Tuesday, March 4, 2008

သီးလေးသီးအငြိမ့်အဖွဲ့ဖျော်ဖြေမှု ဂျပန်ရောက်မြန်မာပရိတ်သတ်များ သောင်းသောင်းဖျဖျအားပေး

နာမည်ကျော် သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲကို တိုကျိုမြို့ အိခဲဘုခုရိုအရပ်ရှိ မြန်မာစတိတ်ရှိုးပွဲများနှင့် အခမ်းအနားများကျင်းပလေ့ရှိသည်၌ ခိုကိုင်းဒိုးခန်းမတွင် မတ်လ(၂)ရက်နေ့ကတင်ဆက်ကပြရာ ဂျပန်ရောက်မြန်မာလူမျိုး ပရိတ်သတ် (၇၀၀)ကျော် အားပေးခဲ့ကြပြီး၊ ကပွဲကို အောင်အောင်မြင်မြင်ဖြင့် တင်ဆက်ကပြနိုင်ခဲ့ကြောင်း သိရသည်၊


အခြားနိုင်ငံဖျော်ဖြေပွဲများနှင့်မတူဘဲ ဂျပန်ရှိတစ်ခုတည်းသောယဉ်ကျေးမှု အနုပညာအဖွဲ့ဖြစ်သည့် မင်္ဂလာဒိုးအဖွဲ့သားများ၏ အင်အားပြည့်ကူညီပံပိုးတင်ဆက်မှု ဖြင့် ‘သူတောင်းစားညီလာခံတခန်းရပ်ပြဇတ်‘။ မရိုးနိုင်သည့်‘ဦးရွှေရိုး-ဒေါ်မိုးအက‘၊ ‘သင်္ကြန်သံချပ် တေးသံသာ‘များအပြင် လူရွှင်တော်ဇီသီး၏ တေးသီချင်းဖျော်ဖြေခန်း။ နောက်ဆုံး ပရိတ်သတ် မျှော်လင့်စောင့်စားနေသည့် ‘သီးလေးသီးဆေးရောင်စုံအငြိမ့်ခန်း‘တို့ကို တင်ဆက်ကပြ ဖျော်ဖြေသွားခဲ့သလို ပရိတ်များများမှလည်း ဆုငွေများကို အများအပြားချီးမြင့်ခဲ့သည်ကို တွေ့ရသည်၊

အဖွင့်အစီအစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုစပ်ဆိုထားသည့် ‘ဗမာ့သားကောင်း‘သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး။ ‘မြနန္ဒာ‘သီချင်းဖြင့် ပရိတ်သတ်များနှင့်အတူ ပျော်ပျော်ရွင်ရွင်သီဆို၍ နောက်ဆုံးပိတ်ဖျော်ဖြေခန်းအဖြစ် တင်ဆက်ခဲ့သည်၊န.အ.ဖစစ်အုပ်စု၏အားနည်းချက်များကို ဝေဖန်ထောက်ပြသည့် အပြုသဘော ဆောင်သည့်ပျက်လုံးများဖြင့် နာမည်ကျော်ကြားလှသည့် သီးလေးသီးလူရွှင်တော်များ၏ ပျက်လုံးများမှာလည်း နေရာဒေသအလိုက် တီထွင်ဆန်းသစ်နေအောင် တစ်ပွဲနှင့်တစ်ပွဲမတူ တမူထူးခြားနေအောင်တင်ဆက်ကပြသွားခဲ့သည်၊

ဆက်လက်၍ သီးလေးသီးအငြိမ့်အဖွဲ့သည် အမေရိကန်။ ကနေဒါ။ ဆွီဒင်။ ၾသစေတးလ်။ နော်ဝေစသည့်နိုင်ငံများသို့လည်း ဖျော်ဖြေရန် ဖိတ်ခေါ်ကမ်းလှမ်းခြင်းခံထားရကြောင်း။ အမေရိကန်ဖျော်ဖြေပွဲမှာလည်း လက်မှတ်အတော်များများရောင်းချထားပြီး ဖြစ်ကြောင်း နယူးယောက်ရှိ ပွဲစီစဉ်သူတဦးဖြစ်သူ မချောစု၏ပြောပြချက်အရ သိရရှိသည်၊
ရေးသားပေးပို့သူ-သန့်မျိုးထွေး(MTK)

0 comments: