Friday, July 4, 2008

လေဘေးသင့်ဒုက္ခသည် ရွာသားများအပေါ် စစ်တပ်က ဆက်ကြေးတောင်း

မိုးမခ အထောက်တော် ၀၀၃ ဇူလိုင် ၃၊ ၂၀၀၈

ဧရာဝတီတိုင်းဒေသများရှိ လေဘေးသင့် ဒုက္ခသည်ရွာသားများမှာ ယခုအချိန်အထိ စားဝတ်နေရေး အကြပ်အတည်းမျိုးစုံဖြင့် ရုန်းကန်လှုပ်ရှားနေဆဲဖြစ်ကြောင်း မြို့ပေါ်တက် အကူအညီတောင်းခံနေသူ ရွာသားများက ဂျာနယ်တိုက်တခုသို့ ဝင်ရောက်ပြီး ရင်ဖွင့်သွားသည်ဟု သိရပါသည်။
သတင်းလက်ခံသူ စာနယ်ဇင်းသမားများမှာ ထိုသတင်းကို စာပေစိစစ်ရေးနှင့် ဦးဆောင်သူ အယ်ဒီတာများ၏ ခွင့်ပြုချက်မရဘဲ ပြည်သူသို့ တင်ပြခွင့်မရှိသည့်အတွက် စိတ်ထိခိုက်ရပါကြောင်း မိုးမခသို့ ပြောကြားခဲ့သည်။
ထိုရွာသားများက ပြောကြားရာတွင် တာရိုးပေါ်ကစပြီး ကားလမ်းဘေးများတွင် စစ်သားများက သေနတ်ကြီးများဖြင့် စောင့်ကြပ်နေကြရာ ရွာသားများကလည်း အကူအညီများကို ထွက် မမျှော်ရဲကြောင်း၊ အလှူရှင်များကလည်း လမ်းဘေးတွင် ကားရပ်ပြီး ရွာများသို့ သွားရောက်လှူဒါန်းရေးကို စစ်သားများရှေ့တွင် ပြုလုပ်ရန် ၀န်လေးကြကြောင်း၊ ပိုဆိုးသည်မှာ တောင်သူများ၊ ၀ါးခုတ်သူများ၏ ၀ါးများ၊ ၀ါးခြံများကို ပြန်လည် ပြုပြင်လုပ်ကိုင်လာကြသည်ကို တားမြစ်ပြီး သိမ်းဆည်းခြင်း၊ ဆက်ကြေးများ ငွေကြေးများ တောင်းဆိုအကြပ်ကိုင်ခြင်းများ ပြုလုပ်လာကြောင်း စာနယ်ဇင်းသမားများကို ပြောကြားခဲ့သည်။

တွံတေး၊ ကန်ဘဲ့၊ ကော့မှူး၊ ကွမ်းခြံကုန် လမ်းတလျောက် ပတ်ဝန်းကျင်တွင် ၀ါးတောများရှိရာ တောင်သူတို့က ၀ါးခုတ်ပြီး အသက်မွေးကြရသည်ဟု သိရသည်။ ယခု မုန်တိုင်းအလွန် ရွာ၊ ကျောင်း၊ အိမ်တို့ ပြုပြင်ရန် ပြန်လည်ထူထောင်ရန် ၀ါး၊ ဓနိတို့ကို ရွာသားတို့ကိုယ်တိုင် တိုက်ယူနေကြရချိန်တွင် စစ်တပ်က အဓမ္မကြားဝင်ပြီး နှောက်ယှက်သိမ်းဆည်းနေခြင်းဖြစ်သည်။ စစ်တပ်ရှိသည့်နေရာများတွင် ၄င်းတို့ ခိုင်းစေသမျှကို ရွာအသီးသီးက ဆောင်ရွက်ပေးရရုံသာမက ယခုကဲ့သို့ စားဝတ်နေရေးကိစ္စများကိုပါ စွက်ဖက်ဖိနှိပ်လာသဖြင့် ကျေးရွာတို့မှာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး နာလန်ထူအောင် ကြိုးပမ်းမှုများမှာ ထိခိုက်နစ်နာရသည်ဟု သိရသည်။
ယခုအချိန်တွင် လေဘေးအကူအညီများ ကျဲပါးနေရုံသာမက ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကလေးသူငယ်များ စောင့်ရှောက်ပျိုးထောင်ရေးတို့ အရေးတကြီးလိုအပ်ဆဲ ဖြစ်နေသည်။ ကျေးလက်တောရွာများက နီးစပ်ရာ လက်တို့လျက် အလှူခံထွက်နေရပြီး အလှူရှင်များကလည်း လက်သိပ်ထိုး အကူအညီများကို စောင့်ကြပ်နေသူ စစ်သားများ၊ ရဲသားများ မသိအောင် မတားမြစ်နိုင်အောင် ဆောင်ရွက်နေကြရသည်။ စာနယ်ဇင်းများကလည်း တင်းကြပ်သော စာပေစိစစ်ရေးကြောင့် ထိုသတင်းများကို လူအများသိရှိစေရေး တင်ပြရန် အခက်အခဲရှိနေသည်။

0 comments: