Sunday, July 13, 2008

ဖျာပုံမြို့နယ် လေဘေးဒုက္ခသည်တွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရဆဲ

ဧရာဝတီတိုင်းအတွင်းက လေဘေးဒုက္ခသည်တွေကို လာရောက်လှူဒါန်းထားတဲ့ အလှူငွေတွေဟာ လေ ဘေး ဒုက္ခသည်တွေ လက်ထဲ မရောက်ရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် လာရောက် လှူဒါန်းကြတဲ့ အလှူရှင်တွေ မရှိသလောက် နည်းပါးသွား တာတွေကြောင့် ဆန်ပြတ်တာတွေ ဖြစ်လာသလို ကလေးတွေ စားသင်ကြားဖို့ အတွက်လည်း စာရေးကိရိယာတွေ အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။

မေလက တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လေဘေးဒုက္ခရောက်နေကြတဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့ နယ်က လေဘေးဒုက္ခသည်တွေကို နိုင်ငံနေရာအနှံအပြားမှာရှိတဲ့ အလှူရှင်တွေကနေပြီး ပုံစံအမျိုးမျိုးတွေနဲ့ လေဘေးအကူအညီတွေ ပေးခဲ့ကြပါတယ်။ ဒီလိုလေဘေးအကူအညီတွေ ပေးခဲ့ကြရာမှာ စားသောက် နေထိုင်စရာတွေအပြင် အလှူငွေတွေလည်း ပေးအပ်ခဲ့ကြပါတယ်။

လေဘေးဒုက္ခသည်တွေအတွက် ပေးအပ်ခဲ့တဲ့အလှူငွေတွေကိုတော့ သက်ဆိုင်ရာ စစ်အစိုးရအာဏာပိုင်တွေက လေဘေးဒုက္ခသည်တွေကို ခွဲဝေပေးတာတွေ မရှိခဲ့ပဲ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာတွေကို သာ ခွဲဝေပေးခဲ့တယ်လို့ ဖျာပုံမြို့ခံတဦးက အခုလိုပြောပါတယ်။

ဖျာပုံမြို့ခံတဦး။ ။ "ဖျာပုံ ကျနော်တို့ မြို့နယ် လေဘေးအလှူငွေတွေ တော်တော်ရကြပါတယ်၊ ကုမ္ပဏီတွေကလည်း လှူကြပါတယ်၊ ပုဂ္ဂလိကတွေကလည်း လှူကြတယ်၊ ကျပ်ငွေတွေကို သိန်း ထောင်နဲ့ချီပြီး ရကြတာပေါ့၊ အဲ့ဒီ လေဘေးအလှူငွေတွေကို တကယ့်တကယ်တော့ တကယ့်လေဘေးဒုက္ခရောက်နေတဲ့လူ လက်ထဲကို ရောက်အောင်ဝေတာ မဟုတ်ဘူးခင်ဗျ၊ ကျနော်တို့ သိရတာတော့ ကြံ့ခိုင်ရေး၊ ကြံ့ခိုင်ရေးကို သိန်းဘယ် လောက်၊ ကျနော်တို့သိရတာ သိန်းငါးဆယ်၊ မိခင်နဲ့ ခလေးများကို သိန်းဘယ်လောက်ပေါ့နော်၊ အမျိုးသမီး ရေးရာအဖွဲ့ကို သိန်းဘယ်လောက်၊ စစ်ပြန်စစ်မှုထမ်းဟောင်း သိန်းဘယ်လောက်၊ ရယကတွေ တယောက်ကို သုံးသိန်း ရယက ဥက္ကဌတွေသုံး ဆိုပြီး ဝေခြမ်းပစ်တာဗျ၊ သူတို့နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေပဲ ကြိုက်သလောက်သုံးဆိုပြီး ပေးဝေပြီးတော့ သုံးစွဲနေကြတာ၊ ဖျာပုံမြိုနယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဆိုရင် မယက ကတော်က ဥက္ကဌပေါ့ အမျိုးသမီအဖွဲ့ဆိုရင် အဲ့ဒါ အမျိုးသမီးရေးရာအဖွဲ့အတွက် ဆိုပြီးတော့ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေကို အမျိုးသမီး ဝတ်စုံတဲ့ ဆိုပြီးတော့ တယောက်ကို သုံးစုံစီ ဝယ်ပေးတယ်တဲ့။"

အခုပြောသွားတာ ကတော့ ဖျာပုံမြို့ခံတဦး ပြောပြသွားတာပဲ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဖျာပုံမြို့ကို လာရောက်အကူအညီတွေပေးနေတဲ့ လေဘေးအလှူရှင်တွေ ဟာလည်း စစ်အစိုးရ အာဏာပိုင်တွေကနေ စစ်ဆေးမေးမြန်း နှောက်ယှက် ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် အလှူရှင် တွေက ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး မလာသလောက် ဖြစ်နေသလို လေဘေးဒုက္ခသည်တချို့ဆန်ပြတ်လပ်တာတွေ ဖြစ်လာနေပြီလို့ ပြောပါတယ်။

ဖျာပုံမြို့ခံတဦး။ ။ "အရင်ဆိုရင် ဒီ စနေ တနင်္ဂနွေ ဆိုရင် တအားများတာပေါ့ဗျာ၊ အခုဆိုရင် မလာကြတော့ဘူးဗျ၊ ဟို ဖမ်းမယ် စီးမယ်၊ ဟိုမေး ဒီမေး လုပ်ခံရတယ်ဆိုတဲ့ သတင်းတွေကလည်း အလှူရှင်တွေကြားထဲမှာ တော်တော် ပျံနှံ့ပြီးတော့ နည်းနည်းတွန့်ကုန်ကြတော့ မလာဘူးဗျ မလာတော့ တကယ်လိုအပ်တဲ့ လူတွေမှာ နည်းနည်းတော့ အကြပ်အတည်း လေးတွေတော့ စလာပြီးပေါ့ဗျာ၊ ရှေ့ တစ်ပတ် နှစ်ပတ် သုံးပတ်ဆိုရင် တော့ ပိုပြီးတော့ သိသာလာမယ်၊ စောစောပိုင်း ပြီးခဲ့တဲ့လတွေက ဝေထားတဲ့ ဆန်လက်ကျန်လေးတွေ စားနေတဲ့ ဒုက္ခသည်တွေက အခု ဆန်နည်းနည်း ပြတ်ချင်လာပြီး၊ ပြတ်ချင်လာတော့ ဒီရက်တွေမှာဆို ကျနော်တို့ မြို့ပေါ်မှာရှိတဲ့ ဒီအဆက်အစပ်ရှိတဲ့ပေါ့ဗျာ ရန်ကုန်က အလှူရှင်တွေနဲ့ အဆက်အစပ်ရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို လာပြီးတော့ တောင်းနေပြီ၊ ကျနော်တို့စီမှာ လက်ကျန် ပြတ်တော့မယ် အဲ့ဒါ အလှူရှင်တွေ လာရင်လွတ်ပေးပါ၊ လာတောင်းနေတယ်။"

ဒါ့အပြင် စစ်အစိုးရကနေပြီး ပြန်လည်ပြုစု ပျိုးထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်တာတွေ မရှိသေးပဲ စာသင်ကျောင်းတွေ ပြန်ဖွင့်ခဲ့လို့ ဖျာပုံမြို့နယ်အတွင်းက ကျောင်းသူကျောင်းသားတွေ ကျောင်းတက် နေရပေမဲ့ စာသင်ကြားဖို့ စာရေးကိရိယာတွေ မရှိဖြစ်နေရသလို လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ လည်း မရှိဖြစ်နေတယ်လို့ ဖျာပုံမြို့ခံတဦးကပဲ အခုလို ပြောပါတယ်။

ဖျာပုံမြို့ခံတဦး။ ။ "ကလေးတွေ စာသင်ဖို့အတွက်ကလည်း သူတို့က အတင်းသာဖွင့်ခိုင်းလို့ ဖွင့်ရတာ ကလေးတွေမှာလည်း တော်တော်ဒုက္ခရောက် ရေးစရာ စာအုပ် စာတမ်း စာရေးကိရိယာလည်း ဘာမှ မရှိကြတော့ အခုနယ်တွေကနေ တက်လာပြီး ကလေးတွေ စာသင်ဖို့အတွက် အဲ့ဒါ စာရေးကိရိယာတွေ လှူပေးကြပါ ဆိုပြီးတော့ မြို့ပေါ်ကို တက်ပြီးတော့ လာပြီးတော့ တောင်းနေကြပြီ။ အဲ့ဒီဟာတွေက အခုစနေပြီပေါ့ဗျာ၊ ရှေ့လဆို ပိုပြီးတော့ သိသာလာတော့မှာပေါ့၊ အလှူရှင်နည်းလာခြင်းရဲ့ အကျိုးတွေပေါ့ဗျာ၊ နည်းလာခြင်း အကျိုးကလည်း အဲဒီလိုပေါ့ သူတို့က မေးလားမြန်းလား စစ်လားဆေးလား ဖမ်းလားဆီးလားတွေ သတင်းတွေက ထွက်လာပြီလေ တဖြည်းဖြည်းနဲ့ အဲဒီလိုဖြစ်နေတယ်။"
(RFA)

0 comments: