမှုများ နောက်ထပ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။

ရန်ကုန်မြို့တွင်သီတင်းသုံးသည့် စာချဆရာတော်တပါးက “အာဏာပိုင်တွေ ကြောက်တာတော့ပြောမနေနဲ့တော့ ဘုန်းကြီးတွေကို သူပုန်ကြည့်နည်းနဲ့ စောင့်ကြည့်နေကြတာ။ အင်တာနက်ဆိုင် ထိုင်တာတောင်မှ အတော်လေး သတိထားနေရတယ်။ ဒါတောင် စောင့်ကြည့်နေသလားမပြောတတ်ဘူး ဘာမှကို လွတ်လပ်မှုမရှိဘူး” ဟု မိန့်ကြားသည်။

0 comments: