Sunday, April 6, 2008

၈၈မျိုးဆက်ကျောင်းသားများ၏ ပြည်သူလူထုထံသို့အမှတ်တရစကားများ


ကိုမင်းကိုနိုင်
ကျနော်တို့ကျောင်းသားလှုပ်ရှားမှုကို စကြတဲ့အခါမှာခွပ်ဒေါင်းအလံကိုလွှင့်ထူပြီးတော့ ကျနော်တို့ချီတက်ကြတဲ့ အခါမှာ ကျနော်တို့ ဦးလေးအရွယ်လောက်ရှိမယ့် ပုဂ္ဂိုလ်တွေက ကျနော်တို့ချီတက်လာတဲ့လမ်းမှာ ကျနော်တို့ကို ပြေးဖက်ပြီးတော့ အဲ့ဒီခွပ်ဒေါင်းအလံကို ငါတို့လည်းကိုင်ပါရစေကွာ ဆိုပြီးတော့တုန်တုန်ရီရီနဲ့ ကျနော်တို့ကို တောင်းပန်ပြီးတော့ဆွဲကိုင်တယ်ဗျာ။ အဲ့ဒီလူကြီးဘာပြောလဲဆိုတော့ငါတို့ကွာ ဘတ်စ်ကားပေါ်ကနေပြီးတော့ သူတို့ပြေးဆင်းလာတာဗျ၊ ငါတို့ကွာ ဘတ်စ်ကားပေါ်က တွေ့လိုက်ကတည်းကငါတို့ ဒီ ခွပ်ဒေါင်းအလံကို မြင်လိုက်ရတဲ့အခါမှာ ငါတို့စိတ်တွေ ဘယ်လိုမှ ပြန်ပြီးတော့ ထိန်းချုပ်လို့မရတော့ဘူးတဲ့။ ငါတို့ စိတ်တွေ၊ သွေးတွေ ပြန်ပြီးနွေးထွေးလာတယ်၊ ငါတို့ရင်ထဲမှာ ငုပ်နေတဲ့ ခွပ်ဒေါင်းစိတ်တွေ ပြန်ပြီးတော့နိုးလာတယ်လို့ သူဝန်ခံတယ်၊ ပြီးတော့ သူတို့ကို ပြန်ပြီးတော့ မိတ်ဆက်တဲ့အခါမှာ (၁၉၇၄) ဦးသန့် အရေးတော်ပုံ ကျောင်းသားတွေပါတယ်၊ နောက်ပြီး(၁၉၆၂) ခုနှစ် (၇) ဇူလိုင်က ကျောင်းသားခေါင်းဆောင်တွေ ပြန်ပါလာတယ်။


ကိုမင်းကိုနိုင် ­

ကျောင်းသားစိတ်ဓာတ်၊ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာက အမိမြေလွတ်မြောက်ရေးအတွက် အမှန်တရားဘက်က ရဲရဲရင့်ရင့် တိုက်ပွဲဝင်တဲ့ စိတ်ဓာတ်ဆိုတာ ကျွန်တော် နားလည်ထားပါတယ်

ကိုမင်းဇေယျာ ­
(၆၂) ခုနှစ် မတိုင်မီတုန်းက အမျိုးသားရေးတာဝန်သည်လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးကိုထိန်းသိမ်းကာကွယ်ဖို့၊ လွတ်လပ်ရေးကိုဖွံဖြိုးတိုးတက်ဖို့အဲ (၆၂)နှစ်နောက်ပိုင်းမှာကျတော့ ကျနော်တို့ရဲ့ အမျိုးသားရေးတာဝန်သည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတည်ဆောက်ဖို့၊ အဲလိုမျိုးတွေပေါ့နော် အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ ဦးတည်ချက်တွေ ရည်မှန်းချက်တွေ ပြောင်းသွားတယ်လို့ကျနော်မြင်တယ်ခင်ဗျ။ ကျနော်တို့ဆိုရင်ဗျာ (မဆလ) ခေတ်မှာမွေးခဲ့တယ်၊ ဒီမိုကရေစီဆိုတဲ့ အရာကိုမခံစားခဲ့ရဘူး။ ထို့အတူ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကျနော်တို့ ကိုယ်တိုင်မကြုံခဲ့ရဘူး။ ကျနော်တို့စာပေမှာလည်း ဒီစာပေစီစစ်ရေးတွေရဲ့ အမျိုးမျိုးတည်းဖြတ်မှုတွေကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကိုကင်းကွာခဲ့ကြတယ်။ အဲတော့ ကျနော်တို့မှာ နိုင်ငံရေးအသိပြောရမယ့် တခါ အမျိုးသားရေးအသိလို့ပြောရမယ့်ဟာက အားနည်းခဲ့တယ်၊ ဒါပေမယ့် ကျနော်တို့ ကိုယ်တိုင်ကြုံခဲ့ရတာ ဘာတွေလည်းဆိုတော့ဒီစစ်အာဏာရှင်စနစ်အောက်မှာ ကျနော်တို့တွေဟာ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ပညာသင်တာဆင်းရဲရတဲ့ပညာကို အသုံးချပြန်တော့ဆင်းရဲ တနည်းအားဖြင့် ဆင်းရဲမှုမျိုးစုံနဲ့ ကြုံခဲ့ရတယ်ဗျာ။ အဲ့ဒိတော့စီးပွားရေးလွတ်လပ်မှု၊ ပညာရေးလွတ်လပ်မှု၊ လူမှုရေးလွတ်လပ်မှု၊ နိုင်ငံရေးလွတ်လပ်မှု ဒါမျိုးတွေလိုချင်လာတယ်။ အဲဒိလို အချိန်မှာ ကျနော်တို့လိုချင်တဲ့ ဒီဆန္ဒတွေကို (မဆလ) ကပိတ်ပင်တားဆီးတယ်။ဒါကို ကျနော်တို့က ဒီစနစ်ကြောင့် ကျနော်တို့တွေ ဒီလိုလွတ်လပ်မှုမျိုးတွေ ဆုံးရှုံးတာမြင်တယ်။ မြင်လို့(ကျနော်တို့ (၈၈၈၈) လုံးအရေးတော်ပုံကြီးမှာ) ဒီစနစ်ကိုကြီးကို ဖြိုခွင်းရမယ်ဆိုပြီးတော့ ကျနော်တို့ကြွေးကြော်ခဲ့တယ်၊ ကျနော်တို့ ရုန်းကန်ခဲ့တယ်။ အဲ့ဒီအတွက်လည်း အသက်သွေးချွေးပေါင်းများစွာကိုပေးဆပ်ခဲ့တယ်။ အခု အချိန်ထိလည်း ကျနော်တို့ဟာ တစ်ပါတီ စစ်အာဏာရှင်စနစ်ကနေပြီးတော့စစ်အာဏာရှင်စနစ်ကို ရောက်သွားတယ်။ အဖြစ်ကတော့ ကျနော်တို့ လိုချင်တဲ့ လွတ်လပ်မှုဒိမိုကရေစီနဲ့ လူ့အခွင့်အရေးတွေက မရသေးဘူး။ အဲတော့ မရ ရအောင်တော့ ကျနော်တို့ဆက်ပြီးတော့ တိုက်ပွဲဝင်သွားရမှာပဲ။


ကိုမင်းဇေယျာ ­
ခွပ်ဒေါင်းဆိုတာ ကျနော်တို့နိုင်ငံရဲ့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာသမိုင်းမှာ အင်မတန်ကြီးမားခဲ့တဲ့ အထိမ်းအမှတ်တခုပါ။အဲ့ဒီမှာ ခွပ်ဒေါင်းစိတ်ဓါတ်နဲ့ ကဒေါင်းစိတ်ဓါတ်ပေါ့နော်။ ခွပ်ဒေါင်းဆိုတာ တက်ကြွတဲ့သဘော၊ သတ္တိရှိတဲ့ သဘောကို ဆောင်တယ်ဗျာ။ကဒေါင်းဆိုတာက နူးညံ့တဲ့သဘော ပျော့ပျောင်းတဲ့သဘောကိုဆောင်တယ်ဗျာ။အဲဒီတော့လွတ်လပ်မှုအတွက်၊အမှန်တရားအတွက်ဖော်ထုတ်တဲ့နေရာ၊ ကာကွယ်တဲ့နေရာမှာခွပ်ဒေါင်းစိတ်ဓါတ်ရှိရမယ်ဗျာ။ အဲပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာမှာတော့ ကဒေါင်းစိတ်ဓါတ်ရှိရမယ်ဗျာ။ကျောင်းသားတွေရဲ့အခြေခံအကျဆုံးစိတ်ကတော့ဗျာ ရိုးသားဖြူစင်မှုပါ။
ခွပ်ဒေါင်းတောင်ပံခတ်သံများ အပိုင်း (၁) မှ ကူးယူဖော်ပြပါသည်။
လက်ရှိ အင်းစိန်ထောင်တွင်း ထိန်းသိမ်းခြင်းခံနေရပြီး ကျန်းမာရေးမကောင်းဖြစ်နေသော ၈၈မျိုးဆက်ကျောင်းသားများအား ဂုဏ်ပြုအမှတ်တရအဖြစ် ပြန်လည်တင်ပြလိုက်ပါသည်။

0 comments: