Wednesday, July 9, 2008

အင်းစိန်ထောင်တွင်းကသတင်းများ

ရန်ကုန် အင်းစိန် အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကိုမျိုးရန်နောင်သိန်းဟာ လုံးဝ လမ်း
မလျှောက် နိုင်တော့သလို မစုစုနွေး၊ ကိုဉာဏ်လင်းအောင်၊ ကိုမောင်မောင်လတ်တို့ ထောင်ဝင်စာ
အပိတ်ခံနေရကြောင်း၊ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အရေးပေါ် စီမံချက် ဥပဒေ ပုဒ်မ ၅ (ည) နဲ့
ပုဒ်မ ပြောင်းလဲ တရားစွဲဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသတင်းများအရ သိရပါတယ်။

ကိုမျိုးရန်နောင်သိန်းဟာ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အတွင်း အထိပ်တလန့် ဖြစ်စေမှု၊ ဆူပူအောင်
လှုံ့ဆော်မှုတွေနဲ့ တရားစွဲဆိုခံထားရပြီး ရုံး ထုတ် စစ်ဆေးနေဆဲဖြစ်ကာ မေလအတွင်းမှာ
ဦးဏှောက်နဲ့ အာရုံကြောဆရာဝန်ကို ပြသနိုင်ရန် တောင်းဆိုမှုကြောင့် အရူးထောင် အပို့ခံရသူ
ဖြစ်ပါတယ်။ ၂၀၀၇ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ စစ်အစိုးရက သူ့ကို ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ
နှိပ်စက်မှုဒဏ်တွေကြောင့် လူတွဲကာ လမ်းလျှောက်ခဲ့ရတဲ့ အဖြစ်ကို ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ
အခြေအနေ ပိုမိုကောင်းမွန်လာခြင်း မရှိဘဲ ဇူလိုင်လဆန်း ရရှိတဲ့သတင်းများအရ သူဟာ လုံးဝ
လမ်းမလျှောက်နိုင်တော့ပဲ သူ့ကို တရားရုံး ထုတ် စစ်ဆေးတဲ့အခါမှာ ထောင် ၀န်ထမ်းတွေက ပွေ့ချီ
လာခဲ့ကြရကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မြရိပ်ညိုဟော်တယ်အနီးမှာ ပိုစတာကပ်မှုနဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ မစုစုနွေး
ကတော့ ဇွန်လကုန်ပိုင်းမှာ ထောင်အာဏာပိုင်တွေနဲ့ စကားများရာက အကျဉ်းထောင်ရဲ့ အုတ်နံရံကို ခေါင်းနဲ့ ဆောင့်ခဲ့တဲ့အတွက် သတိ
မေ့ကာ လဲကျသွားခဲ့ကြောင်း သိရပါတယ်။ မစုစုနွေးရဲ့ အမှုကို စစ်ဆေးဖို့ ဇွန်လ ၂၅ ရက်နေ့က တရားရုံးမှာ ချိန်းဆိုခဲ့ပေမယ့် အာဏာပိုင်
တွေဘက်က မစစ်ဆေးခဲ့ပါဘူး။


မစုစုနွေးအား ချုပ်နှောင်ထားတဲ့ အခန်းကို ထောင်အာဏာပိုင်တွေက ရှင်းလင်းစဉ် ရိုင်းရိုင်းစိုင်းစိုင်း ပြောကြားတဲ့အတွက် မစုစုနွေးက
ပြန်လည် ပြောဆိုရာ ထောင်ဝင်စာ နှစ်ပတ် ပိတ်လိုက်ပြီး ဇူလိုင် ၅ ရက်နေ့က မစုစုနွေးကို တိုက်ပိတ်လိုက်ကြောင်း၊ မစုစုနွေးအား
ထောင်ဝင်စာ ပိတ်လိုက်ကြောင်း ကြေငြာချက်ကို အင်းစိန်ထောင်က ကြော်ငြာသင်ပုန်းမှာ ကပ်ထားကြောင်း သိရပါတယ်။
ကိုဉာဏ်လင်းအောင် ဟာ ဇူလိုင်လဆန်းပိုင်းက ထောင်အာဏာပိုင်တွေနဲ့ စကားများပြီး ထောင်ဝင်စာ ပိတ်ခံရတာဖြစ်ကာ၊
ကိုမောင်မောင်လတ် ကတော့ အစားအသောက် တရားမ၀င် သွင်းမှုနဲ့ ထောင်ဝင်စာ ပိတ်လိုက်တာလို့ မြန်မာပြည်ဆိုင်ရာ သတင်းများမှာ
ဖော်ပြထားပါတယ်။

မြန်မာဘလော့ဂ်ဂါတဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ကိုတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ခေတ္တ စစ်ဆေးစရာရှိတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီး စစ်ဆေးအပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂
(ခ) နဲ့ တရားစွဲခဲ့ပါတယ်။ ဇူလိုင်လဆန်းခန့်မှာတော့ ကိုနေဘုန်းလတ်ကို နိုင်ငံရေးပုဒ်မ ၅(ည) နဲ့ ပြောင်းလဲ တရားစွဲလိုက်တာ ဖြစ်ပါတယ်။
ဘာ့ကြောင့် ပုဒ်မပြောင်းလိုက်မှန်း ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ မျက်မှန်တပ်ထားရတဲ့ ကိုနေဘုန်းလတ်ဟာ အခုအခါ မျက်စေ့
ဝေဒနာ ခံစားနေရပြီး မျက်ရည်များလည်း ကျနေကြောင်း၊ ဒါပေမယ့် ကိုနေဘုန်းလတ်အနေနဲ့ ဆေးကုသခွင့် မရသေးကြောင်း သိရပါတယ်။

မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တထောင်ကျော်ရှိပြီး အချို့ကို ဝေးလံခေါင်သီတဲ့ ပူတာအို၊ ခန္တီးစတဲ့ အကျဉ်းထောင်
တွေကို ပို့ဆောင် ချုပ်နှောင်ထားပါတယ်။ မြန်မာပြည် ပြောင်းလဲ တိုးတက်လိုသူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို
နိုင်ငံရေးအကျဉ်းသားများအဖြစ် ခေါ်ဝေါ်ကြပြီး စစ်အစိုးရတော့ နိုင်ငံရေးအကျဉ်းသား မရှိဘဲ ရာဇ၀တ်သားများသာ ရှိကြောင်း အစဉ်တစိုက်ငြင်းဆိုခဲ့ပါတယ်။
source။ ။ ဘားမားတူဒေး

0 comments: