Sunday, August 26, 2007

၈၈ ကျောင်းသားများ၏ ကြေငြာချက်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူများဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက်

၂၂ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်

ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် အခြေခံရေး၊၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊ဟူသော အခြေခံမှု ၃ ရပ်ပေါ်တွင် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ယခု ၂၁ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ကြိုးပမ်း နေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုအပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများမှ အပြင်းအထန် ကန့်ကွက်ရှုံ့ချသည်။ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာ နိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံး ဖြေရှင်း ပေးရန် နအဖ စစ်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းနှင့် မျိုးဆက်ကျောင်းသားအပေါင်းကလည်း မြန်မာပြည် ဒီမိုကရေစီ ထွန်းကား ရေး ကြိုးပမ်းမှုအပေါ်တွင် ထက်သန် ညီညာစွာ ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ဆောင်ရွက် ကြ ဖို့ ပန်ကြားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ


0 comments: