Tuesday, October 16, 2007

ကျောင်းသားများ သွေးချင်းဆက်၍ လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက် ကျောင်း သားများ ပြောကြား

NEJ/ ၁၅ အောက်တိုဘာ ၂၀၀၇
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အတော်များများ အဖမ်းဆီးခံခဲ့ရသော်လည်း ကျောင်းသား လှုပ်ရှားမှု သည် ရပ်တန့်သွားမည်မဟုတ်ဘဲ ပြည်သူများနှင့်အတူ အမှန်တရားဘက်မှ ဆက်လက် ရပ်တည်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုစိုးထွန်းက ပြောကြားသည်။
၎င်းက “အခုလောလောဆယ်တော့ ကျနော်တို့က လုံခြုံရေးအရ ခေတ္တခဏငြိမ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ခ ဏ ငြိမ်သက်လိုက်တာပါ၊ လူထုထဲမှာ အချိတ်အဆက်ရှိရှိနဲ့ ရှိနေပါတယ်။ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုအရှိန် အဟုန်ဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှုကြောင့် ကျနော် တို့ရဲ့ မျိုးဆက်သစ်တွေ သွေးသစ်တွေ အကုန်လုံးဟာ သွေးချင်းဆက်မိကြပါပြီ” ဟု ပြောသည်။
နအဖ အာဏာပိုင်များက ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူများကို လိုက်လံဖမ်းဆီးနေခဲ့ရာမှ ယခုလ (၁၃) ရက်တွင် ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် အပါအ၀င် ကျောင်းသား (၄) ဦးကို ဖမ်းဆီးခဲ့သည်။(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့တိမ်းရှောင် ပုန်းအောင်းနေသည့် နေအိမ်ကို စစ်အစိုးရ အာဏာပိုင်များက ၀င် ရောက်စီးနင်းခဲ့ပြီးနောက် ကိုဌေးကြွယ်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သည့် ကိုအောင်သူ၊ မမီးမီးခေါ် မသင်းသင်းအေးနှင့် အခြားကျောင်းသားတဦးဖြစ်သည့် ဇော်ထက်ကိုကို တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
နအဖစစ်အစိုးရက ပြီးခဲ့သည့် သြဂုတ် (၁၅)ရက်တွင် လောင်စာဆီဈေးနှုန်း တိုးမြှင့်လိုက်သောကြောင့် လူထုလမ်း လျှောက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ စသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို သြဂုတ်လအတွင်း စတင်ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသော ကိုဌေးကြွယ်ကို အာဏာပိုင်များက ပိုက်စိပ်တိုက် ရှာဖွေ နေရာမှ ဖမ်းမိသွားခြင်းဖြစ်သည်။ကိုဌေးကြွယ်သည် တိမ်းရှောင်ပုန်းအောင်းနေရင်းမှ စစ်အာဏာရှင်များကို သံဃာတော်များ၊ ကျောင်းသားများနှင့် အတူပူးပေါင်း တွန်းလှန်ရာတွင် ပါဝင်ရန် ပြည်သူလူထုကို တိုက်တွန်းခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ကျော်ကိုကို အပါ အ၀င် ကျောင်းသား (၃) ဦးတို့ကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ထိုသို့ကျောင်းသားများကို ဖမ်းဆီးနေသော်လည်း ကျောင်းသားမျိုးဆက်သစ်များအနေဖြင့် တိုင်းပြည်အတွက် သ မိုင်းပေး ပခုံးပြောင်းတာဝန်ကို ဆက်လက် ယူဆောင်သွားမည်ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောသည်။၎င်းက “အခု ကျောင်းသား အတော်များများဟာ အဖမ်းဆီးခံနေရတယ်။ ထောင်တွေထဲမှာ ထိန်းသိမ်းရေး စခန်း တွေထဲမှာ ရှိကြတယ်။ ဒါပေမယ့် ထောင်တွေကို အောင်မြေအဖြစ်မှတ်ပြီး သူတို့တွေ ရဲဝံ့စွာနဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြတယ်။ ကျနော်တို့ ကျောင်းသားမျိုးဆက်တွေကို ဘယ်တော့မှ နှိပ်ကွပ်လို့မရဘူး” ဟု ပြောသည်။
အလားတူ ပြည်သူများကလည်း ပစ်ခတ်နေသည့်ကြားမှ ရဲဝံ့စွာထွက်၍ ၎င်းတို့၏ဆန္ဒများကို ဖော်ထုတ်ပြသကြ ကြောင်း ကိုစိုးထွန်းက ပြောသည်။“ဒီလိုပဲ ကျနော်တို့ ပြည်သူတွေမှာလည်း အဓမ္မနဲ့ဓမ္မကို ခွဲခြားပြီးတော့ ပြတ်ပြတ်သားသားသိတဲ့ စိတ်တွေ ဓမ္မ ဘက်က ရပ်တည်ချင်တဲ့ စိတ်တွေရှိနေကြပြီ၊ သူတို့တွေ အဖမ်းခံရပေမယ့်လည်း ဆက်လက်လှုပ်ရှား နေကြမယ် လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၊ အလုပ်သမား၊ လယ်သမားအားလုံး စုစည်းညီညွတ်စွာဖြင့် ဆက်လက် ချီတက်သွားမည်ဆိုပါက မတရားမှုကို တော်လှန်နိုင်မည်မှာ သေချာကြောင်း ၈၈ မျိုးဆက် ကျောင်း သားတဦးဖြစ်သူ ကိုစိုးထွန်းက ပြောသည်။


0 comments: