Wednesday, October 1, 2008

စိန်ခေါ်ရင် ဘွာမခတ်သူ ဦးဝင်းတင်

ဇင်လင်း ဇူလိုင် ၄၊ ၂၀၀၇

၂၀၀၇ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့သည် အင်းစိန်ထောင်၌မတရားထောင်ချခံထားရသူ ဆရာဦးဝင်းတင်၏ ထောင်သက် (၁၈) နှစ်ပြည့်ဖြစ်သည်။ ဆရာသည်သတင်းစာသမားပီပီ တိုင်းပြည်လူထု၏ ဒုက္ခဆင်းရဲတို့ကို နှလုံးရည်ဖြင့် ကယ်တင် ရန်ကြိုးစားအားထုတ်သူမျှသာဖြစ်သည်။ ထို့ကြောင့်လည်းဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲမိခြင်းဖြစ်ပေသည်။

ဆရာသည် စာရေးဆရာသတင်းစာဆရာအဖြစ် နှစ်ပေါင်း (၃၀) ကျော် တိုင်းပြည် နှင့်လူမျိုးကိုအလုပ်အကြွေးပြုခဲ့သည်။ သူနေထိုင်ကျင်လည်ရာလူမှုပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းလုပ်ဖေါ်ကိုင်ဖက်များကိုလည်း စိတ်စေတနာ ပြည့်ဝစွာ ကူညီထောက်ပံ့လေ့ရှိသူ ဖြစ်သောကြောင့် ဆရာအား လူချစ်လူခင်များ ပေသည်။ အထူးသဖြင့် သူအလုပ်လုပ်သည့် သတင်းစာတိုက်မှ လုပ်ဖေါ်ကိုင်ဖက် မိသားစုများ၏ စားဝတ်နေရေးအခက်အခဲများကို သူ့အိပ်ထဲမှ စိုက်ထုတ်ကူညီလေ့ ရှိသည်။ သူရရှိသည့်လစာ ၀င်ငွေကို သူ့အတွက် သုံးစွဲသည်က နည်းသည်။

ဆရာသည် ထောင်ဝင်စာတွင် ပါရှိလာသည်များကိုလည်း အခြားသူများအား
မျှဝေလေ့ရှိသည်။ ရံဖန်ရံခါသူ့ အတွက်လို အပ်သည့် အစားအသောက်နှင့် ဆေးဝါး များကိုပင်ဝေမျှတတ်သဖြင့်ဘေးမှ ရဲဘော်များက ၀င်ရောက်ဟန့်တားကြရသည်။ သို့တိုင် ဆရာကအပြုံးမပျက်ဘဲ "ဝေလိုက်ပါဗျာ၊ ကျနော်လည်းနေကောင်းနေ တာပဲ၊ အသည်းအသန် ကြီးဖျားနာနေတာမှမဟုတ်ဘဲ"ဟု ပြောတတ်သည်။ နောက်ဆုံးဆရာစိတ်ချမ်းသာအောင် ဝေမျှပေးရမြဲဖြစ်သည်။

ဆရာ့ကျန်းမာရေးမှာ အရိုးကျည်းပေါင်းတက်ရောဂါကြောင့် လည်ပင်းတွင်အမြဲတစေ ဒေါက်ချာစွပ်ထားရသည်။ နှလုံးရောဂါ အတွက်လည်း အမြဲဆေးစားနေရသည်။ ဆီးရောဂါခံစားနေရရုံမက အူကျဝေဒနာကိုပါခံစားနေရပြီး အာဏာ ပိုင်များက လျစ်လျူရှုထားပါသည်။ အကျဉ်းတိုက်ထဲတွင် နေရောင်၊လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရသဖြင့်လည်း အာဟာရချို့တဲ့မှုရှိသည်။ အကျိုးဆက်မှာ ဆရာ့မျက်စိများ မှုန်ဝါးနေပြီး အပေါ်သွားများ လုံးဝမရှိရှာတော့ပါ။ အောက်သွား လည်း လေးငါးချောင်းသာ ကျန်ပါတော့သည်။ သို့သော်စစ်အာဏာပိုင်များနှင့် ပတ်သက်လျှင်သူ့ ရပ်တည်ချက် ယုံကြည် ချက်တို့ ကို မြူမှုန်မျှပင် အပွန်းအပဲ့ ခံတတ်သူမဟုတ်ပါ။ ဤသည်ပင် နိုင်ငံရေးအကျဉ်းသားများက ဆရာ့အပေါ် အထူး လေးစား ချစ်ခင်ရသည့် အကြောင်းဖြစ်ပါသည်။

စစ်အာဏာရှင် အကျဉ်းတိုက်ထဲ၌ ကိုယ့်အတ္တကိုချိုးနှိမ်ကာ ခြိုးခြံဝေမျှ စားသောက်နိုင်ရေးကိစ္စသည် မလွယ်ကူပေ။ အခက်အခဲ အကျပ်အတည်းကြီးလေ အတ္တစိတ်က ထိုးထွက်လာတတ်လေလေ ဖြစ်သည်။ တိုက်ခန်းတခန်းတည်းတွင် နှစ်ယောက်အတူ ပိတ်ထားခြင်းခံနေရသော်လည်း မိမိ၏ထောင်ဝင်စာရိက္ခာကို အခန်းဖော် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ချင်း
ဝေမျှမကြွေး နိုင်သူများရှိခဲ့သည်၊ 'ငါးပိကျော်တဇွန်း' 'ဆေးလိပ်တဖွာ' မဝေမျှနိုင်သူများက နိုင်ငံရေး ဆွေးနွေးကြသောအခါ 'ကိုယ်ကျိုးစွန့်ရေး' 'အနစ်နာခံရေး' ရှိဖို့ ထပ်တလဲလဲ ပြောတတ်ကြပေသည်။ တချို့ ကိုယ့် ရဲဘော်ကိုသစ္စာဖောက်ကာ အာဏာပိုင်၏ သတင်းပေးဖြစ်သွားကြသည်များပင်ရှိသည်။ ထောင်အတွင်း အခြေအနေများကိုသိမှသာ ဆရာဦးဝင်းတင်၏ စိတ်နေစိတ်ထားကိုသိနိုင်ပေမည်။ ဆရာနှင့်အကျဉ်းတိုက်တခုထည်းတွင် အတူနေဖူးကြတော့မှ ဆရာ့ကိုအာဏာပိုင်တို့က ဘာကြောင့် ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြသည်ကို နားလည်လာရသည်။ လူပီသလွန်းသော ပုဂ္ဂိုလ်တဦးဖြစ်သဖြင့် သူနှင့် ဆက်ဆံဖူးသူများက သူ့ကိုချစ်ခင်လေးစားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အာဏာရှင်တို့က ဆရာ့ကို လူအများအထင်အမြင် လွဲမှားအောင် ၀ါဒဖြန့်ခဲ့ကြပုံရသည်။

လူတဦးကို လူအများကလေးစားချစ်ခင်သည်ဆိုခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ တိုင်းပြည်လူထုကပါ ချစ်ခင်လေးစားဖို့ ဆိုသည်က ပို၍ပင် မလွယ်ပါ။ ကိုယ်ကျင့်သီလတို့နှင့်ပါ သက်ဆိုင်သည့် ကိစ္စဟု ဆိုရပေမည်။

ဆရာ့နောက်ကြောင်းကို လေ့လာကြည့်လျှင် ဘာကြောင့်လေးစားကြသည်ကို နားလည်သဘောပေါက်နိုင်လိမ့်မည် ထင်ပါသည်။ ဆရာဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အဘ ဦးပုနှင့် အမိဒေါ်အမာတို့မှ ၁၉၃၀ ပြည့် မတ်လ ၁၂ ရက်နေ့တွင်မွေးဖွားခဲ့သည်။ ယခု အသက် (၇၈) နှစ်ထဲတွင်ဖြစ်သည်။၊ ဆရာသည် ငယ်စဉ်ကပင် စာဖတ်ဝါသနာပါ၍ စာပေဗဟုသုတ ကြွယ်ဝသူဖြစ်သည်။ အသက် (၂၀) အရွယ် တက္ကသိုလ်တက်နေစဉ်မှာပင်တဖက်၌ သတင်းထောက်တပိုင်း လုပ်နေခဲ့သည်။ ဆရာသည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင်အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေး သိပ္ပံဘာသာ တွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဖာဘွဲ့ရခဲ့သည်။ အသက် ၁၃ နှစ်အရွယ်၌ 'အကျိုးဆောင်' ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင် ခဲ့ဖူးသည်။ စာပေဗိမ္မာန်၌လည်း လက်ထောက်အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၅၃ ခုနှစ်တွင် Agence France Presse (AFP) နိုင်ငံခြား သတင်းဌာနတွင် ညပိုင်းအယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင် နေပြီဖြစ်သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ အမ်စတာဒမ်မြို့ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီကြီးတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးခွင့်ရရှိခဲ့သည်။ ဂျမ်ဘာတန်မှာပင် ပညာဆည်းပူးရင်း မြန်မာဘာသာပြန်စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသတင်း များကိုစုဆောင်း၍ ကိုယ်တိုင်ဘာသာပြန်တည်းဖြတ် လက်နှိပ်စက်ရိုက်ပြီး "ဒို့ပြည်သတင်း"ဆိုသည့် သတင်းစာစောင်ရေ (၅၀၀) ခန့်ကိုလည်း ကိုယ့်အိပ်ထဲမှ ငွေကြေးစိုက်ထုတ်ကာ ထုတ်ဝေခဲ့သည်။ ထိုသတင်းစာကို ကမ္ဘာတ၀န်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ဖြန့်ဝေသည့်အလုပ်ကို ၁၉၅၇ ခုနှစ် ဧပြီလ မြန်မာနိုင်ငံပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူပါဝင်ခဲ့ပြီး ကြေးမုံ သတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရပြီးနောက် ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး 'ဟံသာဝတီ သတင်းစာ' အယ်ဒီတာချုပ်ဖြစ်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပနှင့် အာရှနိုင်ငံများစွာသို့ သတင်းစာဆရာ တယောက်အဖြစ် လေ့လာရေးခရီးဆန့်ခဲ့သည်။ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်အဖြစ်တာဝန်ယူစဉ် မြန်မာစာပေလှုပ်ရှားမှုအတွက် အရေးပါသော "မန္တလေး စနေစာဖတ်ဝိုင်း" ကို ဦးဆောင် ကျင်းပခဲ့သူတဦးလည်း ဖြစ်ခဲ့သည်။ ထို စနေစာပေ၀ိုင်းတွင် လူထုဦးလှ၊ လူထုဒေါ်အမာ၊ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) အစရှိသော ထင်ရှားသည့် စာပေ ကဗျာပညာရှင်များ တက်ရောက် စာတမ်းဖတ်ဆွေးနွေးခဲ့ကြသဖြင့် မဆလအာဏာရှင်တို့၏ မျက်မာန်ရှခြင်းခံခဲ့ရ ပေသည်။ ၁၉၇၈ ခုနှစ်၌ မဆလအစိုးရက ဟံသာဝတီ သတင်းစာကို ပိတ်ပင် ဖျက်သိမ်းလိုက်ပြီး ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။

သို့သော် ဆရာသည် ထိုအချိန်မှစ၍ စာပိုရေးနိုင်ခဲ့သည်။ 'ပေါ်သစ်' ကလောင်အမည်ဖြင့် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သတ်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန်အကဲဖြတ်ချက်များကို ရေးသားခဲ့သည်။ မဂ္ဂဇင်းဂျာနယ်များတွင် ကိုယ်တိုင်ရေးဆောင်းပါများ၊ ဘာသာပြန်ဆောင်းပါးများ အဆက်မပြတ်ရေးခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဘ၀တွင် ဥရောပတိုက်သို့ မြန်မာယဉ်ကျေးမှုအကအဖွဲ့နှင့် လိုက်ပါခဲ့စဉ်က အတွေ့အကြုံများကို သတင်းစာများတွင် အခန်းဆက်ဆောင်းပါများ ရေးခဲ့သည်။ ယင်းဆောင်ပါးများကို စုစည်း၍ 'ခြေမှာစကား လက်ဖျားကဗျာ'ဟု စာအုပ် တအုပ် ထုတ်ဝေခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံအတွင်း စာပေ အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုးထုတ်ပြန်သည့် ကြေညာချက် ထွက်ပေါ် လာရန် ဆရာဦးဝင်းတင် ကမကထပြု ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားရာတွင် ဒုတိယဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားသမဂ္ဂမှထုတ်ဝေသည့် "သမဂ္ဂသတင်းစာ"တွင်လည်း တက်ကြွစွာ ပါဝင်ရေးသား ခဲ့သည်။ "ဆန္ဒဖေါ်သံ သတင်းစာ"ကို ၁၉၈၈ခုနှစ် သြဂုတ်လ (၃၀) တွင် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်း ပြီးနောက် စက်တင်ဘာလ (၂၄) ရက်နေ့တွင် 'အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်' စတင်ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်း စုကြည်၏အစုအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နုတ်ထွက်ခဲ့ရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် 'အတွင်းရေးမှူး' အဖြစ် ဆောင်ရွက်ခဲ့သည်။

စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၁၉၈၉ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်စည်းရုံးခွင့်အား ပိတ်ပင်ချုပ်ချယ်လိုသည့် ကြေညာချက်အမှတ် (၃၈) ကိုထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှဦးဆောင်၍ နိုင်ငံရေးပါတီများအနေဖြင့် ထိုအမိန့်ကိုဆန့်ကျင်ရန်ဆော်သြခဲ့သည်။ ထိုသို့ဆော်သြရာ၌ သုံးစွဲခဲ့သည့် 'အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ' ဟူသောဆောင်ပုဒ်ကို
ဆရာဦးဝင်းတင်ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့်တရားခံ (ထိုစဉ်က အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ်စကားပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံရသည်။ လွတ်ရက်စေ့ခါနီးတွင် ဆရာဦးဝင်းတင် အား နိုင်ငံရေးကိုစွန့်၍ စစ်အုပ်စုနှင့်လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက 'စစ်လွှမ်းမိုးရေးဒဿန'ကို သူအသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟုတုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ နှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့ သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် (၁၁) နှစ် ထပ်မံချမှတ်ခံရသည်။

ဆရာဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ (၄) ရက်နေ့ဖမ်းဆီးချိန်မှ စ၍အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်းထားရှိ၍
ပတ်ဝန်းကျင်နှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာဦးဝင်းတင်အား အထူးတိုက်မှ (၃) တိုက်သို့ပြောင်းရွှေ့ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင် တိုက်ပွဲဆင်ရာတွင် ဦးဆောင်ခဲ့သည်။ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း သတင်းစဉ် တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ် တွင် Suu – Slorc Dialogue "တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်"ကို ရေးသားခဲ့သည်။ 'ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်' 'အမျိုးသားညီလာခံ ဖျက်သိမ်းပေးရန်' 'စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများစတင်ရန်' သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထို့နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံ လက်ငင်းကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတရပ် ချမှတ်ထုတ်ပြန် ကြေညာခဲ့သည်။

၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် စစ်မှန်သောတွေ့ ဆုံဆွေးနွေးပွဲ အရိပ် အယောင်မတွေ့ရသဖြင့် "Appeal to the world" ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသား၍ အကျဉ်းကျနိုင်ငံရေး ရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိ ပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာတွင် စစ်အစိုးရ၏လုပ်ရပ် များသည် ရိုးသားမှန်ကန်မှုမရှိသဖြင့် နိုင်ငံတကာမှ အရေးယူပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း "Appeal to the public" ကမ္ဘာ့ပြည်သူများသို့ ပန်ကြားချက်ကို ရေးသားဖြန့်ဝေခဲ့သည်။ ယင်း "ပန်ကြားချက်" တွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အကြိမ်ကြိမ်လိမ်လည်လှည့်ဖြားနေသည်ကို ဒဏ်ခတ်သောအားဖြင့် နည်းမျိုးစုံနှင့် ဆန့်ကျင်ကန့်ကွက်ကြပါရန် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်းမှာပင် 'ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ'ကို မြန်မာနိုင်ငံလူ့အခွင့်အရေး စောင့်ကြည့်သူ 'မစ္စတာ ယိုဇိုယိုကိုတာ'မှ တဆင့် ကုလသမဂ္ဂရွှေရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက်ကြရာတွင် ဆရာဦးဝင်းတင် ဦးဆောင်ခဲ့သည်။ ထို့အပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အမျိုးသားညီလာခံမှ နုတ်ထွက်သင့်ကြောင်း အကြံပြုချက်ကိုလည်း ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ စုပေါင်းလက်မှတ်ရေးထိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင် ခဲ့သည်။ ထို့အပြင် လက်ငင်းအရေးအကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အကြံပြု တိုက်တွန်းခဲ့သည်။ ယင်းလုပ်ငန်းစဉ် (၂) ရပ်မှာ ပါတီပြုပြင်ရေးနှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေးတို့ဖြစ်သည်။ ဆရာ
ဦးဝင်းတင်သည် ထောင်တွင်း၌ 'ထ' လေးလုံးပေါ်လစီကို ချမှတ်လမ်းညွှန်မှုပေးခဲ့ပေသည်။ "ထူထောင်ရမယ်၊ ထိန်းသိမ်း ရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်" ဆိုသည့် ပေါ်လစီဖြစ်သည်။ ယင်းပေါ်လစီက ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ စိတ်ဓါတ်မကျရေး၊ စစ်ထောက်လှမ်းရေး၏ ဦးနှောက်ခ၀ါချမှု မခံရရေး၊ မိမိ၏ အတွေးအခေါ် အသိအမြင် ပိုမိုအားကောင်း တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရေး၊ အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင်တို့၏ ဖိနှိပ်မှု များကို ငုံ့မခံရေး၊ အခွင့်အရေးများအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေးများကို လမ်းညွှန်ပေးနိုင်ခဲ့သည်။

၁၉၉၅ ဇူလိုင်လလယ်တွင် ထောင်တွင်းနိုင်ငံရေး အဖွဲ့အစည်းအင်အားစု အသီးသီးပါဝင်စုစည်းသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်း ဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံ အခြေအနေတို့ပါဝင်သော (၈၃) မျက်နှာပါစာတမ်း 'ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအစီရင်ခံစာ'ကို အပြင်သို့ ခိုးထုတ်နိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင် ဒေါ်စုကလည်း ဇူလိုင် (၁၀)တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်သူ ကုလသမဂ္ဂသံတမန် မစ္စတာယိုဇိုယိုကိုတာလည်း မရှေးမနှောင်းမှာပင် ရန်ကုန်သို့ ရောက်လာချိန်ဖြစ်သည်။ သို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇိုယိုကိုတာ၏ လက်သို့ ရောက်သွား ခဲ့ကြောင်း သတင်းကြားခဲ့ရပါသည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကျင်းပဆဲ အမျိုးသားညီလာခံမှ နုတ်ထွက် သင့်ကြောင်း ထောင်တွင်းနိုင်ငံရေး အင်အားစုများက လက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့ကြပါ သည်။ ဤကဲ့သို့ထောင်တွင့်း၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓါတ်မကျဘဲ နိုင်ငံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမှာ ဦးဝင်းတင်ကဲ့သို့သော ခေါင်းဆောင်ကောင်း တယောက်၏ ဦးဆောင်လမ်းညွှန်မှု ရှိနေသောကြောင့်ဆိုသည်မှာ အလွန်ထင်ရှားပါသည်။

၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း 'ထောင်တွင်း လူ့ အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ' ကုလသမဂ္ဂသို့ ရောက်ရှိသွားခြင်းနှင့်စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ်ဒေါသပေါက်ကွဲကာ (၄) တိုက်မှနိုင်ငံရေး အကျဉ်းသားတဦးဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင်စည်းရုံး၍ တိုက်ဝင်း အတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်။ တင်ဝင်းက သူ့ကို စစ်ထောက်လှမ်းရေးကပြန်လွှတ်ပေးမည် ဟူသော မက်လုံးကြောင့်သစ္စာဖောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများထားရာ တိုက်ဝင်းအတွင်းရှိ လျှို့ဝှက်ချက်များ ပေါက်ကြား ကာ ရေဒီယိုအပါအ၀င် စာရွက်စာတမ်းများ သိမ်းဆည်းခံခဲ့ရပါသည်။ 'အမျိုးသားနေ့ စိန်ရတုသဘင် အထိမ်းအမှတ် လက်ရေးစာစောင်'နှင့် ဖုန်းမော်အထိမ်းအမှတ် 'သွေးသစ်လှိုင်း' စာစောင်၊ အပတ်စဉ် လက်ရေးသတင်းစာစောင်များလည်း သိမ်းဆည်းခံရပါသည်။ နိုင်ငံရေးအကျဉ်းသား (၆၃) ယောက်ကို ထောင်ထဲမှာပင် စစ်ထောက်လှမ်းရေးက ထပ်မံဖမ်းဆီး တိုက်ပိတ်လိုက်ပါသည်။

ဆရာဦးဝင်းတင် အပါအ၀င် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော် စစ်ခွေးတိုက်တွင် တိုက်ပိတ် လိုက်ပါသည်။ စစ်ခွေးတိုက်တခုလုံးတွင် ကျနော်တို့ရှစ်ယောက်သာ ရှိပါသည်။ သမံတလင်းပေါ်တွင် အိပ်ကြရပြီး မည်သည့် အသုံးအဆောင်မျှ မပေးပါ။ အဆိုးဆုံးကိစ္စမှာ အိမ်သာသွားရန် ဘာမျှစီစဉ်မပေးခြင်း ဖြစ်သည်။ သီတင်းတပတ်မျှလည်း ရေချိုးခွင့်မပေးဘဲ ထားခဲ့သည်။ ကျနော်တို့က ဆရာဦးဝင်းတင်အတွက် ပို၍စိုးရိမ်ခဲ့ကြသည်။ ဆရာသည် ထိုစဉ်က အူကျ
ဝေဒနာ ခွဲစိပ်ကုသမှုခံယူထားရသည်မှာမကြာသေး။ ဆရာ့ကျန်းမာရေး ပိုမိုဆိုးရွားသွားမည်ကို အားလုံးကစိုးရိမ်ခဲ့ကြသည်။ သို့သော် ဆရာကား အခြားသူများကိုပင် စိတ်ဓာတ်မကျရန် အားပေးနေခဲ့သည်။

၁၉၉၆ မတ်လ (၁၂) ရက်တွင် ဆရာ့ (၆၆) နှစ်မြောက်မွေးနေ့ ပွဲကို ထိုစစ်ခွေးတိုက်မှာပင် ကျနော်တို့ဆင်နွဲခဲ့ကြရာ ကျနော်တို့ အားလုံးက သီချင်း၊ ကဗျာတို့ဖြင့် ဆရာ့မွေးနေ့ကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။ ဆရာကလည်း သူ့ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံတချို့ကို ပြောပြခဲ့သည်။ ဆရာက လူ့ဘ၀ဆိုသည်မှာ "စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း"ဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်မဆိုင်လို၍ ထွက်ပြေးပါက ဘ၀အရှုံးသမားအဖြစ် နိဂုံးချုပ်ရန်သာရှိကြောင်း၊ စိန်ခေါ်မှုမှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် အောင်မြင်ခြင်း၏အကြောင်းဖြစ်ကြောင်း ကျနော်တို့ကို အားတက်ဖွယ်ရာ စကားများပြောကြား ခဲ့သည်။

စစ်ခွေးတိုက်တွင် ဆရာနှင့်အတူနေရစဉ်က "မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ်ဆိုကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့
တာဝန်မကျေရင် နောက်လာမယ့်မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက် လာမယ့်လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် ဘယ်လမ်းကိုလျှောက်ရမယ် ဆိုတာလောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ် မျိုးဆက်ကလည်း ဒီအလံကိုဆက်လက်စွဲကိုင် ချီတက်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ စစ်လွှမ်းမိုးရေးဒဿနကို အမြစ်ကလှန် နိုင်ဖို့ ဒီပွဲမှာအလံမလှဲစတမ်းယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်"ဟု ဆရာပြောခဲ့ဖူးသော စကားရပ်အတိုင်း ဆရာကိုယ်တိုင် စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင်ထားပုံကို တွေ့ရသည်။
ဆရာဦးဝင်းတင်က စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိသေးကြောင်း မျိုးဆက်သစ်တို့ကို လမ်းပြလျက်ရှိနေဆဲဖြစ်သည်။ ဆရာဦးဝင်းတင်သည် အကျဉ်းထောင်တွင်းရှိ တိုက်ခန်းကျဉ်းကျဉ်းကလေးထဲ၌ အထီးကျန်ဘ၀ဖြတ်သန်းရင်း စစ်အာဏာ ရှင်တို့ စိန်ခေါ်မှုကို ရင်ဆိုင် အံတုနိုင်ဆဲရှိကြောင်း ပြသနေပေသည်။

0 comments: