Saturday, August 9, 2008

၈၈၈၈ လူထုအရေးတော်ပုံ အနှစ်(၂၀)ပြည့်၊ ဂျပန်ရောက်မြန်မာများ ချီတက်ဆန္ဒပြပွဲ




မဆလအာဏာရှင်တော်လှန်ရေးနှင့် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ကျောင်း သား၊ သံဃာနှင့်ပြည်သူအများသွေးမြေကျ အထွေထွေသပိတ်ကြီးစတင်ဆင်နွဲတော်လှန်ခဲ့ကြသည့် ၈၈ အရေး တော်ပုံအနှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်ရောက်မျိုးချစ်မြန်မာများမှ လမ်းလျှောက်ချီတက်ပွဲနှင့် ဆန္ဒပြ တောင်းဆိုပွဲကို ယနေ့မွန်လွဲ ၂ နာရီခွဲမှစ၍ တိုကျိုမြို့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ယခုကျင်းပသည့် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိ နိုင်ငံရေးနှင့် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့မှ စုစည်းပူးပေါင်းပြုလုပ်ကြခြင်းဖြစ်ကာ ယခုအကြိမ်နှင့်ပါဆိုလျှင် ၁၂ ကြိမ်ခန့်ရှိသွားဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်ဂျပန်ဥက္ကဋ္ဌဦးလှိုင်အေးမှ ``ဒီနေ့မှာတွေ့ရတာကတော့ တိုင်းရင်းသားအခန်းကဏ္ဍတွေပါတယ်။ နောက်တခုကီရှစ်လေးလုံးမှာပါတဲ့ ကျဆုံးသွားတဲ့သူတွေအတွက် လွမ်းသူပန်းခွေကို န.အ.ဖ အခွန်ရုံးရှေ့မှာ ချတယ်ပေါ့ဗျာ။ ဒါက ခါတိုင်းနှစ်တွေထက်စာရင် တမှုထူးခြားတယ်ပေါ့၊ ဒီနှစ်မှာတော့ ကျနော်တို့မတွေ့မမြင် ဖူးတဲ့ မြန်မာပြည်သူတွေလည်း ဆန္ဒပြတာကိုလည်း တွေ့ရပါတယ်…``ဟု ၈၈ အနှစ် ၂၀ ပြည့် အခန်းအနား နှင့်ပါတ်သက်၍ ထူးခြားမှုများကိုပြောပြသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးလှိုင်အေးမှပင်ကျနော်တို့စလုပ်စဉ်ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်က လူဆယ် ဂဏန်းဘဲရှိခဲ့တယ်၊ ဒီပဲယင်းအရေးအခင်းပြီးတဲ့အခါမှာ ရာဂဏန်းဖြစ်လာတယ်ပေါ့၊ အခုရွှေဝါရောင် တော်လှန် ရေးပြီးတော့ ထောင်ဂဏန်းဖြစ်လာတယ်ပေါ့..ဟုအာဏာရှင်တော်လှန်ရေးကို ဂျပန်ရောက်မြန်မာပြည်သူများ ပိုမိုစိတ်ပါဝင်စားလာပုံကိုပြောပြသည်။


ဂျပန်တွင်မြန်မာဘာသာဖြင့်ထုတ်ဝေနေသည့် လူမှုစီးပွားနှင့်နိုင်ငံရေးသတင်းဂျာနယ်တစ်ခုဖြစ်သည့် ဧရာဝဏ် မဂ္ဂဇင်းမှထုတ်ဝေသူနှင့်အယ်ဒီတာတဦးလည်းဖြစ်ပြီး အပတ်စဉ်ထုတ်ဝေနေသည့် Voice of Burma သတင်းစာ စောင်တာဝန်ခံအဖြစ်လည်းဆောင်ရွက်နေသူ ဦးကျော်ကျော်စိုးမှ ``ဒီကနေ့ဆန္ဒပြပွဲကိုကြည့်လိုက်ရင် အနှစ် ၂၀ ကြာပေမယ့်လည်း ဂျပန်ရောက်မြန်မာတွေကြားထဲမှာ ရှစ်လေးလုံးစိတ်ဓါတ်က ရှင်သန်နေဆဲဘဲဆိုတာ ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်….``ဟုပြောပြပြီး တော်လှန်ရေးမှာလှုပ်ရှားနေသူတွေ၊ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ရှေ့လျှောက်လက်တွဲပြီးတော့ သွားနိုင်မယ်လို့ဆိုလို့ရှိရင် ကျနော် တို့မျှော်မှန်တဲ့ဒီမိုကရေစီရရှိရေးဟာ အောင်မြင်မှာဖြစ်တယ်လို့ယုံကြည်ပါတယ်ဟု မြန်မာ့ဒီမိုကရေစီအရေး အတွက် ၄င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။

အဆိုပါလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက်မျိုးချစ်မြန်မာလူမျိုးများအပြင် ဂျပန်လူမျိုးများပါ ဝင်ရောက်ပူးပေါင်းဆန္ဒပြခဲ့ကြပြီး တိုကျိုမက်ထရိုရဲတပ်ဖွဲ့၏စစ်တမ်းအရ လူပေါင်း ၈၇၀ ခန့်မှ `ရှစ်လေးလုံးနေ့ တို့မမေ့`၊ `နအဖစစ်အာဏာရှင်စနစ် တိုက်ဖျက်ပစ်`၊ `ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်`စသည့်ကြွေးကြော်သံများကို လမ်းလျှောက်ဟစ်ကြွေးတောင်းဆိုဆန္ဒပြခဲ့ကြသည်။


အဆိုပါလှမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် နာဂစ်မုန်တိုင်းလေဘေးသင့်မြန်မာပြည်သူများအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အလံတော်ပါ ခေါင်းပေါင်းနှင့်တဘက်များကိုလည်း ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

Reported by: Thant Myo Htway (Moe Thauk Kye)

PHOTO: U Than Win, Min Nyo Wan

0 comments: