Wednesday, July 30, 2008

ပထမဆုံး နာဂစ်ရန်ပုံငွေ ဟစ်ဟော့ရှိုးပွဲ

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

နာဂစ်အတွက် ရန်ပုံငွေရရှိစေရန် မြန်မာ့ပထမဆုံး ဟစ်ဟော့ အဆိုတော်များ တစုတပေါင်းတည်း ပါဝင်ကြမည့် ဟစ်ဟော့ပွဲကို သြဂုတ် (၃) ရက် သုဝဏ္ဏ အမျိုးသားအားကစားရုံ၌ ကျင်းပပြု လုပ်မည်။

ဟစ်ဟော့တေးဂီတဖြစ်သော်လည်း နာဂစ်နှင့် ပတ်သက်၍ ရန်ပုံငွေ ရှာသည့်ပွဲဖြစ်သဖြင့် သီဆို ဟန်များ၊ ကခုန်မှုပုံစံများ၊ စင်ပေါ်က ပရိသတ်ကို နှုတ်ဆက်ဟန်ကစ၍ နွေးထွေးမှု ကရုဏာအပြည့် ပုံစံဖြင့် သီဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဟစ်ဟော့ အဆိုတော်များက အခကြေးငွေမယူဘဲ တဦးလျှင်၊ အဖွဲ့တဖွဲ့လျှင် သီချင်း (၂) ပုဒ် သီဆိုပေးကြမည်ဖြစ်သည်။


ပါဝင်သီဆိုကြမည့်သူများမှာ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ စောညီညီ (too big)၊ အနဂ္ဂ၊ ဘာဘူ၊ သားစိုး၊ J-me၊ ကြက်ဖ၊ ထွန်းထွန်း(Example)၊ မိုးမိုး၊ လင်းလင်း၊ ကျော်သူစိုး၊ ချမ်းအေးဝင်း၊ ဘိုလေး (ယုန်လေး)၊ လင်းပင်ဟိန်း၊ ဂျောက်ဂျက်၊ Wai လျှံ၊ အာဘွိုင်း၊ ၀ိုင်းစုခိုင် သိန်း၊ နန်းဆုရတီစိုး၊ ပြည့်ဖူးခိုင်၊ စန္ဒီမြင့်လွင့်၊ သီရိဆွေ၊ သဇင်၊ No (ရီမွန်+ရတနာ)၊ Cartoon၊ Blueberry၊ Cyclone၊ Double Beatz၊ Project #1 စသည်တို့ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးများကို (၈,၀၀၀) နှင့် (၅,၀၀၀) သတ်မှတ်ရောင်းချမည်ဖြစ်ပြီး လေဘေးသင့် ပြည်သူများ အတွက် ရည်ရွယ်၍ စိတ်ဖြေသိမ့်မည့် သီချင်းများကို သီဆိုပေးသွားမည်ဖြစ်ကြောင်း ဟစ်ဟော့ အဆိုတော် အနဂ္ဂက ပြောသည်။

ဟစ်ဟော့တေးဂီတ အဆိုရှင်များ အနေဖြင့် နာဂစ်နှင့် ပတ်သက်၍ ၎င်းတို့ ရေးစပ်ထားကြသည့် သီချင်းများကို လွတ်လပ်စွာ သီဆိုကြမည်ဖြစ်ကြောင်း၊ ဟစ်ဟော့ လူငယ် (၂၀) တို့က အထူး ရေးဖွဲ့ထားသော သီချင်းတပုဒ်ကိုလည်း စီစဉ်တင်ဆက်သွားမည်ဖြစ်ပြီး ရေးသူမှ မိမိရေးသော သီချင်းပိုဒ်ကို ကိုယ်တိုင်သီဆိုသွားမည် ဖြစ်သည်ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

မြန်မာ့ဟစ်ဟော့ အဆိုတော်များကို အစိုးရက စောင့်ကြည့်လေ့ရှိပြီး အက်ဆစ်ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်ကို ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုကြောင့် နာဂစ်ရန်ပုံငွေ ဟစ်ဟော့ပွဲတွင်လည်း အစိုးရကစောင့်ကြည့်နိုင်သည်ဟု ဟစ်ဟော့အသိုင်းအ၀န်းက ဝေဖန် ပြောဆိုနေကြသည်။

0 comments: