Sunday, August 24, 2008

ခြောင်းကြည့်သူရဲ့ အမှား (ကိုကြီးပေါ်)



အမှတ် ၇
ဆယ့်ရှစ်ရာစုက ပေါ်ခဲ့တဲ့ Jonathan Swift ရဲ့ Gulliver’s Travels ဆိုတဲ့ ၀တ္ထုဟာ ကျော်ကြား လူသိများပါတယ်။ ဆရာကြီး မောင်ထင် က `ဂါလီဗာ၏ ခရီးစဉ်´ ဆိုပြီး ဘာသာပြန်ခဲ့တယ်လေ။ ၀တ္ထုထဲမှာ ကမောက်ကမနိုင်လှတဲ့လူတွေအကြောင်း သရော်ထားတာ အလွန်ပီပြင်လှပါတယ်။ အခု နှစ်ဆယ့်တစ်ရာစုမှာတော့ အလားတူ ၀တ္ထုတပုဒ် ပေါ်လို့နေပါပြီ။ နာမည်ကလည်း ခပ်ဆင်ဆင်ပါ။ Gambari’s Travels ပါတဲ့။ `ဂမ်ဘာရီ၏ ခရီးစဉ်´ပေါ့။ သူသွားတဲ့ နိုင်ငံကတော့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီးတဲ့ ခင်ဗျ။

ဟုတ်ပါရဲ့။ ဂမ်ဘာရီ ခမျာ ဒီခရီးကို သွားလေတိုင်း ဖြစ်ရပ်ဆန်းတွေ ဇာတ်လမ်း အတိုအရှည်တွေနဲ့ တိုးလို့ချည်း နေတော့တာကိုး။ ၂၀၀၆ နိုဝင်ဘာ ပထမဆုံး အခေါက်တုန်းကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူယှဉ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံက ထိပ်တန်းသတင်းဓာတ်ပုံ အဖြစ် ကမ္ဘာကို ပြန့်ခဲ့တယ်လေ။ ၂၀၀၇ ကျပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတစောင်ကို ဂမ်ဘာရီက တိတ်တဆိတ် သယ်ဆောင်လာပြီး ထုတ်ပြန်ပေးလိုက်ပုံက တကယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်ပါပဲ။ အဲ ဒီနှစ်ထဲကျတော့ ဂမ်ဘာရီခမျာ အပြင်က လူတွေက ကန့်ကွက်လိုက်, ပြစ်တင်လိုက်၊ ဟိုရောက်တော့လည်း အဆူခံလိုက်ရ အငေါက်ခံလိုက်ရနဲ့ သွားပေါ်အောင်တောင် ဖြဲမပြနိုင်ရှာတော့ပါဘူး။

ဒီတခေါက်မှာတော့ဖြင့်…လော်နဲ့ခေါ် မော်တောင်မကြည့်သြဂုတ်လ ၁၈ ရက်နေ့က ဂမ်ဘာရီ ရွှေပြည်ကြီးကို ရောက်ပါတယ်။ သက်ဆိုင်ရာတို့က ဂမ်ဘာရီသည် မည်သူမည်ဝါတို့နှင့် မည်သည့်နေရာတွင် တွေ့လေသတည်း… လို့ သတင်းတွေ ထုတ်ပေးပါတယ်။ သို့သော်လည်း ဟိုလူ ဒီလူ ဘယ်သူ ဘယ်ဝါတွေနဲ့ တွေ့တယ်ပဲ ပြောပြော၊ ထမင်းလက်ဆုံစားတယ် ဆိုဆို ဂေါက်သီးပဲ အတူရိုက်ရိုက်၊ အဲဒါတွေကို ဘယ်သူကမှ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သလား။ တွေ့ပြီးတော့ ဘာပြောသလဲ။ ဗိုလ်သန်းရွှေနဲ့ တွေ့သလား။ သူကကော ဘာပြောသလဲ။ အဲဒါတွေပါ။
မထင်မှတ်တဲ့ ဖြစ်ရပ်က ၂၀ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပေမဲ့ ဒေါ်စု ရောက်မလာဘူးလို့ ဆိုပါတယ်။ အဲသည်နောက် နာရီပိုင်းအတွင်းမှာ တွေ့ခဲ့ကြတဲ့ အဖွဲ့ချုပ် လူကြီးတွေတောင် ဒီကိစ္စကို ဂဃနဏ မသိရဘူး ဆိုတော့၊ ဘယ်လိုမှ မထင်မှတ်တဲ့ `ရှော့ခ်´ တခု ဖြစ်တယ်လို့ ဆိုရမှာပါ။ နေမကောင်းလို့လား။ ကြိုတင်မသိလို့လား။ ကားပျက်နေလို့လား။ စိတ်ကောက်တာလား။ တွေးစရာတွေက အများသား။

ဒီလို ဖြစ်လာတဲ့အခါ ရွှေပြည်တော်ကြီးက မောင်မင်းကြီးသားများက အခက်အခဲကို အလွယ်တကူပဲ ဖြေရှင်းလိုက်ပါတယ်။ ဘယ်လို ဖြေရှင်းသလဲ ဆိုတော့ ဒေါ်စုအိမ်ရှေ့ကနေ `ဂမ်ဘာရီက တွေ့ချင်လို့ပါ ခင်ဗျာ´ ဆိုပြီး လော်နဲ့ အော်ခေါ်သတဲ့လေ။ ပြီးတော့ ဂမ်ဘာရီရဲ့ လက်ထောက်နှစ်ယောက်ကလည်း အိမ်ရှေ့မှာ ရစ်ဝဲရစ်ဝဲ စောင့်နေကြသတဲ့။



ကိုကြီးပေါ် စဉ်းစားကြည့်တယ်။ ဒေါ်စုကို အိမ်ချုပ်ချထားပြီး လုံခြုံရေးကို အပြည့်ချထားတယ်လို့ ဆိုတယ်။ ဒီတော့ ဒေါ်စုဆီကို ဘယ်သူကမှ အဆက်အသွယ် လုပ်တာ မရှိတော့လို့လား။ အရင့်အရင်တုန်းက ဂမ်ဘာရီနဲ့ တွေ့တာတို့၊ ဦးအောင်ကြည်နဲ့ တွေ့တာတို့မှာ ကျတော့ကော ဒီလိုပဲ အိမ်ရှေ့ကနေ `တွေ့ချင်လို့ပါ ခင်ဗျား´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ မကြာခင်ကပဲ ရှေ့နေ ဦးကြည်ဝင်း တို့၊ ဆရာဝန် ဦးတင်မျိုးဝင်း တို့ ဒေါ်စုဆီ သွားတာ ကျတော့ရော ဒီလိုပဲ `ရှေ့နေ ဦးကြည်ဝင်း ရောက်နေပါပြီ ခင်ဗျား။ တံခါးဖွင့်ပေးပါ´။ `ဒေါက်တာ တင်မျိုးဝင်း ရောက်နေပါပြီခင်ဗျား။ ဆေးစစ်ချင်လို့ပါ´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ ဒေါ်စုကို အချုပ် တနှစ် ထပ်တိုးတုန်းကကော ဒီလိုပဲ အိမ်ပေါက်ဝက လော်နဲ့ အော်ခဲ့တာပဲလား။

ရွှေပြည်တော်မှာကတော့ ``ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ။ မနက်ဖြန် စနေနေ့ လုပ်အားပေးသို့ တအိမ်တယောက် မပျက်မကွက် လာရောက်ကြပါရန်… ´´ ဆိုပြီး လော်နဲ့ အော်တာက ကျင့်သားရနေပြီ မဟုတ်လား။ အဲ နောက်ဆက်တွဲ ရှိသေးတယ် ``မလာရောက်က ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း…´´ ဆိုပါလား။ ကိုကြီးပေါ်လည်း ကြားပါများတော့ အလွတ်တောင် ရနေပြီ။ အခု ဒေါ်စုကို လော်နေ အော်တော့ရော ``မတွေ့ပါက ပြင်းထန်စွာ အရေးယူမည်…´´ ဆိုတာ ပါသေးလား မသိ။

ရွှေပြည်တော်သားတွေကတော့ အကျင့်ပါနေလို့ ထားပါတော့။ ဟို ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူ့လက်ထောက် နှစ်ယောက်ကိုပါ လော်အဖွဲ့ထဲ ထည့်ပေးလိုက်တာ စဉ်းစားစရာပါပဲ။ တကယ်ဆို လာမတွေ့သူကို လော်နဲ့ အော်ရတယ် ဆိုတာ ဂမ်ဘာရီ လက်တွေ့ တွေ့နေပြီပဲ။ သူတွေ့ချင်တဲ့ ဗိုလ်သန်းရွှေကိုလည်း အဲသလို လော်နဲ့ သွားအော်ဖို့ ကောင်းတာပေါ့။ ``ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ ကျနော် ဂမ်ဘာရီပါ၊ တွေ့ပါရစေ ခင်ဗျား…´´ ဘာညာပေါ့။ သူ့တိုင်းပြည်ရောက်ရင် သူ့ဓလေ့အတိုင်းတော့ ကျင့်ရမှာပေါ့။ မတွေ့ တွေ့တွေ့ ကိုယ်ဖက်က အော်စရာရှိတာတော့ အော်သင့်တာပေါ့။ ဟုတ်ဘူးလား။ ဒေါ်စုကိုတောင် လော်နဲ့ အော်သေးတာ။ ဗိုလ်သန်းရွှေကိုလည်း လော်နဲ့ အော်ပေါ့။

ဘာကြောင့်လဲဆိုတော့ ဂမ်ဘာရီရဲ့ အလုပ်က အဲသည်နှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်နေလို့ပါပဲ။
အရင်တခေါက်ကလည်း ဂမ်ဘာရီက တွေ့ တွေ့ တွေ့ ဆိုတာတွေ လုပ်ပေမယ့် အရေးပါသူ ဗိုလ်သန်းရွှေကို မတွေ့ရခဲ့ရဘူး။ ဒီတခေါက်လည်း တွေ့ဖို့ အလားအလာ မရှိပါဘူး။ ဒါကို သိတဲ့ ဒေါ်စုက အကြောင်းထူးနိုင်စရာ မရှိတာမို့ မတွေ့ဘဲ နေလိုက်တာပဲလို့ ကိုကြီးပေါ်က ကောက်ချက်ချပါတယ်။ ဒါက ကိုကြီးပေါ်ရဲ့ ကောက်ချက်ပါ။ လွဲချင်လည်း လွဲမှာပေါ့ နော။ အဖွဲ့ချုပ်ကိုတောင် တွေ့တယ်ဆိုရုံလေး ထုံးတို့လို့၊ အဖွဲ့ချုပ်က ခပ်ပြင်းပြင်း ပြောလိုက်တော့မှ နောက်ထပ် ဆွေးနွေးဖြစ်တာ။ ဒါလဲ ဆွေးနွေးပွဲ တန်းလန်းကြီးနဲ့ ဂမ်ဘာရီ-ပြန်ပါပြီ ဖြစ်သွားရတာပါပဲ။

ဒီတခေါက်မှာ ထူးတာလေး တခု ရှိသဗျ။ ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဒီဇင်ဘာမှာ ရွှေပြည်တော်ကြီးကို သွားမယ် ဆိုပဲ။ နိုင်ငံရေးကိစ္စ သက်သက်တဲ့။ ကိုကြီးပေါ် ပြောခဲ့သားပဲ။ `မွမ်းမံသင်တန်း´ ဆိုတဲ့ ခေါင်းစဉ် အောက်မှာလေ။ မပူပါနဲ့ ဘန်ကီမွန်းလည်း အချိန်တန်ရင် သွားမှာပါလို့။ ဟော… အခု သွားတော့မယ်။ ဂမ်ဘာရီက လေးငါးခေါက် ရှိပြီဆိုတော့ အရည်အချင်းတွေ တော်တော် တောက်ပြောင်သွားပြီ။ မယုံရင် သူ့မျက်နှာကို ကြည့်ပါ။ မည်းပေမဲ့ ပြောင်ပါတယ်။ အခု ဘန်ကီမွန်း အလှည့်။ လာတော့မယ်။
ဘန်ကီမွန်းအတွက် တခုတော့ ကြပ်ကြပ်မှာလိုက်ချင်သပ။ လက်ကိုင် လော်စပီကာ ကောင်းကောင်း တခုတော့ မပါ ပါအောင် ဆောင်သွားပါ။ ရွှေပြည်တော်ကြီးရောက်လို့ ``သူနဲ့ မတွေ့ချင်ဘူး ဟူး ဟူး´´ ဆိုတဲ့အခါ အဲဒီ လော်စပီကာက အသုံးတည့်ကောင်း တည့်ပါလိမ့်မယ်။ အကယ်၍ မတွေ့ရင်တောင်မှ ရွှေပြည်တော်ရဲ့ အကျင့်စရိုက်အတိုင်း ကျင့်သုံးခဲ့တာမို့ ၀ိနည်းလွတ်နိုင်ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာပေါ်တဲ့ `ဂမ်ဘာရီ၏ ခရီးစဉ်´ ဇာတ်လမ်းတွဲဟာ လူထူးလူဆန်းတို့နေတဲ့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီး တခုနဲ့တင် ဂန္ထ၀င်မြောက်နေမှာ အသေအချာပါ။

ကိုကြီးပေါ်

0 comments: