Sunday, September 7, 2008

ဒေါ်စုနှင့် အတူနေသူတဦး ဆေးရုံတင်ထားရ

ကိုစိုး စက်တင်ဘာ ၆ ၊ ၂၀၀၈

အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အတူနေ၍ ကူညီလုပ်ကိုင်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူသည် ယနေ့တွင် အရေးပေါ်ဆေးကုသမှု ခံယူရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က ပြောသည်။

ဒေါ်ခင်ခင်ဝင်းမှာ ၎င်း၏ သမီးဖြစ်သူကို ဆေးရုံတွင် လိုက်ပါပြုစုနေရကြောင်းနှင့် ဆေးကုသမှုခံယူ ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောသည်။

“ဒီနေ့ ဒေါ်ခင်ခင်ဝင်းရဲ့သမီး ဆေးရုံတက်ရတယ်လို့ သိရပါတယ်၊ ဒေါ်ခင်ခင်ဝင်းလည်း ဆေးရုံမှာပါ၊ အသေးစိတ် အခြေအနေကိုတော့ အသေအချာ မသိရသေးပါဘူး၊ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။


အဆိုပါ ဒေါ်ခင်ခင်ဝင်းတို့ သားအမိမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင်ကျသည့် အချိန်ကပင် အတူနေထိုင်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ပြုတ်ကျွေးမွေးနေသူများဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား နေ့စဉ်ပုံမှန်ပေးပို့နေသော ဈေးခြင်းကို လက်မခံခဲ့သည်မှာ ၃ ပတ်ခန့် ရှိပြီ ဖြစ်၍ အထူးစိုးရိမ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့အတွက် ဖမ်းဆီး ထိန်းသိမ်းထားသည့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ယမန်နေ့တွင် အန်အယ်လ်ဒီက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း ကျနော်တို့ ကြေညာချက်ထုတ်ခဲ့ တာပါ၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်နေတယ်ဆိုတာကို အာဏာပိုင်တွေအပါအ၀င် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး၊ ဒါ ဟာ ကျနော်တို့အတွက် အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း ကဆိုသည်။

ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ၎င်းအားနေ့စဉ်ပုံမှန်ပေးပို့နေသောဈေးခြင်းကို လက်မခံခြင်းဖြစ် သည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

(ဧရာဝတီ)



0 comments: