Saturday, May 10, 2008

ဖွဲ့စည်းပုံမူကြမ်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲများမြန်မာပြည်အနှံ့ကျင်းပ

မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းအရေးတကြီးလုပ်ဆောင်ရန်နိုင်ငံတကာကတိုက်တွန်းနေသည့်ကြားမှနအဖစစ်အစိုးရက
၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံ ဥပဒေမူကြမ်းဆန္ဒခံယူပွဲကို မုန်တိုင်းဘေးသင့်သည့်နေရာများမှလွဲ၍ မြန်မာနိုင်ငံတ၀န်းလုံး၌ ယနေ့ ကျင်းပ သည်။


သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း မြို့နယ်အသီးသီး၌ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းများတွင် မဲရုံ
ဖွင့်လှစ်၍ ဆန္ဒမဲပေးပွဲ ကျင်းပခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် မဲရုံအများစု၌ လွတ်လပ်စွာ မဲပေးခွင့်ရကြကြောင်း
သိရသည်။ ဆန္ဒမဲရလဒ်များကို စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးသဖြင့် မသိရသေး သော်လည်း
အာဏာပိုင်များ၏ စနစ်တကျကြိုတင် စီစဉ်ထားမှုအောက်တွင် ကြောက်ရွံ့စွာဖြင့် အများအပြား ထောက်ခံမဲ ပေးကြကြောင်း
သိရသည်။ဆန္ဒမဲပေးပွဲအခြေအနေများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ဒေသခံများနှင့် ခေတ်ပြိုင်က ဆက်သွယ်
မေးမြန်းခဲ့ရာ ၎င်းတို့၏ ဖြေကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့။
ကျောက်ပန်းတောင်းမြို့ခံတဦးက “ကြိုတင်မဲတွေ များနေတယ်။ ရပ်ကွက်ထဲမှာ ကြိုတင်မဲတွေ ဆိုပြီး အမှန်တွေချည်း
ခြစ်ခိုင်းနေတာ။ (၁၀) ရက်မတိုင်ခင်ကတည်းက။ ရပ်ကွက်ထဲကနေ တအိမ်ဝင်တအိမ်ထွက် ခင်ဗျားတို့ (၁၀) ရက်နေ့ကျတော့ အလုပ်ပျက်တယ်။ ဒီနေ့ပေးလိုက်ပါ ဆိုပြီး နာမည်လေးနဲ့ လက်မှတ်ကလေး ထိုးပေးလိုက်ရပြီးတော့ ရပ်ကွက်က လူတွေကပဲ
အမှန်တွေ ခြစ်သွားကြတယ်။ ဒီနေ့ကျတော့ မဲရုံမှာလွတ်လပ်စွာ သွားပေးလို့တော့ ရပါတယ် ဒါပေမယ့် ကြိုတင်မဲတွေများနေတော့
လာပြီး မဲပေးတဲ့ လူက မရှိတော့ဘူး။ သူတို့ဖာသာ သူတို့ အမှန်ခြစ်ပြီးသွားပြီ။ (၈၀) ရာခိုင်နှုန်းလောက်က ကြိုတင်မဲ လုပ်ပြီးသွားပြီလေ။ မဲရုံမှာ တန်းစီ စောင့်နေတဲ့လူတွေမရှိဘူး။ တခါသွားမှ လူလေး (၂) ယောက် (၃) ယောက်လောက်ပဲ ရှိတော့ တယ်။ မဲရုံကိုသွားပြီး မဲရုံမှူးဆီမှာ မဲလာပေးကြောင်း လက်မှတ်ထိုးရတာပေါ့၊ ထိုးပြီးတော့ စာရွက်ကလေးပေးတယ်၊ ကြိုက်ရင်အမှန်ခြစ် မကြိုက်ရင် ကြက်ခြေခတ်ပေါ့၊ ဒါပေမယ့် သူတို့ဘက်က တဖက်သတ်ကြီး ပြီးသွားပြီ။ တဖက်သတ်ကြီးပဲ။ ထောက်ခံမဲက (၈၀) ရာခိုင်နှုန်း လောက်ပါသွားပြီ။ တချို့နယ်တွေ ရွာတွေမှာဆိုရင် မဲရုံကိုမရှိဘူး၊ အခန်းထဲမှာ ပေးရတယ် ဆိုတာမရှိဘူး။ သူကြီးက လာတဲ့လူတိုင်း အမှန်ခြစ်ခိုင်းတယ်။ ကျောက်ပန်းတောင်းနယ်ဘက်က လက်ပန်ပင်ရွာမှာဆို ဟာလာပြင်ထဲမှာ မဲပေးရတယ်။ မိသားစု (၅) ယောက်ရှိရင် အိမ်ထောင်ဦးစီးတယောက်က (၅) ယောက်စာဆိုပြီး အမှန်ခြစ်သွားတာ” ဟု ပြောသည်။
မန္တလေးမြို့။
မန္တလေးမြို့ခံတဦးက “ဓမ္မာရုံတွေ၊ ကျောင်းတွေမှာ မဲရုံလေးတွေ လိုက်ကာလေးတပ်ပြီး မဲပေးနေ ကြတယ်။ တုံကင်လေးတွေ လာပေးထားတယ်၊ အိမ်မှာ အဲဒီ တုံကင်လေးတွေနဲ့ မှတ်ပုံတင် နံပါတ်ကို တိုက်ပြီး မဲစာရွက် ထုတ်ပေးတယ်။ လိုက်ကာလေးတွေနဲ့ အခန်းလေးတွေနဲ့ဆိုတော့ လွတ်လွတ်လပ်လပ် မဲပေးနိုင်တဲ့ အနေအထားပါပဲ” ဟု ပြောသည်။
မင်းဘူးမြို့။
မင်းဘူးမြို့ခံတဦးက “သူတို့ စာရွက်ကလေးတွေ ပေးတယ်လေ။ စာရွက်ကလေးတွေနဲ့ တယောက်ချင်းသွားပေါ့။ လက်မှတ်ထိုးပြီး မဲထည့်ရတာပေါ့။ ထောက်ခံရင် ထောက်ခံပေါ့၊ မထောက်ခံရင် မထောက်ခံနဲ့ပေါ့၊ ထောက်ခံရင် အမှန်ခြစ်ပေါ့။ လွတ်လွတ်လပ်လပ် ပေးရပါတယ်။ စောင့်မကြည့်ဘူး၊ ခန်းစည်းလေးတွေ လုပ်ထားတယ်။ သူတို့ပေးတဲ့ စာရွက်ထဲမှာ သူထည့်တယ် ကိုယ်ထည့်တယ် မသိရဘူးလေ။ ကိုယ်ထည့်ချင်သလို ထည့်လို့ရတယ်။ သူတို့ကို ပြစရာမလိုဘူး၊ မဲပုံးထဲ ထည့်လိုက်ရုံပဲ ။ ထောက်ခံတာ များတာပေါ့ဗျာ။ ဗမာပြည်မှာတော့ သူတို့ကိုပဲ ထောက်ခံ ရတာပဲ၊ မထောက်ခံရင်လည်း သိတယ်မလား၊ ကြောက်ပြီးတော့ ထောက်ခံကြတာပဲ၊ ဒါပါပဲ။ အခြေခံဥပဒေထဲမှာ ဘာတွေပါလဲ ကျုပ်တော့ မသိဘူးဗျ။ အကုန်လုံး ထောက်ခံတော့ ကျနော် လည်း ထောက်ခံလိုက်တယ် ” ဟု ပြောသည်။
မကွေးမြို့။
မကွေးမြို့ နည်းပညာ တက္ကသိုလ် ၀န်ထမ်းတဦးက “မဲစာရွက်နဲ့ မဲရုံမှူးကနေ တဆင့် မဲပေးဖို့ လုပ်ပေးပါတယ်။ လွတ်လွတ်လပ်လပ် မဲပေးလို့ ရပါတယ်။ မဲပေးတဲ့ လူများတယ်။ ထောက်ခံတဲ့ လူများပါတယ်။ ဖွဲ့စည်းပုံက ကောင်းပါတယ် ။ ချထားတဲ့မူတွေက ဖတ်ကြည့်တာ ဒေါက်တိုင်(၃) ခုလုံး ပြည့်စုံပါတယ်။ အရင်ကထက်စာရင်တော့ ကောင်းတယ်လို့ မြင်တယ်” ဟု ပြောသည်။
ပခုက္ကူ မြို့။
ပခုက္ကူ မြို့ခံတဦးက “ ရပ်ကွက်ထဲက စာသင်ကျောင်းတွေမှာ သွားပေးရတာ။ လွတ်လွတ်လပ်လပ် ပေးလို့ရတယ်။ ဖိအားပေးတာ မရှိဘူး။ လူတွေအများကြီးပဲ သွားပေးကြတယ်။ လော်စပီ ကာနဲ့ အော်နေတယ်၊ ပေးကြဖို့။ တရပ်ကွက်ကို တရုံ (၂) ရုံ လုပ်ထားပေးတယ်။ သိသလောက် တော့ တော်တော်များများ ကန့်ကွက်မဲ ပေးကြမယ် ထင်ပါတယ်။ ကျမကတော့ ကြောက်ကြောက်နဲ့ ကန့်ကွက်မဲ ပေးလိုက်တယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့။
မူဆယ်မြို့ခံတဦးက “မဲထည့်ခွင့်ရတဲ့ လူစာရင်းစာအုပ်မှာ လက်မှတ်ထိုးပေးရတယ်။ လက်မှတ်ထိုး ပြီးရင် မဲပြားလေး ထုတ်ပေးတယ်။ မဲပြားလေးကို ယူပြီး အခန်းထဲမှာ အမှန် အမှား ခြစ်ပြီး ပုံးထဲမှာ ထည့်လိုက်ရတယ်။ ဒါပါပဲ။ အေးအေးဆေးဆေးပါပဲ။ လွတ်လွတ်လပ်လပ် ပေးလို့ရပါတယ်။ ထောက်ခံတဲ့ လူများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ကြောက်တာကိုး။ မေးလိုက်ရင် ဘယ်လိုလဲဆို အားလုံးက မလုပ်နဲ့ ကြောက်တယ်ဆိုတာချည်းပဲ။ လွတ်လပ်တယ် မလွတ်လပ်ဘူး၊ အနောက်မှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ သိတာ မဟုတ်ဘူး။ ဘယ်လို စာရင်းမှတ်ထားတယ်၊ အနောက်က စာရင်းဘယ်လိုပြန်လိုက်မယ် မသိဘူး၊ အဲဒီတော့ စိတ်ထဲမှာ ရှိတဲ့ဟာနဲ့ အားလုံး ဆန့်ကျင်ပြီးတော့ လုပ်ခဲ့ရတာပေါ့။ စိတ်ထဲမှာရှိတာတော့ နိုးပေါ့ဗျာ၊ ဒါပေမယ့် အမှန်ပဲခြစ်ခဲ့ရ တာပေါ့ ” ဟု ပြောသည်။
မြစ်ကြီးနားမြို့။
မြစ်ကြီးနားမြို့သားတဦးက “ကျနော် သွားပေးတယ်၊ အထက်တန်းကျောင်း မဲရုံမှာ၊ လွတ်လွတ် လပ်လပ် ပေးပိုင်ခွင့်ရှိတယ်လေ။ ထောက်ခံမဲ တော်တော်များတယ်နော်။ ရုံးဝန်ထမ်းတွေလည်း တော်တော်များတယ်လေ။ ကန့်ကွက်တဲ့ လူတော့ သိပ်မရှိဘူး။ ထောက်ခံတဲ့ လူတွေက ဘယ်လို ကြောင့် ထောက်ခံလဲတော့ မသိဘူး။ ကျနော် မဲပေးတာ (၂) ခါရှိပြီ ၁၉၉၀ တုန်းက တခါ မဲပေး ဘူးတယ်။ ခုမဲပေးပွဲက မှန်မှန်ကန်ကန်လို့ပဲ ထင်တာပဲ။ ကျနော်တို့ လက်လုပ် လက်စားတွေ အနေနဲ့ မထောက်ခံလို့ မကောင်းဘူးပေါ့ ဒါကြောင့် ထောက်ခံလိုက်တာပါ။ အခြေခံဥပဒေဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ စဉ်းစားထား တာဘာမှမရှိဘူး။ လေ့လာထားတာလဲ မရှိပါဘူး။ ဘုမသိဘမသိနဲ့ ထောက်ခံလိုက်တာပါ” ဟု ပြောသည်။
မြ၀တီမြို့။
မြ၀တီမြို့ခံတဦးက “မြ၀တီမှာ ဆန္ဒမဲပေးတဲ့ လူတွေကို ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့၊ စွမ်းအား ရှင်၊ စစ်တပ်၊ ရပ်ကွက်လူကြီး အပါအ၀င်၊ သူတို့ရှေ့မှာ ထည့်ရတော့ ဘယ်သူက ကြက်ခြေခတ် ရဲမှာလည်း။ မြ၀တီမှာ ကြိုတင်မဲကို ထည့်တုန်းကလည်း လူတွေက သူတို့ စာရေးတွေက ခြစ်ထား ပြီးသား မဲကိုပဲ ထည့်ရတယ်။ ဒီနေ့ မြ၀တီမှာ မဲထည့်တဲ့ ပုံစံက သွယ်ဝိုက်ပြီး ခြိမ်းခြောက် ထည့် ခိုင်းတဲ့ပုံစံ ဖြစ်နေတယ်။ အကူအညီ ပေးမလိုလိုနဲ့ စောင့်ကြည့်တာတွေ တချိန်လုံးရှိနေတယ်။ ရပ်ကွက်မှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုလည်း မရလို့ကတော့ မင်းတို့ ခွေးဖြစ်ဖို့ အသင့်ပြင် ထားလို့ ပြောထားပြီးသားပဲ။ ဒီလိုပုံစံမျိုးနဲ့ ထည့်ရတဲ့မဲဟာ သိကြားမင်းနဲ့ပြိုင်လည်း သိကြားမင်း ပဲရှူံးမယ်” ဟု ပြောသည်။
မန္တလေးမြို့။
မန္တလေးမြို့ခံတဦးက “မဲထည့်ရတာတော့ အေးအေးဆေးဆေးပါပဲဗျာ။ ဒါပေမယ့် စကားပြော စက်တွေနဲ့ ဝေါ်ကီတော်ကီတွေနဲ့ ပြောနေကြတော့ မဲပေးတဲ့လူတွေ အနှောက်အယှက်ဖြစ်တယ်။ ကြိုတင်မဲပေးမယ့် မိတ်ဆွေတယောက် မဆင်မပြေဘူး ဖြစ်သွားတယ်။ ခရီးသွားစရာရှိလို့ဆိုတာ မပေးပါနဲ့တော့တဲ့။ ရပ်ကွက်မှာ ခွဲတမ်းပြည့်သွားပြီလို့ ပြောတယ်။ မဟာအောင်မြေမြို့နယ်က အမှတ် (၃၄) မူလတန်းကျောင်း မဲရုံမှာတော့ ရပ်ကွက် (၂) ခုကလူတွေ မဲပေးစရာမလိုတော့ဘူး ကြိုတင်မဲ ထည့်လိုက်ပြီဆိုပြီးပြောလို့ အကွက်နံပါတ် (၃၉၀) နဲ့ (၃၉၁)က မိသားစုတချို့ မဲမပေး ခဲ့ရဘူး။ သူတို့နံပတ်တွေ မဲပေးပြီးပြီဆိုပြီးတော့ လက်မှတ်တောင်မထိုးခဲ့ရဘူးပြန်လာခဲ့ရတယ်။ မန္တလေးနဲ့ဆင်ခြေဖုံးကျေးရွာတွေမှာ အာဏာစက်နဲ့ ထောက်ခံခိုင်းနေတယ် ကြားတယ်။ လူတွေ ကြောက်ကြတယ်ဗျ။ သတ္တိနည်းနေသေးတယ်။ အကြောက်တရားရှိနေသေးတယ်”ဟု ပြောသည်။

(ကိုရဲ - သွေးသစ်)

0 comments: