Sunday, May 18, 2008

ကယ်ဆယ်ရေးသင်္ဘောများ မြစ်ဝကျွန်းပေါ်အနီးကိုရောက်ရှိ


ပြင်သစ် ရေတပ် သင်္ဘောတစီးနဲ့ အမေရိကန် ရေတပ်သင်္ဘော သုံးစီးတို့ဟာ
မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာရေပြင်မှာ ရောက်ရှိနေကာ မြန်မာနိုင်ငံ
အတွင်းကို ၀င်ရောက်ဖို့ စောင့်နေကြပါတယ်။ ပြင်သစ် ရေတပ်သင်္ဘောဟာ
အဲဒီဒေသကို မေလ ၁၇ ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး အမေရိကန်
သင်္ဘော သုံးစီးကတော့ မေလ ၁၂ ရက်နေ့ကတည်းက ထိုင်းနိုင်ငံမှ ထွက်လာ
ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်အနီး နိုင်ငံတကာ ရေပိုင်နက်မှာ စခန်းချနေတာ
ဖြစ်ပါတယ်။

အဆိုပါ သင်္ဘောကို ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ပြောဆိုစဉ်
မြန်မာစစ်အစိုးရ ကုလကိုယ်စားလှယ် ဦးကျော်တင့်ဆွေက ပြင်သစ်တို့ဟာ
စစ်သင်္ဘော စေလွှတ်တယ်လို့ စွတ်စွဲပြောဆိုတဲ့အတွက် ပြင်သစ်နိုင်ငံဆိုင်ရာ
ကုလကိုယ်စားလှယ် Jean-Maurice Ripert (ဂျဲင်း မာရီစ် ရီပါ့ဒ်) က “အခုလို
ပြောတာဟာ မမှန်ကန်ကြောင်း ကျွန်တော် စကားဖြတ်ပြောပြီး ရှင်းပြပါ့မယ်ဆိုပြီး ဒီ သင်္ဘောဟာ စစ်သင်္ဘောမဟုတ်ကြောင်း၊ အစား
အသောက်၊ ဆေးဝါးတွေ တန် ၁၅၀၀ ပါဝင်တဲ့ ကယ်ဆယ်ရေးသင်္ဘော ဖြစ်ကြောင်း၊ အဲဒီသင်္ဘောမှာ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်
နိုင်တဲ့ လှေငယ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဆရာဝန်တွေ ပါဝင်ကြောင်း“ ပြောဆိုခဲ့ပါတယ်။

ပြင်သစ် ရေတပ်သင်္ဘော Le Mistral ဟာ
မြန်မာရေပိုင်နက်နဲ့ ၁၃ မိုင် ကွာဝေးတဲ့ နိုင်ငံတကာရေပြင်မှာ အမေရိကန် ရေတပ်သင်္ဘော သုံးစီးနဲ့အတူ စခန်းချနေတာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်သင်္ဘော USS Essex မှာတော့ ရဟတ်ယာဉ်တွေ၊ ဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေကို သွားလာနိုင်တဲ့ ယာဉ်တွေ
ပါဝင်ပြီး USS Essex သင်္ဘောဟာ တနေ့ကို ရေချို ဂါလံ ၅ သောင်း ထုတ်ပေးနိုင်သလို သူနဲ့အတူ ပါတဲ့ USS Harpers Ferry နဲ့ USS
Juneau တို့ဟာ တနေ့ကို ရေချို ဂါလံတသောင်း ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့သာ အဲဒီ သင်္ဘောတွေ ဧရာဝတီမြစ်ဝကျွန်းပေါ်က
မြန်မာပြည်သူတွေကို ကူညီနိုင်မယ်ဆိုရင်တော့ ဒုက္ခသည်တွေရဲ့ အခြေအနေ် ချက်ခြင်း လက်ငင်း သိသာသွားနိုင်ပါတယ်။


အခုအခါမှာတော့ ဒုက္ခသည်အချို့ဟာ ရွှံ့ ဗွတ်တွေထဲမှာ မြန်မာစစ်အစိုးရ ဟန်ပြ ဆောက်လုပ်ပေးထားတဲ့ ယာယီတဲများအတွင်းမှာ နေထိုင်
နေရပြီး ဘယ်လို အိပ်စက်ကြမလဲဆိုတာတောင် စဉ်းစားမရနိုင်အောင် ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းအတွင်း စာသင်ကျောင်းများမှာ ယာယီ
နေထိုင်နေတဲ့ ဒုက္ခသည်များကို မေ ၂၄ ရက်နေ့ ဆန္ဒခံယူပွဲ ပြုလုပ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အစိုးရအာဏာပိုင်တွေက နှင်ထုတ်
လိုက်တဲ့အတွက် အဲဒီ ဒုက္ခသည်များဟာ ဘုန်းတော်ကြီးကျောင်းများမှာ ခိုလှုံနေကြရပါတယ်။
ဒုက္ခသည်များ နေထိုင်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အ၀င်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး မိသားစုပုံစံ ၀င်ထွက်
သွားလာတာမျိုးမှအပ သွားလာဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ အကူအညီပေးမှုတွေကို အစိုးရက ချုပ်ကိုင်ထားတဲ့သဘောမျိုးရှိနေပြီး
သီတဂူဆရာတော်ကြီး လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ နာရေး ကူညီမှုအသင်းက လုပ်ကိုင်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ
ကတော့ လုပ်ကိုင်နိုင်ကြတယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့ (မေ ၁၅ ရက်နေ့) က နိုင်ငံတကာ
ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ခွင့် ပေးလိုက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာမှုကိုတော့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်
နေတယ်လို့ သိရပါတယ်။
မြန်မာစစ်အစိုးရသတင်းစာနဲ့ ရုပ်သံလွှင့် အစီအစဉ်များဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ မုန်တိုင်းဘေး ကာကွယ်ရေးလုပ်ငန်းများ
လုပ်ကိုင်နေပုံများ၊ ကယ်ဆယ်ရေးပစ္စည်းများ တင်ပို့ သယ်ဆောင်နေပုံများကို တွေ့ရပေမယ့် ကယ်ဆယ်ရေးစခန်း အတော်များများမှာ

ဒေသခံများက ကျွေးမွေးနေကြရတယ်လို့ ရန်ကုန်မြို့ခံတဦးက မေလ ၁၇ ရက်နေ့မှာ ပြောပြပါတယ်။ သူကပဲ “စစ်အစိုးရကတော့
ဒုက္ခသည်တွေအတွက် လုပ်မပေးနိုင်သေးဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေ ဝေစုခွဲနေတာနဲ့ အလုပ်ရှုပ်နေတယ်။“လို့ ရင်ဖွင့်ပါတယ်။
ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်းတဦးကတော့ “စစ်မှုထမ်းဟောင်းတွေကို သွပ် ရောင်း ပေးတယ်ဆိုလို့ သွားတာ
ဟိုရောက်တော့ သူတို့လူတွေ အချင်းချင်း ရောင်းတာနဲ့ ကုန်နေပြီ။“ လို့ ပြောပြပါတယ်။

ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း
ဆန်ဈေးတက်သွားပြီး ကျန် စားသောက်ကုန်ဈေးတွေလည်း တက်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ငါးဈေးကတော့ ကျနေတယ်လို့
အိမ်ရှင်မတဦးက ပြောပါတယ်။ ငါးဈေး ကျရခြင်း အကြောင်းကို မေးတဲ့အခါမှတော့ “ငါးထဲက လူ လက်ချောင်းတွေ့တဲ့သတင်း ပြန့်သွားပြီး
ကတည်းက ငါးဈေးတွေ ကျသွားတာ။“ လို့ ပြန် ပြောပြပါတယ်။ ဒါတွေကတော့ ဆင်ခြေဖုံးရပ်ကွက်များက ကြားရတဲ့ သတင်းများ
ဖြစ်ပါတယ်။
အငှားကား မောင်းသူတဦးက “မနှစ်က စက်တင်ဘာ အရေးအခင်းဖြစ်ပြီးတော့ စီးပွားရေးက ပျက်သွားတော့ အလုပ်အကိုင် မကောင်း
တော့ဘူး။ အခု နည်းနည်း ပြန်ကောင်းမယ်ရှိသေးတယ်၊ မုန်တိုင်းကိစ္စ ဖြစ်တော့ တော်ရုံတန်ရုံလူက အငှားကား မစီးတော့ဘူး။ ကားစီးနိုင်တဲ့
လူတန်းစားကတော့ သုံးနိုင် ဖြုံးနေနိုင်တုန်းပါပဲ။ အခုက လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားကို သွားပြီးတော့ ထိခိုက်တာ။ ရုံးတွေ
အလုပ်တွေဆိုရင်လည်း အလုပ် ဖြစ်ရုံလေး လုပ်နေကြတာ။ လူတွေက ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မတွေးရဲကြဘူး။
လက်ထဲမှာ ရှိတာလေးတွေ ကုန်သွားရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မတွေးရဲကြဘူး။“ လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။


ရန်ကုန်မြို့က အချို့ရပ်ကွက်တွေမှာ ရေ မီး အဆင်ပြေနေပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာစစ်အစိုးရကတော့ သံတမန်တွေနဲ့ အကူအညီပေးရေးလုပ်သားများအား မုန်တိုင်းဒဏ်သင့်ဒေသများဆီကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး စနေနေ့ (မေ
၁၇ ရက်နေ့) က လိုက်ပြပါတယ်။ အခု လိုက်လံပြသတဲ့နေရာများဟာ နိုင်ငံခြားသားများနဲ့ အကူအညီပေးရေးလုပ်သားများ သွားလာခွင့်
ကန့်သတ်ထားတဲ့ဒေသများ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အခုလို လိုက်လံပြသတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့
မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Chris Kaye (ခရစ်စ် ကေး) က “သူတို့ လိုက်ပြတဲ့နေရာတွေကတော့ ကြည့်ရတာ ကောင်းနေတာပဲ။ ဒါပေမယ့်
သူတို့က နေရာအကုန် အဖြစ်အပျက်အကုန်ကို လိုက်ပြတာ မဟုတ်ဘူး။“ လို့ မီဒီယာတွေကို ပြောပါတယ်။
အမေရိကန် သမတ ဂျော့ရှ်ဘုရှ်ကတော့ မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့မှုကို နောက်တနှစ် ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။
ဒါပေမယ့် အခုလို စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးခြင်းဟာ မုန်တိုင်းဘေးဒုက္ခနဲ့ ပတ်သက်ပြီး အကူအညီပေးနေတာတွေနဲ့ သက်ဆိုင်မှု
မရှိကြောင်း သိရပါတယ်။

အမေရိကန်တွေမှာ မကြာခင်ရက်များအတွင်းကပဲ မြန်မာနိုင်ငံကို ငွေ လွှဲပြောင်းပေးပို့တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့
စည်းမျဉ်းအချို့ကို ပြောင်းလဲခဲ့ပါသေးတယ်။ သူတို့ ပြောင်းလဲလိုက်တဲ့ ဥပဒေအရ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အကူအညီပေးငွေ
များကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အချက်ကို ပြောင်းလဲလိုက်ပေမယ့် စီးပွားရေးပိတ်ဆို့မှုနဲ့ တင်းကြပ်မှုတွေ
ကတော့ မူလအတိုင်းပဲ ရှိပါတယ်။
အမေရိကန် အောက်လွှတ်တော် အမတ် ၄၃ ဦးက သမတဘုရှ်ဆီကို စာရေးပြီး ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ်နဲ့ အခြားနိုင်ငံတွေရဲ့
ထောက်ခံမှုနဲ့အတူ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်ကာ အရေးတကြီးလိုအပ်နေတဲ့ လူ့အသက် ကယ်ဆယ်ရေး လူသားချင်း
စာနာမှုအကူညီကို ပြုလုပ်ရန် အထူး စဉ်းစားပေးစေလိုကြောင်း မေ ၁၆ ရက် (သောကြာနေ့) က တောင်းဆိုလိုက်ပါတယ်။


နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတုးကလည်း အမေရိကန် သမတ ဘုရှ်၊ ပြင်သစ် သမတ နီကိုလတ်စ် ဆာကိုဇီ (Nicolsa
Sarkozy) နဲ့ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်း (Gordon Brown) တို့ဆီ စာရေးပြီး မြန်မာစစ်အစိုးရ ကန့်ကွက်ပေမယ့် ကုလ လုံခြုံရေး
ကောင်စီရဲ့ အာဏာကို သုံးပြီး မြန်မာနိုင်ငံထဲ ၀င်ရောက်ကာ ချက်ချင်း အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံခြား ကယ်ဆယ်ရေးသင်္ဘောတွေ မြန်မာ့ပင်လယ်ပြင်အနီး ရောက်နေတာကို ပြည်တွင်းနေပြည်သူများက စိတ်ဝင်တစား စောင့်စားနေပြီး
ပြည်ပနေ မြန်မာပြည်သူများကတော့ စစ်အစိုးရ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူများကို
နိုင်ငံတကာက အကူအညီ ပေးသင့်ကြောင်း ကျယ်ကျယ်လောင်လောင် ဝေဖန် ပြောဆိုနေကြပါတယ်။

သတင်း။ ။ ဘားမား တူဒေး

0 comments: