Friday, January 18, 2008

မြန်မာ့ဆက်သွယ်ရေးက ဘလော့ဂ်ဆိုဒ် ပိတ်ပင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ရန်ကုန်မြို့ရှိ Internetဆိုင်တခု
မဇ္ဈိမသတင်းဌာန
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့နံနက်မှစ၍ ဘလော့ဂ် တင်၍ရသော www.blogger.com ကို ၀င်ရောက်ကြည့်ရှု သုံးစွဲမရအောင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီးချိန်မှစ၍ ဘလော့ဂ်များကို မြန်မာနိုင်ငံတွင်း ကြည့်ရှုခွင့်ကို အင်တာနက် ၀န်ဆောင်မှုပေးသော ပုဂံတယ်လီပေါ့ (Bagan Teleport) က တားမြစ်ခဲ့ပြီး ယခုအခါ နောက်ထပ် ကျန်ရှိသည့် အင်တာနက် ၀န်ဆောင်မှုပေးသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ဆသရ) အောက် အင်တာနက် သွယ်ထားသော ကွန်ပြူတာများမှ ကြည့်ရှုခွင့် မရခြင်း ဖြစ်သည်။

အင်တာနက် ၀န်ဆောင်မှု နှစ်ခုလုံးကိုတော့ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း စီမံခန့်ခွဲမှုဌာန ကွဲပြားခြင်း ဖြစ်သည်။
သို့သော် မဇ္ဈိမသတင်းဌာနက ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်မေးမြန်းရာတွင် အရာရှိတဦးက ပိတ်ပင်ခြင်း မဟုတ်ကြောင်းနှင့် မည်သည့်အတွက် ၀ဘ်ဆိုဒ်သို့ သွားရောက် ကြည့်ရှုမရသည်ကို မသိရှိကြောင်း ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ ဆက်သွယ်ရေး ၀န်ထမ်းကလည်း ပိတ်ပင်ရန် တရားဝင် ညွန်ကြားချက် မရှိကြောင်း ပြောသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။
ဘလော့ဂ်များသည် ယမန်နှစ် စက်တင်ဘာလ ရဟန်းရှင်လူ အုံကြွသည့် အရေးတော်ပုံအတွင်း စစ်အစိုးရ လွန်စွာ ထိန်းချုပ်သည့်ကြားမှ မြန်မာပြည် အခြေအနေကို ပြင်ပကမ္ဘာက သိရှိအောင် စွမ်းဆောင်ရာတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။

0 comments: