Wednesday, March 5, 2008

နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကန့်ကွက်သည့် တန်ပြန် လူထုဆန္ဒခံယူပွဲများ စတင်လုပ်ဆောင်

ပီတာအောင်/ ၃ မတ် ၂၀၀၈
နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုတင်ဆန့်ကျင်ကန့်ကွက်သည့်လက်မှတ်များ ကောက်ခံသည့် လှုပ်ရှားမှုကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (ဘီအယ်လ်အက်စ်အို) က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နအဖ၏ဖွဲ့စည်းပုံသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရန်နှင့် ပြည်သူများကို ပိုမိုဆင်းရဲမွဲတေစေပြီး တရားဥပဒမဲ့ဖိနှိပ်အုပ်ချုပ်နိုင်ရန် တဖက်သတ်ရေးထားသည့်ဥပဒေဖြစ်ကြောင်း၊ ထို ဥပဒေကို ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန်လုပ်ဆောင်မှုသည် ရှစ်လေးလုံးအရေးတော်ပုံ၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်နှင့် ပြည်သူ့ဆန္ဒကို လျစ်လျူရှုခြင်းဖြစ်သဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင် ကြရန် ဘီအယ်လ်အက်စ်အိုက ကြေညာသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သော နအဖစစ်အစိုးရ၏ ပြည်လုံးကျွတ်ဆန္ဒခံယုပွဲ ဥပဒေ၌ ပြည်ပသို့ တရားမ၀င်ရောက်နေသူတို့အား ဆန္ဒမဲပေးခွင့်မပြုခြင်းကို ကန့်ကွက်ကြောင်းလည်း ဘီအယ်လ်အက်စ်အိုက ပြောကြားသည်။

ယင်းအဖွဲ့၏ တာဝန်ခံ ကိုသံဒုတ်က “လူထုဆန္ဒခံယူပွဲပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံပဲဖြစ်ဖြစ် နိုင်ငံတခုရဲ့ အသက်ပဲ။ ကျနော်တို့ ဗမာပြည်သားအလုပ်သမားတွေဟာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ အစရှိတဲ့နိုင်ငံတွေမှာ သန်းနဲ့ချီပြီးရှိနေတယ်။ အဲဒါတွေဟာ ကိုယ့်နိုင်ငံသားတွေဖြစ်တယ်ဆိုရင် သူတို့ကိုဆုံးဖြတ်ခွင့်ပေးရမယ်။ သံရုံးတွေကတဆင့် သက်ဆိုင်ရာနိုင်ငံက အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး သူတို့ရှိတဲ့နေရာကို မဲပုံးတွေ အရောက်ပို့ပေးရမှာဖြစ်တယ်။ အဲဒါကို မလုပ်ဘဲနဲ့ တရားမ၀င်ရောက်နေသူတွေကို မဲပေးခွင့်မရှိလို့ဆိုတာဟာ ဒါက သက်သက် ရွှေ့ပြောင်းအလုပ် သမားထုတရပ်လုံးကို စော်ကားလိုက်တာပဲ” ဟု ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် မဲဆောက်မြို့ရှိ အလုပ်သမားထုအတွင်း ကွင်းဆင်းကာ နအဖ၏ အခြေခံ ဥပဒေအကြောင်း ရှင်းလင်းပွဲများပြုလုပ်၍ ဆန့်ကျင်ကန့်ကွက်သည့်လက်မှတ်များကို ယမန်နေ့ ကစတင်၍ ကောက်ယူနေကြောင်း သိရသည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့၊ မဟာချိုင်နှင့် လာအို၊ ကမ္ဘောဒီးယားနယ်စပ်ရှိ မြန်မာအလုပ်သမားများ ထံမှလည်း လက်မှတ်များကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရရှိသည့်လက်မှတ်များကို နအဖကျင်း ပမည့် ဆန္ဒခံယူပွဲမတိုင်မီ လူသိရှင်ကြား ထုတ်ပြန်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထံသို့လည်း ပေးပို့မည်ဟု ကိုသံဒုတ်က ပြောသည်။

နအဖစစ်အစိုးရက ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကို လာမည့် မေလတွင် ကျင်းပ၍ ၂၀၁၀ ပြည့်နှစ်၌ ရွေးကောက်ပွဲသစ် ပြုလုပ်မည်ဟု ယခင်လဆန်းပိုင်းက ကြေညာထားသည်။နအဖ၏ဖွဲ့စည်းပုံသည် အလုပ်သမားလူတန်းစားအတွက် အရေးကြီးသည့် လွတ်လပ်စွာစည်းရုံးခွင့်၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်၊ အလုပ်ရှင်နှင့် အလုပ်သမားကြား စေ့စပ်ပိုင်ခွင့် စသည့် အလုပ်သမားတို့၏ ရပိုင်ခွင့်များကိုလည်း လုံးဝအာမခံချက်ပေးထားခြင်းမရှိဟု ဘီအယ်လ် အက်စ်အိုက ဝေဖန်ပြောကြားသည်။

အလားတူ စင်ကာပူနိုင်ငံ၌လည်း နအဖ၏ဖွဲ့စည်းပုံကို ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်များ စုဆောင်းသည့်လှုပ်ရှားမှုကို မျိုးချစ်မြန်မာများအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments: