Monday, July 21, 2008

နောက်ထပ် ၆ လလောက်ကြာရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်နိုင်ကြောင်း စင်ကာပူကပြော

နောက်ထပ် ၆ လလောက်ကြာလို့ရှိရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်နိုင်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မြန်မာ စစ်အစိုးရရဲ့ ဥပဒေတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ချုပ်နှောင်ထားနိုင်ချိန်ဟာ ၆ နှစ် ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက တနှစ်၊ ၀န်ကြီးချုပ်ရဲ့ အတည်ပြုချက်နဲ့ အစိုးရအဖွဲ့က ချုပ်နှောင်ထားနိုင်ချိန်ဟာ ၅ နှစ်၊ စုစုပေါင်း ၆ နှစ် ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ရှိုက မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဦးဉာဏ်ဝင်းကို ကိုးကား ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများရဲ့ ညစာစားပွဲအပြီး ပြောကြားရာမှာ “သူ (ဦးဉာဏ်ဝင်း) က ခြောက်နှစ်သက်တမ်းဟာ နှစ်ဝက် လောက်ဆို ရောက်လာမှာဖြစ်ကြောင်း ကျွန်တော်တို့ကို ပြောကြားခဲ့ပါတယ်။“ လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆက်လက် ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်ဟာအခုတပတ်အတွင်းကျင်းပဖို့ရှိတဲ့အာစီယံအစည်းအဝေးများ မတိုင်ခင်မှာ ထွက်ပေါ်လာ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညစာစားပွဲမှာ အဓိကထား ဆွေးနွေးကြတာကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နယ်စပ် အငြင်းပွားမှုနဲ့ မြန်မာနိုင်ငံ အရေးတို့ပဲ ဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတွေက ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်မယ့်နည်းလမ်းရှာကြမယ်လို့ပြောခဲ့ကြပြီးမြန်မာနိုင်ငံခြားရေးဝန်ကြီးဆိုသူကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ချုပ်နှောင်နိုင်တာဟာ ၆ နှစ် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ရုက္ခဗေဒဥယျာဉ်က စားသောက်ဆိုင်တခုမှာ ပြုလုပ်ခဲ့တဲ့ ညစာစားပွဲအတွင်း ပြောကြားခဲ့ပါတယ်။

စင်ကာပူဘက်က အခုလို ပြောခဲ့ပေမယ့် မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် သက်တမ်းကို တနှစ် တိုးခဲ့ပါတယ်။ အဆိုပါ အကျယ်ချုပ်သက်တမ်း တနှစ်ပြည့်ဖို့ ဆယ်လ လိုနေသေးတဲ့အတွက် စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တာဟာ ဖြစ်နိုင်ခြေ ရှိ မရှိ စဉ်းစားစရာ ဖြစ်နေပါတယ်။ စည်းရုံးရေးခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာအနီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ကြံ့ဖွတ်အဖွဲ့တွေက ၀ိုင်းဝန်း ရိုက်နှက်အပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ သူရဦးတင်ဦးကို စစ်အစိုးရက ဖမ်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ထိမ်းသိမ်းထားတာဖြစ်ကြောင်းစစ်အစိုးရဘက်ကပြောဆိုခဲ့ပေမယ့်အစောပိုင်းကာလများမှာအင်းစိန်ထောင်အတွင်းဒေါ်အောင်ဆန်းစုကြည်အတွက် ဆောက်လုပ်ထားတဲ့ အဆောက်အဦမှာ ချုပ်ထားကြောင်း သတင်းထွက်ခဲ့ပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြကြောင်း သတင်းများ ထွက်ခဲ့ပြီး သူ့ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ချုပ်နှောင်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ခွဲစိတ်ကုသခဲ့ရပါတယ်။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူကို ကိုးကားပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တဲ့အပေါ် အမျိုးသား ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဦးစိန်ဝင်းက “ဒါက စင်ကာပူက မှတ်ချက်ချလိုက်တာာပေါ့ နော်။ စစ်အစိုးရက တိုက်ရိုက် ကျူပ်တို့ လွှတ်မယ် ဗျာလို့ ပြောတာ မဟုတ်ဘူး။ ဒီတော့ စောင့်ကြည့်ရမှာ ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရုံတင် မကဘူး။ ကျွန်တော်တို့ လိုချင်တာက တိုင်းပြည် ကောင်းရာကောင်းကျိုး လုပ်နိုင်ဖို့ မြင်ချင်တာကိုး။“ လို့ ပြောကြားလိုက်ပါတယ်။

(burma today)

0 comments: