Thursday, October 16, 2008

ချင်းပြည်နယ်တွင်း အစားအစာအခမဲ့ မဖြန့်ဝေရန် အာဏာပိုင်များ အမိန့်ထုတ်

ကိုထွေး အောက်တိုဘာ ၁၅၊ ၂၀၀၈

ချင်းပြည်နယ်အတွင်းရှိ အစာရေစာရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသော ကျေးရွာများကို စားရေရိက္ခာများ အခမဲ့ ဖြန့်ဝေခြင်း မပြုရန် အာဏာပိုင်များက ညွန်ကြားချက်ထုတ်ထားကြောင်း ရန်ကုန်အခြေစိုက်ချင်းကျေး လက်ဒေသဖွံဖြိုးရေး အဖွဲ့ (စီအေဒီ) ကပြောသည်။
ယင်းညွန်ကြားချက်ကို ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက ပြီးခဲ့သည့် တနလာင်္နေ့ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့က အစာငတ်မွတ်ခေါင်းပါးနေသော ရွာသားများကို အစားအစာ အခမဲ့ရယူလိုသည့် နည်းလမ်းကိုမပြသရန် ညွန်ကြားချက် ထုတ်ထားခြင်းဖြစ်ကြောင်း စီအေဒီက ပြောသည်။

ထိုကြောင့် စီအေဒီ အနေဖြင့် ချင်းပြည်နယ်အတွင်း စားရေရိက္ခာကို အခမဲ့ မဖြန့်ဝေတော့ဘဲ ပထမဦးစွာ ဒေ သခံတို့ကို ဒေသဖွံဖြိုး တိုးတက်ရေး လုပ်ငန်းတခု လုပ်ဆောင်စေ၍ လုပ်အားခအဖြစ် အစားအစာများကို ပြန် လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
စီအေဒီ မှတာဝန်ခံအရာရှိတဦးက “ကျနော်တို့က သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာဆိုတော့ သူတို့ ပြောသလိုလုပ် ရမှာပါ၊ ဘာတခုမှမကူညီရတာထက် စာရင် ဒီလောက်လေး ကူညီခွင့်ရတာ တော်သေးတာ ပေါ့” ဟုပြောသည်။

ရိုမန်ကတ်သလစ် ဘာသာရေး အဖွဲ့အစည်း တခုဖြစ်သော စီအေဒီ သည် ချင်းပြည်နယ်အတွင်းရှိ ဝေးလံ ခေါင်းပါးသည့် ရွာများကို ပညာရေး နှင့်ဆောက်လုပ်ရေး စီမံကိန်းများအတွက် အထောက်အကူပစ္စည်းများ၊ မိလ္လာအစရှိသည်တို့အတွက် သန့်ရှင်းရေးအသုံးအဆောင် ပစ္စည်းများကို ကူညီထောက်ပံ့ပေးနေသော အဖွဲ့ အစည်းတခု ဖြစ်သည်။
ချင်းပြည်နယ်အတွင်းရှိ အစာရေစာရှားပါးသည့် ပြဿနာမှာ ၂၀၀၇ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့ သော်လည်း အာဏာပိုင်များက တစုံတရာ အကူအညီပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

ချင်းအမျိုးသားကောင်စီ အထွေအထွေ အတွင်းရေးမှူး ဦးဇန်ယင်းတန်က “အာဏာပိုင်တွေအနေနဲ့ ဒီအစာ ရေစာ ရှားပါးမှုကို အကူအညီပေးဖို့ထားဦး ဖုံးကွယ်ဖို့ ကြိုးစားနေတယ်၊ ဒါ့အပြင်နေ့တိုင်း အကြောင်း အမျိုး မျိုးပြပြီး အခွန် ကောက်သေး တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုဒေသရှိ ရာပေါင်းများစွာသော စိုက်ပျိုး မြေဧကများကို ကြွက်များဝင်ရောက် ဖျက်ဆီးခဲ့သဖြင့် စားပင်သီး ပင်များ ကင်းမဲ့လျက်ရှိပြီး ဒေသခံ အများစုမှာ အလုပ်လက်မဲ့ဖြစ်ကာ ပိုင်ဆိုင်သော ကျွဲ၊ နွားများကို ၎င်းတို့ အသက်ရှင်သန်ရေး အတွက်ရောင်းချနေကြရသည်။
လက်ရှိတွင် အစားအစာ မလုံလောက်သဖြင့် ကျန်းမာရေးချို့တဲ့သည့် ပြဿနာများကို ပိုမိုခံစားနေရပြီး နယ်စပ်ဒေသ များသို့ ထွက်ပြေးသူ ပိုများလာကြောင်းသိရှိရသည်။

“ဒီပြဿနာတွေကို မဖြေရှင်းနိုင်ရင် နောက်ပိုင်းပိုဆိုးလာဖို့ပဲရှိတယ်” ဟု ဦးဇန်ယင်းတန် က ဆက်လက် ပြောဆိုသည်။
ယခုလကုန်ပိုင်းတွင် ၎င်းရွာများမှာ စားရေရိက္ခာများ ပြတ်တောက်သွားနိုင်သည်ဟု စီအေဒီ၏ တာဝန်ရှိသူက ပြောသည်။
ယခုအခါ အစာရေစာရှားပါးသည့်ဒဏ်ကို ခံစားနေရသော ဟားခါးမြို့တောင်ဘက် ကီလိုမီတာ ၈၀ ၀န်းကျင် ရှိ ရွာပေါင်း ၂၀ ခန့်ကို စားရေရိက္ခာများ ထောက်ပံ့ပေးရန် စီအေဒီ က စီစဉ်နေသည်။

ချင်းပြည်နယ်တွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ အပြင် ပြည်ပအခြေစိုက် ချင်းအဖွဲ့အစည်းများကလည်း အစာရေစာ ရှားပါးသည့် ဒေသများကို ပံ့ပိုးနိုင်ရန် ဆောင်ရွက်နေကြကြောင်း ကြားသိရသည်။

မီဇိုရမ် အခြေစိုက် ချင်းတိုင်းရင်းသားများ ကူညီကယ်ဆယ်ရေးအဖွဲ့ က ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်း ရှိသည့် အနက် ၁ သိန်းခန့်မှာ အစာရေစာရှားပါးမှု ရင်ဆိုင်နေရပြီး အဆိုပါပြဿနာမှာ ၂၀၀၇ ခု ဒီဇင်ဘာ လမှ စတင်ခဲ့ကြောင်းနှင့် လူအများစုမှာ ဆန်ပြုတ်၊ သစ်သီးသစ်ဥနှင့် ဟင်းသီးဟင်းရွက် များကိုသာ စား သောက်၍ အသက်ဆက်နေရကြောင်း ထုတ်ပြန်ခဲ့သည်။

သြဂုတ်လကလည်း အစာရေစာရှားပါးမှုကြောင့် ကလေးငယ် ၃၁ ဦး အသက် ဆုံးရှုံးသွားကြောင်း ချင်းအမျိုးသား ကောင်စီက ထုတ်ပြန်ခဲ့သေးသည်။
ယခုအခါတွင် ချင်းပြည်နယ်မှ ထောင်ပေါင်းများစွာသော ဒေသခံများမှာ ဆန်ပြုတ်နှင့် သစ်သီးသစ်ဥများ ကို မှီခို စားသောက်ကာအသက်ဆက် နေရကြောင်း ကြားသိရသည်။
http://www.irrawaddy.org/bur/news2008/October/Oct_15a_08.html

0 comments: