Saturday, September 20, 2008

လူရွှင်တော် ဇာဂနာ ကျီးပေါင်းတက်ဝေဒနာ ခံစားနေရ

ကိုသက် | စက်တင်ဘာ ၁၉၊ ၂၀၀၈
စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသည့် လူရွှင်တော်ဇာဂနာ၏ လယ်ကုပ်တွင် ကျီးပေါင်းတက်သည့် ဝေဒနာ ခံစားနေရကြောင်းကို မိသားစုမှတဆင့် သိရသည်။ ၎င်းကျီးပေါင်းတက်ရောဂါကြောင့် လူရွှင်တော် ဇာဂနာသည် လယ်ကုပ်တွင် ၂ ပတ် ကော်လာတပ်ကာ ဆေးလည်း သောက်ရမည်ဟု ကိုဇာဂနာ၏ မိသားစုဝင် ဧရာဝတီကို ယနေ့ပြောဆိုသည်။ “ပထမ ခေါင်းမူးမူးနေလို့ သူက (ဇာဂနာ) သွေးတိုးလို့ထင်တာ နောက်မှ ကုပ်မှာကျီးပေါင်း တက်တာ၊ နေထိုင်ရတာလည်း မကောင်းဘူးလေ .. အိပ်ရင်လည်း ခေါင်းအုံးမပါနဲ့ လတွေကလည်းကြာလာ၊ အသက် ကလည်း ရလာပြီဆိုတော့ …” ဟု ကိုဇာဂနာ၏ မိသားစုဝင်တဦးက ပြောသည်။ ကိုဇာဂနာနှင့် ၎င်း၏အမှုတွဲများဖြစ်ကြသည့် အားကစားအယ်ဒီတာ ကိုဇော်သက်ထွေး၊ စာနယ်ဇင်းသမား ကိုတင်မောင်အေးနှင့် ကင်မရာသမား ကိုသန့်ဇင်အောင်တို့ကို ရန်ကုန်မြို့က အင်းစိန်ထောင်ရှိ အနောက်ပိုင်း ခရိုင် တရားရုံးတွင် ရုံးထုတ်ကြောင်း သိရသည်။

“ဒီနေ့ ကိုသူရကို (ဇာဂနာ) ပုဒ်မ ၁၇/၂ နဲ့စွဲတဲ့အမှုကိုစစ်တယ်” ဟု မိသားစုဝင်က ဆက်ပြောသည်။
ကိုဇာဂနာကို တရားမ၀င်အဖွဲ့အစည်းဆက်သွယ်မှု၊ ပုဒ်မ ၅ (ည)၊ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ကိုဇာဂနာ၏ လက်ရှိကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ “ကျန်တဲ့ကျန်းမာရေးတော့ ကောင်းတယ် … ဒါပေမယ့် တခြားလူတွေကပြောတာ အသားဝါနေသလိုပဲပေါ့ … စစ်ကြည့်အုံးလို့ သတိပေးကြတယ်” ဟု သူ၏ မိသားစုဝင်က ပြောသည်။

0 comments: