Saturday, October 4, 2008

တောင်ကုတ်မြို့တွင် ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်နေ

(နိရဉ္စရာ)

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အမည် မဖေါ်လိုသူ ဒီမိုကရေစီ အရေး လှုပ်ရှား သူတဦးက “အရင်ကလို မသိမသာ စောင့်ကြည့်တာမျိုး မဟုတ်ဘူး။ အခုက ပေါ်တင်င်္ကြီး စောင့်ကြည့် နေတာပါ။ ကျနော် ဘယ်အိမ်ကို သွားတယ်။ ဘယ်မှာ စကားပြောတယ်။ အကုန်လုံးလိုက်ပြီး ကြည့်နေပါတယ်။” ဟုပြောသည်။

တောင်ကုတ်မြို့တွင် စစ်အစိုးရမှ ဒီမိုကရေစီအရေး လှုပ်ရှာ ဆောင်ရွက် သူများအား ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူပြီးနောက် ယခုကဲ့သို့ ကျန်လူများ အပေါ် အနီးကပ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

စစ်အစိုးရ အာဏာပိုင်များက ၂၀၀၈ ခုနှစ် တနှစ်တည်းအတွင်း တောင်ကုတ်မြို့မှ အမျိုးသားဒီကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအ၀င် လူပေါင်း တဒါဇင်ကျော်ကို ဖမ်းဆီးထောင်ချထားပြီး ဖြစ်သည်။

“တောင်ကုတ်မှာ လုံခြုံရေးကိုလည်း ခုချိန်ထိ မရုပ်သေးဘူး။ ဆန္ဒထပ်ပြမှာကိုတော့ အာဏာပိုင်တွေက အထူးစိုးရိမ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ ဘာလုပ်တယ်။ ဘယ်ကိုသွားတယ်။ ဘယ်သူနဲ့ စကားပြောတယ်ဆိုတာကို သူတို့ အဓိကထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအပေါ် အနီးကပ် စောင့်ကြည့်နေခြင်း ဖြစ်ပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များမှာ ယခုကဲ့သို့ ပြုလုပ်နေသော အာဏာပိုင်များ၏ လုပ်ရပ်ကြောင့် အထူးစိတ် စနိုးစနှောင့် ဖြစ်နေကြရကြောင်း သူကဆက်လက် ပြောကြားသွားသည်။

0 comments: