ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။
(ကြည်မောင်သန်း)
အဆိုပါကဗျာသည် “ဒီပရင်္ဂ”အမည်ရှိ ဒီပဲယင်း မြို့အကြောင်း ဖွဲ့ဆိုထားသည့် ကဗျာဖြစ်ပြီး ယင်း ကဗျာပါဝင် သောမဂ္ဂဇင်း သည် မေလ မကုန်ခင်ကပင် စာပေစိစစ်ရေးခွင့်ပြုချက်ဖြင့် ဖြန့်ချိခဲ့ခြင်းဖြစ်သည်ဟု ချယ်ရီမဂ္ဂဇင်းနှင့်နီးစပ်သည့် စာနယ်ဇင်း သမားတဦးက ပြောသည်။
ထို့ပြင် ကဗျာဆရာက သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ မြို့ဝန်ဖြစ်ခဲ့ဖူးသော ဒီပရင်္ဂ မြို့တွင် ကောက်ကျစ် ယုတ်မာသည့် သစ္စာဖောက်များရှိခဲ့ဖူးကြောင်း၊ သူရဲကောင်းများပျောက်ဆုံးခဲ့ရဖူးကြောင်း၊ အမျိုးသမီး တဦးသည် လည်း သေကံ မရောက် သက်မပျောက် ဖြစ်ခဲ့ရပြီး အံကြိတ် တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း တို့ကို လည်း ရေးဖွဲ့ထားသည်။
အထက်ပါ ဒီပဲယင်းမြို့ကို ရှေးသမိုင်းဝင် အမည် ဒီပရင်္ဂ အမည်ဖြင့်ရေးဖွဲ့ထားသော ကဗျာသည် လူကြိုက်များ၍ ပျံ့နှံ့နေပြီး ယင်း ကဗျာဖော်ပြထားသည့် ချယ်ရီမဂ္ဂဇင်းသည်လည်း အရောင်းသွက်ခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့တွင် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့အဝင် ၂၀၀ ခန့်သည် လူအင်အား ၅၀၀၀ ခန့်ရှိ လူအုပ်စု တစု၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုအတွက် စစ်အစိုးရအား နိုင်ငံတကာ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဖွဲ့စည်း၍ အရေးယူပေးရန် အန်အယ်လ်ဒီ က တောင်းဆိုထားသည်။
ထိုချယ်ရီ မဂ္ဂဇင်းပါ ကဗျာကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့မှ ဂျာနယ် အယ်ဒီတာ တဦးက“ကဗျာအယ်ဒီတာ ထွက်လိုက်ရပြီး စိစစ်ရေးက စာစစ်မှူး ၃ ဦး ပြုတ်တယ်လို့လည်း ကြားတယ်၊ ဒါပေမယ့် ဖြစ်နိုင်တာက မဂ္ဂဇင်းကို တလ နှစ်လ ဖြစ်ဖြစ် အပြစ် ပေးတဲ့သဘောနဲ့ နားခိုင်းဖို့များတယ်၊ ကဗျာဆရာကိုတော့ နောက်ပိုင်း သူ့ကလောင် ကို ပြဿနာရှာလိမ့်မယ်ထင်တယ်”ဟု ဆိုသည်။
ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြခဲ့သည့် “အာနာရူးကြီး မှူးကြီးသန်းရွှေ” စကား လုံးများပါဝင်သော“ဖေဖော်ဝါရီ ဆယ့်လေး”ကဗျာနှင့်ပတ်သက်၍ စစ်အာဏာပိုင်များက ကဗျာဆရာ စောဝေကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ ပြန်မလွှတ်သေးပေ။
0 comments:
Post a Comment