Tuesday, October 21, 2008

အဖွဲ့ချုပ်ဝင်များ ဖမ်းဆီးသည့်နေ့ မှားယွင်းဖော်ပြမှု လျှောက်လဲ

ဝိုင်းပီး
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရကိုယ်စား စွဲချက်တင်သူများက အတိုက်အခံ ပါတီကြီးမှ တိုင်းအဆင့် ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် နေ့စွဲနှင့် ပတ်သက်၍ မှားယွင်း ထွက်ဆိုထားခြင်းအတွက် တရားဆိုင်များ၏ ရှေ့နေများက ရုံးတော်သို့ လျှောက်လဲ တင်ပြထားသည်။

ထိန်းသိမ်းခံနေရသည်မှာ တနှစ်ကျော်ပင် ကြာမြင့်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ၆ ဦးအား ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုထားခဲ့ခြင်းအပေါ် အကျိုးဆောင်ရှေ့နေများက တရားရင်ဆိုင်နေသူများ နစ်နာဖွယ် ရှိသည်ဟုဆိုကာ ပြန်လည် ပြင်ဆင်ရန် ယနေ့တွင် တရားရုံးသို့ လျှောက်လဲလိုက်ကြသည်။

“၂ဝဝ၈ ခုနှစ်မှာ ဖမ်းတယ်ဆိုပြီး သူတို့က လွဲလိုက်တာဟာ ချုပ်ရက်တွေအတွက် နစ်နာသွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် သက်သေတွေကို ထွက်ဆိုခိုင်းတာ ဖြစ်တယ်” ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

“တရားစွဲဆိုနေတဲ့သူတွေက အစိုးရက ပြန်တမ်းဝင် အရာရှိတွေ ဖြစ်တယ်။ နိုင်ငံတော်ကိုယ်စား တရားစွဲဆိုတာလည်း ဖြစ်တယ်ဆိုတော့ ကျနော့်အနေနဲ့ အမှန်အတိုင်းပဲ ပြောစေချင်တယ်။ အခုလို အမှန်အတိုင်း သူတို့ မပြောကြတာကတော့ သူတို့ကိုယ်တိုင်ကိုက အကြည်ညိုပျက်အောင်လုပ်တာ ဖြစ်တယ်”

မန္တလေးထောင်တွင်း ချုပ်နှောင်ခံထားရသူ တရားဆိုင်နေရသူများ၏ မိသားစုဝင်များက စစ်အစိုးရကိုယ်စား စွဲချက်တင်သူများက နေ့စွဲ မှားယွင်းဖော်ပြမှုသည် ရည်ရွယ် လုပ်ဆောင်မှုဖြစ်ပြီး နောင်တွင် တရားရင်ဆိုင်သူများကို နစ်နာမှု ဖြစ်စေသည်ဟု ဆိုသည်။

တရားရင်ဆိုင်နေသူ တဦးဖြစ်သည့် မန္တလေး အန်အယ်လ်ဒီ စည်းရုံးရေးမှူး ဒေါ်ဝင်းဝင်းမြမြကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သူမ၏ အကိုရင်းဖြစ်သူ ဦးဘစိုးနှင့် ညီမ ဒေါ်တင်ဝင်းရီတို့က သက်သေ အထောက်အထားများနှင့် ရုံးတော်သို့ တင်ပြခဲ့သေးသည်။

“တနှစ်အတွင်းမှာ ထောင်ဝင်စာတွေ့ခဲ့တာ ၂၄ ကြိမ်ဆိုတော့ ဒေါ်ဝင်းမြမြကို ဖမ်းတာ ၂ဝဝ၈ ခုနှစ် မဟုတ်ဘဲ ၂ဝဝ၇ ခုနှစ်ဆိုတာ ပေါ်လွင်အောင် စာရွက်စာတမ်းတွေ၊ အထောက်အထားတွေနဲ့ ရုံးတော်ကို သက်သေတွေ ပြခဲ့တယ်” ဟု ဦးဘစိုးက ပြောသည်။

ယခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က တရားရုံးတွင် စွဲချက်တင်ရာ၌ အစိုးရ ပြန်တမ်းဝင် အရာရှိများက ဒေါ်ဝင်းမြမြနှင့် မန္တလေးတိုင်း အဖွဲ့ချုပ်ဝင် ၅ ဦးအား ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးသည်ဟု တရားရုံး၌ ထွက်ဆိုခဲ့သည်။

ယခုအမှုသည် အထူးခုံရုံးဟု ဆိုသော်လည်း အရပ်ဘက်ခုံရုံး ဖြစ်သဖြင့် ချုပ်ရက်များကို လျှော့ရက်ထဲတွင် ထည့်သွင်း ရေတွက်ခွင့်၊ ခံစားခွင့် ရှိရမည်ဖြစ်ကြောင်း ရှေ့နေ ဦးမြသွင်က ပြောသည်။

မန္တလေးတိုင်း အဖွဲ့ချုပ် အမျိုးသမီးတာဝန်ခံ ဒေါ်ဝင်းမြမြ (မန္တလေးတိုင်းစည်း အဖွဲ့ဝင်)၊ ဦးကံထွန်း (မန္တလေးတိုင်းစည်း အဖွဲ့ဝင်)နှင့် ဦးသန်းလွင် (မတ္တရာလွှတ်တော်အမတ်) အား အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ လူတဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ကို မလိုမုန်းထားဖြစ်စေရန် မသမာသည့်စိတ်ဖြင့် မရိုးမဖြောင့် လုပ်ဆောင်မှု - ၁၅၃ (က) တို့ဖြင့် တရားစွဲဆိုထားသည်။

ကျန်ရှိသည့် မိုးကုတ်မြို့နယ်စည်း ကိုမင်းသူ၊ ကျောက်ပန်းတောင်းမြို့စည်း ကိုတင်ရွှေ၊ မတ္တီလာမြို့နယ်စည်း (လူငယ်) ကိုတင်ကိုကို အား ပုဒ်မ ၅ဝ၅ (ခ)၊ ၁၅၃ (က)၊ ဘာသာသာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ တားဖြစ်မိန့်ထုတ်ထားသည်ကို သိလျက်နှင့် ပါဝင်မှု - ပုဒ်မ ၁၄၅၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု - ပုဒ်မ ၁၅၂ တို့ဖြင့် စွဲချက် တင်ထားသည်။

လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမှုကို စီရင်ချက်ချမည်ဟု သိရသည်။

0 comments: