Saturday, March 15, 2008

တိဗက်မြို့တော်တွင် ဘုန်းတော်ကြီးများ၏ လှုပ်ရှားမှုကို တရုတ် အာဏာပိုင်များက နှိမ်နှင်း

တိဗက် သံဃာတော်တွေရဲ့ လာဆာမြို့တော်က အကြီးဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းကို ထောင်နဲ့ချီတဲ့ တရုတ် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သိမ်းပိုက် ချိတ်ပိတ်လိုက်တာကြောင့် ပြီးခဲ့တဲ့ ရက်တွေက မြို့တော် လာဆာမှာ တင်းမာမှုတွေ ကြီးထွားလာခဲ့ရတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ အနှစ် ၂၀ အတွင်း အကြီးမားဆုံး တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တိဗက် သံဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့ လာဆာမြို့တော်မှာ ပေါ်ပေါက်လာခဲ့ရတာပါ။ လာဆာမြို့တော်မှာ တိဗက်ကို တရုတ်က ကျူးကျော် သိမ်းပိုက်ထားတာ ၄၉ နှစ်ပြည့် အထိန်းအမှတ် လူထုအုံကြွမှုအဖြစ် တိဗက်သံဃာတော်တွေ ဦးဆောင်ပြီး ဆန္ဒပြဖို့ ကြိုးစားကြတာ အခုဆို မအောင်မမြင်လည်း ဖြစ်ခဲ့ရတာပါ။

“ဒါကတော့ တိဗက်လူထုက စိတ်ကုန်စိတ်ပျက် သည်းမခံနိုင်ကြတော့တာကို ပြတာပဲလေ။ ဒါ့အပြင် တရုတ်မှာလုပ်မယ့် ကမ္ဘာ့အိုလံပစ် အားကစားပွဲကို ကမ္ဘာက အာရုံစိုက်နေကြတာကို တိဗက် ပြည်သူတွေက ကောင်းကောင်းသိနေကြတော့ ဒီအခွင့်အရေးကို သူတို့က အမိအရ အသုံးချကြတာပေါ့ဗျာ။ ဒါမျိုးက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စမျိုး သိပ်ကို တင်းကြပ်ထားတဲ့ ဆန္ဒပြတာမျိုးကို တိဗက်ပြည်သူတွေ ကြိုးစားခဲ့ကြတာပဲလေ။”
အခုလို တိဗက်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်မလာခင် ကမ္ဘာကျော် သံဃာတော်တွေရဲ့ လှုပ်ရှားမှုတစ်ခုကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးလို့ ခေါ်ကြတဲ့ လှုပ်ရှားမှုပါ။ အခုတခါ တိဗက်သံဃာတော် တွေရဲ့ အာဏာပိုင်တွေကို အံတုလှုပ်ရှားမှုတွေ ပေါ်ပေါက်လာရတာဟာလည်း မြန်မာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို ပြန်ပြောင်းအမှတ်ရစေပါတယ်။ အဲဒီတုန်းကလည်း မြန်မာလုံခြုံရေး အာဏာပိုင်တွေဖက်က အင်အားသုံး နှိမ်နှင်းခဲ့တာကို ခံခဲ့ရတာဖြစ်လို အခုလည်းပဲ တရုတ်အာဏာပိုင်တွေက အလားတူ အရေးယူဆောင်ရွက်တဲ့အပေါ် မြန်မာသံဃာတော်တွေ အနေနဲ့လည်း စိုးရိမ်မကင်း ဖြစ်နေကြရတာပါ။
ဆန္ဒပြပွဲအတွင်း သေဆုံးသူဦးရေမှာ (၁၀)ယောက်ဟု တရုတ်အစိုးရပိုင်သတင်းဌာနမှ ထုတ်ပြန်ကြေငြာသော်လည်း အမှန်တကယ်သေဆုံးသူဦးရေမှာ (၁၀၀)ခန့်ဖြစ်ကြောင်း cnnသတင်းအရသိရှိရပါသည်။
source ။ ။ voa

0 comments: