Saturday, September 13, 2008

စစ်အစိုးရအား ကုလမှ ဖယ်ရှားရေး စိန်ခေါ်မှုကို အဝေးရောက် မြန်မာအစိုးရ ထောက်ခံ

သတင်း - မဇ္ဈိမ
နယူးဒေလီ ။ ။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရ အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို စိန်ခေါ်သည့် လှုပ်ရှားမှု၌ အဆိုပါပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုနိုင်သော်လည်း အဆိုပါမြန်မာ့အတိုက်အခံများက ဆောင် ရွက်နေသည့် စိတ်ကူးအကြံအစည်ကို ထောက်ခံပါကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) က ပြောကြားသွားပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၏ ဝန်ကြီးချုပ်ရုံး (အနောက်ဘက်) ဝန်ကြီး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောကြားရာ တွင် သူတို့အစိုးရအနေဖြင့် ဤစိန်ခေါ်သည့် ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုသော်လည်း ဤစိတ်ကူး ကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံကို အုပ်စိုးလျက်ရှိသော စစ်အစိုးရ၏ တရားဝင်မှုကို စိန်ခေါ်သည့် မည် သည့်လှုပ်ရှားမှုကိုမဆို ကြိုဆိုကြောင်း ပြောကြားသွားခဲ့ပါသည်။

“ကုလသမဂ္ဂက မြန်မာစစ်အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် လက်မခံသင့်ပါဘူး” ဟု ဒေါက်တာ တင့်ဆွေက ပြောကြားသွားပါသည်။

သူတို့ အစိုးရအနေဖြင့် သံတမန်ဆက်ဆံရေးများ ရှိနေသဖြင့် ဤစိန်ခေါ်သည့်လှုပ်ရှားမှု ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုနိုင်ကြောင်း၊ သို့သော် စစ်အစိုးရ၏ တရားမဝင်အုပ်စိုးမှုကို စိန်ခေါ်သည့် မည်သည့် လှုပ်ရှားမှုကိုမဆို မူအရ NCGUB က သဘောတူညီပါကြောင်း ပြောကြားသွားပါသည်။

ပြည်ပရောက် မြန်မာ့အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ခေါင်းဆောင်ပြီး၊ မြန်မာနိုင်ငံ ပါလီမန်အမတ်များအဖွဲ့ (MPU) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာ တော်များအဖွဲ့ (သာသနာ့မောလိ)တို့က ထောက်ခံ၍ ပန်ကြားလွှာတစောင်ကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး ဤကမ္ဘာ့အဖွဲ့အစည်းကြီးအား မြန်မာနိုင်ငံ၏အဖွဲ့ဝင်ဖြစ်မှုကို ပိတ်ပင်ဖယ်ရှားပေးပါရန် တိုက်တွန်းထားပါသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံကို တရားမဝင် အင်အားသုံး အုပ်စိုးလျက်ရှိပြီး ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရကိုလည်း အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်ဟု အဆိုပါ အတိုက်အခံ အုပ်စုများက ပြောကြားသွားပါသည်။ စစ်အစိုးရအစား သူတို့၏ ကိုယ်စားလှယ်ကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လက်ခံအသိအမှတ် ပြုပါရန်လည်း ဤအတိုက်အခံအုပ်စုများက ကုလသမဂ္ဂကို တိုက်တွန်းထားပါသည်။

“ဒီလှုပ်ရှားမှုက လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ စစ်အစိုးရဟာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်လို့ပါ” ဟု ဒေါက်တာတင့်ဆွေက ပြောသွားပါသည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ် (Michele Monta) က အဆိုပါ မြန်မာအတိုက်အခံအုပ်စုများ တင်သွင်းသည့် ကိုယ်စား လှယ်ဖြစ်မှုကို စိန်ခေါ်သည့် ပန်ကြားလွှာအား ကုလအတွင်းရေးမှူးချုပ် လက်ခံရရှိပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားပြီး ယင်းစာကို ကုလသမဂ္ဂ၏ ၆၃ ကြိမ်မြောက် အထွေထွေညီလာခံ၏ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့တွင် သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့ပါသည်။

0 comments: