Wednesday, April 2, 2008

ဂျပန် အိုင်တီ ကုမ္ပဏီ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမည်

ဧရာဝတီ ၀က်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

မြန်မာနိုင်ငံတွင် ဂျပန် နာမည်ကြီး ဒိုင်အာချီ ( DAIICHI COMPUTER RESOURCE CO.,LTD ) အိုင်တီကွန်ပျူတာ ကုမ္ပဏီကြီးက အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရန်ကုန် ကွန်ပျူတာလုပ်ငန်းရှင် အသိုင်းအဝန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မှ စုံစမ်းသိရှိရသည်။

ကွန်ပျူတာဟတ်ဝဲ(Hardware) အစိတ်အပိုင်းများထုတ်လုပ်သည့်စက်ရုံ တည်ထောင်ခြင်း၊ ဆော့ဖ်ဝဲ( Software ) ဆိုင်ရာသင်တန်းကျောင်းများ တည်ထောင်ခြင်း ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ အတွက် ဆော့ဖ်ဝဲ များတီထွင်ရေးဆွဲပြီး အာရှဒေသတွင်းဈေးကွက်များသို့တင်ပို့ရောင်းချခြင်းနှင့် ကွန်ပျူတာ အိုင်တီနည်း ပညာနှင့် ပတ်သက်သောလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်မည့်အဆိုပါကုမ္ပဏီမှာ အရှေ့တောင်အာရှဒေသ ဈေးကွက် ချဲ့ထွင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်ကွန်ပျူတာ လုပ်ငန်းရှင် အသိုင်းအဝန်းကပြောဆိုသည်။



“ဒီလို ဂျပန်နာမည်ကြီးကုမ္ပဏီတခုက မြန်မာနိုင်ငံမှာလာပြီးရင်းနှီးမြှုပ်နှံတာ ဆိုတော့ မြန်မာ့အိုင်တီ လောက အတွက်တော့ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာ ကောင်းတွေရှိလာပြီလို့ ပြောရမှာပဲ” ဟု မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်တဦးက ပြောသည်။

အဆိုပါ ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကွန်ပျူတာအစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံကြီးတခု ရန်ကုန်မြို့ တွင် တည်ဆောက်ရန် အသေးစိတ်လေ့လာမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

“ဒီမှာက အလုပ်သမားခ ဈေးပေါတယ်၊ မြေယာငှားရမ်းခကလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးနည်းတယ်၊ ပြီးတော့ မြန်မာတွေက သင်ပေးရင်သင်ပေးသလောက် လုပ်နိုင်တယ်၊ အစိုးရကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု တွေလာဖို့ ဥပဒေ စည်းမျဉ်းတွေ အရမ်းလျှော့ချပေးနေတော့ နိုင်ငံရေးကို မကြည့်ဘဲ စီးပွားဖြစ်ဖို့ အမြတ်ရဖို့ စဉ်းစားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအတွက် လက်မလွှတ်သင့်တဲ့ နိုင်ငံတခုပါပဲ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ဆိုသည်။

ထို့ပြင် အဆိုပါကုမ္ပဏီက မြန်မာအိုင်တီဆော့ဖ်ဝဲပညာရှင်များကို လေ့ကျင့်သင်ကြားပေးပြီး ဂျပန်ရှိ အိုင်တီ နှင့်ဆော့ဖ်ဝဲ ကုမ္ပဏီများထံသို့စေလွှတ်မည့် အစီအစဉ်များရှိခြင်းကြောင့် မြန်မာလူငယ်ကွန်ပျူတာပညာရှင်များက အထူးစိတ်ဝင်စား နေကြကြောင်း ကေအမ်ဒီ ( KMD ) ကုမ္ပဏီမှ ဆော့ဖ်ဝဲ ပညာရှင် လူငယ်တဦးက ပြောသည်။

“ကျနော် ဂျပန်စာကို လေ့လာနေတယ်၊ အဲဒီကုမ္ပဏီက အလုပ်ခေါ်ရင် အဆင်သင့်ဖြစ်နေအောင်လို့ပါ၊ တခြား ဆော့ဖ်ဝဲ ပညာရှင်တွေလည်း အဲဒီကုမ္ပဏီသတင်းကို ကြားကတည်းက ဂျပန်စာ သင်နေကြတယ်၊ ဂျပန်မှာ ဆော့ဖ်ဝဲပညာရှင်အဖြစ် အလုပ်လုပ်နိုင်ဖို့ဆိုတာ ကျနော် အရမ်းမျှော်လင့်နေတဲ့ အိမ်မက်ကြီးတခုပဲ” ဟု အဆိုပါလူငယ်က ပြောသည်။

သို့ရာတွင် ရန်ကုန်ရှိ ကွန်ပျူတာလုပ်ငန်းရှင်တဦးကမူ မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံသည့် ဂျပန် ကုမ္ပဏီ အနေဖြင့် မကြာမီရင်းနှီမြှုပ်နှံမှုများပြန်လည်းရုပ်သိမ်းသွားမည် ဟုထင်ကြောင်း ၊ အိုင်တီကွန်ပျုတာ ကုမ္ပဏီများအတွက် အင်တာနက်အွန်လိုင်းမြန်ဆန်မှုမှာ လွန်စွာအရေးကြီးကြောင်း၊ စစ်အစိုးရအုပ်ချူပ်သော မြန်မာနိုင်ငံတွင် အင်တာနက် မြန်နှုန်းများကိုထိန်းချူပ် နှေးကွေးထားပြီး ရက်ပေါင်းများစွာကြာသည့်တိုင် ဖြတ် တောက်မှုများရှိသည့်အတွက် ဂျပန်ကုမ္ပဏီအနေဖြင့် ရေရှည်အလုပ်လုပ်နိုင်ရန်မလွယ်ကြောင်း၊ လက်ရှိပြည်တွင်း မြန်မာကုမ္ပဏီများပင် အင်တာနက်မြန်နှုန်းနှေးကွေးခြင်းနှင့် ဖြတ်တောက်ခြင်းတို့ကြောင့် လုပ်ငန်းရပ်ဆိုင်းမှုများ ရှိနေကြောင်း သုံးသပ်ပြောဆိုသည်။

“အစိုးရက စိတ်မထင်ရင်မထင်သလို အင်တာနက်နှေးလိုက်၊ ဖြတ်လိုက်လုပ်နေတာ ဒီအင်တာနက်အခြေခံတဲ့ ကွန်ပျူတာ ကုမ္ပဏီတွေအတွက် အရမ်းဒုက္ခရောက်တယ်၊၂၀၀၇ စက်တင်ဘာ တုန်းကဆိုရင် အင်တာနက်တွေ ဖြတ်ထားတော့ ကျနော်တို့လုပ်ငန်းတွေအားလုံး ရပ်ပစ်လိုက်ရတယ်၊ ရက်ပေါင်းများစွာကြာအောင် လုပ်ငန်းရပ် လိုက်ရတော့ ကျနော်ကုမ္ပဏီ ဆိုရင် အပ်ထားတဲ့အလုပ်တွေမပြီးလို့ ကျပ် သိန်းတရာကျော်လောက် ရှုံးတယ်၊ အခုလည်း အင်တာနက်က နှေးနေတုန်းပဲ” ဟုအဆိုပါ လုပ်ငန်းရှင်ကဆိုသည်။

အဆိုပါ ဒိုင်အာချီ ကွန်ပျူတာကုမ္ပဏီသည် ၁၉၆၉ ခု နှစ် ဒီဇင်ဘာအတွင်းက စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ နာဂိုယာမြို့အခြေစိုက်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမပြုလုပ်နိုင်ရန် အီးယူဥရောပသမဂ္ဂအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စုက ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း ဂျပန်စီးပွားရေးကုမ္ပဏီအများစုမှာ လုပ်အား ခသက်သာပြီး မြေယာအရင်းအနှီးဈေးပေါသည့်အတွက် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လေ့လာ နေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်ကုန်သွယ်ရေးအဖွဲ့( Japan External Trade Organization ) မန်နေးဂျင်း ဒါရိုက်တာ မစ္စတာအီတာရို ကိုဂျီးမား ( Mr.Eitaro Kojima) က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ်သတင်း ဂျာနယ်များတွင် ဖော်ပြသည်။

အထူးသဖြင့်မြန်မာနိုင်သို့ တရုတ်နိုင်ငံမှ ဂျပန်အထည်ချူပ်စက်ရုံများ ပြောင်းရွှေ့လုပ်ကိုင်ရန် အစီအစဉ်များရှိ သည်ဟု မစ္စတာ ကိုဂျီးမားက ပြောဆိုကြောင်း သတင်းဂျာနယ်များက ဆိုသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် ဂျပန်စီးပွားရေးကုမ္ပဏီစုစုပေါင်း ခြောက်ဆယ်ရှိကြောင်း မြန်မာနိုင်ငံကုန် သည်ကြီးများအသင်းမှ အမှုဆောင်တဦးက ပြောသည်။

၂၀၀၇ ခုနှစ်သံဃာတော်များ ဦးဆောင်သော စက်တင်ဘာလူထုလှုပ်ရှားမှုများကို သတင်းရယူခဲ့သော ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် မစ္စတာ နာဂါအိကန်ဂျိ စစ်အစိုးရ၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရ သည့်အတွက် ဂျပန်အစိုးရကမြန်မာစစ်အစိုးရသို့ပေးမည့် အမေရိကန်ဒေါ်လာ ၄ . ၇ သန်းတန် အကူအညီတခု ကိုသာ ရပ်ဆိုင်းခဲ့သည်မှအပ တစုံတရာအရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပေ။

0 comments: