Sunday, October 28, 2007

တွေ့ ဆုံမှုဆိုတာ နဲ့  တွေ့ ဆုံဆွေးနွေးခြင်းဆိုတာတို့ ဟာ တခြားစီပဲ။


နအဖမီဒီယာတွေမှာ ပြီးခဲ့တဲ့စက်တင်ဘာသံဃာ့အရေးတော်ပုံကို ကြံဖန်လည်ဆယ် အပုပ်ချတိုက်ခိုက်နေကြတယ်၊ ဒါ မဆန်းဘူးလို့  ပြောနိုင်တယ်၊ သဲသဲမဲမဲပဲ၊ ဒါပေမဲ့ နွားပြာကြီးအောက်သွားမရှိတာကိုတော့ ဘယ်လိုမှဖုံးမရဘူး၊ ဟိုလူက ခေါင်းခေါက် မာန်လိုက်။ ဒီလူက ကျောသပ်ဆုံးမလိုက်။ သကာရည်လူးထားတာနဲ့  လူးမထားတာပဲကွာတယ်။ တကမ္ဘာလုံးက ၀ိုင်းပြီးပညာပေး နေကြတာတွေကို မျက်ထောင့်နီကြီးနဲ့ ငုံ့ ခံနေရတယ်၊

နိုင်ငံတကာနယ်ပယ်မှာ ဒီနေ့ လောက် နိုင်ငံရေးအရ နအဖ ခံစစ်ရောက်တာမရှိသေးဘူးလို့  ဆိုနိုင်တယ်၊ သူတို့ မောက်မောက် မာမာ မောင်းထုတ်ခဲ့တဲ့ ပီညဲရိုးကို သွားဖြီးလေးနဲ့ပြန်ကြိုနေရပြီ၊ ဂမ်ဘာရီကိုလည်း တလလောက်အတွင်း ထပ်လာတာကို လက်ခံနေရတယ်၊ နောက်ဆုံးပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြင်ထုတ်လာရတယ်၊ ဒါတွေဟာ နအဖ စစ်အစိုးရအနေနဲ့  သံဃာ့အရေးတော်ပုံနဲ့  နိုင်ငံတကာဖိအားကို အသိအမှတ်ပြု။ အလျှော့ပေးနေရတာဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး၊

ဒါပေမဲ့- ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေကျင်းတန်းလန်းနဲ့  ရုံးထွက်ရတဲ့တရားခံလိုဖြစ်နေတယ်၊ ဗိုလ်အောင်ကြည်နဲ့ ထိုင်ကြတော့ ကင်မရာတွေတဖြတ်ဖြတ်။ လူတွေတရုန်းရန်းနဲ့ ၊ ဒါပေမဲ့ ဒါဟာတဒင်္ဂကိစ္စ။ ပြီးတာနဲ့ သူ့ ရဲ့  တကိုယ်တော်အိမ်ချုပ်ဆီ ပြန်ဝင်သွားရတယ်၊ ထောင်ဝင်စာတွေ့ တာနဲ့  မထူးလှဘူး၊ ရေးထားသည်ဖြစ်စေ။ ရေးမထားသည်ဖြစ်စေ၊ ထုတ်ပြောသည်ဖြစ်စေ။ ထုတ် မပြောသည်ဖြစ်စေ။ ငါတို့ စိတ်ကြိုက်မတွေ့ ရင် အပြင်လောကကို မထွက်ရဘူးဆိုတဲ့ ခြိမ်းခြောက်မှုဟာ ဒီတွေ့ ဆုံမှုမှာ အထင်အရှာား လွမ်းမိုးနေတယ်၊

တန်းတူရည်တူမရှိခြင်း။ လွတ်လပ်ပွင့်လင်းမှုမရှိခြင်း။ ဒီမိုကရေစီနည်းလမ်းမကျခြင်းတို့ ဟာ ဒီတွေ့  ဆုံမှုရဲ့  သင်္ကေတဖြစ်တယ်၊ မီဒီယာဖော်ပြမှု။ ၀ါဒဖြန့် မှုတို့ ဟာ ဒီတွေ့ ဆုံမှုရဲ့  ပကာသနသာဖြစ်တယ်။

ဒါတွေအပြင် အင်မတန်သတိပြုသင့်တဲ့အချက်တချက်က ဒါဟာ တွေ့ ဆုံမှု သက်သက်သာဖြစ်တယ်ဆိုတာပဲ၊ တွေဏ္ဍဆုံမှုဆိုတာ နဲ့  တွေ့ ဆုံဆွေးနွေးခြင်းဆိုတာတို့ ဟာ တခြားစီပဲ၊ တွေ့ ဆုံရုံသက်သက်နဲ့ တော့ ဘာမှဖြစ်မလာဘူး၊ စကားပြောတယ်ဆိုတိုင်းလည်း ဆွေးနွေး ညှိနှိုင်းတယ်လို့  ပြောမရဘူး၊

နအဖဟာ ဗိုလ်ခင်ညွန့် လက်ထက်တုန်းကလုပ်သလို ဗိုလ်သန်းထွန်းနဲ့ လွဲထားတဲ့ဇာတ်မျိုး ပြန်ကလို့ ကတော့ ခွင့်မပြု နိုင်ဘူး။ အခုနအဖလုပ်နေပုံက အဲဒီအချိုးနဲ့  နည်းနည်းတူနေတယ်၊ ပြည်သူလူထုကြီးဟာ သူတို့ လိမ်သမျှအလိမ်မိနေတယ်လို့  ထင်နေရင် တော့မှားပြီဘဲ။ လူတွေဟာ စိတ်မရှည်စွာစောင့်ဆိုင်းနေတာ ဆိုတာမမေ့ပါနဲ့ ၊ အနှစ်နှစ်ဆယ်နီးပါးဝါးလာတာ ခါးမှန်းမသိပဲ ရှိပါ့မလား၊

နအဖမှာ အဆိုးကြီးဆုံးချို့ ယွင်းချက်ဟာ မရိုးသားတာပဲ၊ မရိုးသားတော့မပွင့်လင်းနိုင်ဘူး၊ မပွင့်လင်းတော့ သူများကမယုံဘူး၊ သူများဆိုတာလည်း နည်းတဲ့သူများမဟုတ်ဘူ၊ ပြည်တွင်းမှာ တပြည်လုံး။ ပြည်ပမှာနိုင်ငံအားလုံး၊ သူများမယုံလို့ ကတော့ အာဏာဆက်မယူနေသင့်တာအမှန်ပဲ။

နှစ်ဘက်ဆွေးနွေးကြတယ်ဆိုရာမှာ ဘယ်သူမဆို။ ဘယ်အချိန်မဆို ကိုယ့်ရည်မှန်းချက်ရယ်လို့  ရှိတာချည်းပဲ၊ ခြွင်းခွင်းချက်မရှိဘူး၊ ဒါမဆန်းဘူး၊ ဒါပေမဲ့အဲဒီရည်မှန်းချက်ဟာ ရိုးသားဖို့ လိုတယ်၊ အချိန်ဆွဲချင်လို့ ။ သူတို့ အပေါ် ပြည်တွင်းပြည်ပက ဖိအားတွေလျော့ ကျစေချင်လို့ ဆိုတာမျိုးနဲ့  ဆွေးနွေးတယ်ဆိုလို့ ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး၊

မကောင်းတဲ့အကျိုးဆက်ပဲဖြစ်မယ်၊ ဗိုလ်နေ၀င်းဟာ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာတွေ ခေါ်ခဲ့တယ်၊ ဒါပေမဲ့ ခေါ်တဲ့အခါတိုင်းဟာ ၀ါဒဖြန့် ရေးသက်သက်။ ဟန်ဆောင် သက်သက်ဖြစ်ခဲ့လို့  ဘယ်ဆွေးနွေးပွဲမှ မအောင်မြင်ခဲ့ဘူး၊ ဒါတောင်ပြောစရာတခုရှိတယ်။ အဲဒါက ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”ခေါ်တယ်ဆိုရာမှာ ကြိုတင်သတ်မှတ်ချက်ဘယ်တော့မှမထားဘူး၊ နအဖကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲ မစမီ လက်နက်ချခိုင်းနေတယ်၊ စစ်အုပ်စုချင်းအတူတူ။ မရိုးသားတာချင်းအတူတူ ဘာလို့ ဒီလိုကွာခြားနေတာလဲ၊

ဗိုလ်နေ၀င်းအာဏာသိမ်းတာဟာ ပထစအစိုးရလက်ထဲကသိမ်းတာဖြစ်ပြီး နိုင်ငံရေးအစိုးရလက်ထက်က အစဉ်အလာတွေ ကျန်နေသေးတယ်၊ ပုဂ္ဂလိကမီဒီယာတွေလည်းရှိနေသေးတယ်၊ ဒီတော့ထောက်ထားရတာတွေ မနည်းဘူး၊ နအဖကျတော့ သူ့ ရှေ့ က အစဉ်အလာဆိုတာကိုက စစ်အာဏာရှင်စနစ်ရဲ့  အစဉ်အလာဖြစ်နေတယ်၊ ပြည်တွင်းမှာ လွတ်လပ်တဲ့မီဒီယာဆိုတာလည်း လုံးဝ မရှိတော့ဘူး။

နောက်ပြီး သိပ်အခရာကျတဲ့ ခြားနားချက်တခုက ဗိုလ်နေ၀င်းအာဏာသိမ်းစတုန်းက ဗိုလ်နေ၀င်းဟာ သူ့ တပ်ကို ပိုင် တယ်၊ ပြည်တွင်းပြည်ပမှာ သူ့ ကိုဆန့် ကျင်နေကြတဲ့ အင်အားဟာလည်း အခုလောက်မများဘူး၊ ဗိုလ်သန်းရွှေကျတော့ ချောင်ပိတ် မိနေသလိုဖြစ်နေတယ်၊ သူ့ တပ်ကလည်း သူ့ ကိုနည်းနည်းမှ ကြည်ညိုတာမဟုတ်ဘူး၊ ဒီလိုအခြေအနေမျိုးမှာ ရေနစ်သူကောက်ရိုးး မြှင်ကို လှမ်းဆွဲသလို လုပ်နေရတာဆိုတော့ နပိန်ကန် ကန်တော့တာပဲ၊

မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးညီညွတ်ရေးကို အာသာငမ်းငမ်းတောင့်တခဲ့ကြ တာ ကနေ့ အထိဆိုရင် အနှစ် (၅၀) ကျော်သွားပြီ၊ ဒီကာလအတွင်း သေကြေသူတွေ။ ပျက်စီးသွားတဲ့အိမ်ထောင်စုတွေ။ စည်းစိမ်ဥစ္စာ တွေ။ ဘယ်လိုရေတွက်လို့ မှ အမှန်မသိနိုင်တော့ဘူး၊

စစ်အုပ်စုဟာတဘက်က ဖြစ်နေပြီး တလျှောက်လုံးပဲ အင်မတန်တင်းမာတဲ့ သဘောထားကို ကိုင်စွဲထားခဲ့တယ်၊ လက်နက်ရှိရင် အရာရာကိုဖြေရှင်းနိုင်တယ်။ အရာရာကို စိုးမိုးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့  ငါမှတပါးဝါဒကို ကျင့်သုံးနေတယ်။

နှစ်ပေါင်း (၅၀) ကျော်ကျင့်သုံးလို့ မှ မအောင်မြင်တဲ့။ အဆိုးတွေသာ ဆက်တိုက်ကြုံတွေ့ ရတဲ့။ တိုင်းပြည်ကိုပြာပုံထဲ ဆွဲပို့ တဲ့ ၀ါဒဟာ မှားကြောင်းမသိလောက်အောက် ဗိုလ်သန်းရွှေတို့  အသိခေါက်ခက် အ၀င်နက်ရသလား၊ ဗိုလ်နေ၀င်းကတော့ အသက် (၇၀) ကျော်တဲ့အခါမှာ မအောင်မြင်မှန်းသိလို့  သူ့ ဖာသာပလ္လင်ပေါ်က ဆင်းချသွားတယ်၊ ဗိုလ်သန်းရွှေရဲ့  အာဏာတဏှာာဟာ ပိုဆိုးတယ်လို့  ပြောရတော့မယ်၊

ရေးသားသူ - ဗသြ

0 comments: