Tuesday, June 3, 2008

မြန်မာစစ်အစိုးရ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ဖြေရှင်းရသည့် အခြေအနေ ရောက်နိုင်

NEJ/ ၂ ဇွန် ၂၀၀၈

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို နှောင့်နှေးကြန့်ကြာအောင် ဆက်လုပ်နေမည်ဆိုပါက နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ဖြေရှင်းရသည့် အခြေအနေ ဆိုက်သွားနိုင်သည်ဟု ဗြိတိသျှ အတိုက်အခံ ပါတီခေါင်းဆောင်က သတိပေးလိုက်သည်။ တနင်္ဂနွေနေ့ လန်ဒန်မြို့ထုတ် The Independent သတင်းစာပါ ဆောင်းပါးတွင် ဗြိတိသျှ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် David Cameron က မြန်မာစစ်အစိုးရအား ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နယ်သာလန်နိုင်ငံ The Hague မြို့၌ ရုံးစိုက်သည်။

အမေရိကန်နိုင်ငံက ဇွန်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးမည့် ကိစ္စတွင် ပါဝင်ရမည်ဟုပါ Mr Cameron က သူ့ဆောင်းပါးတွင် ဖော်ပြထားသည်။ နာဂစ်မုန်တိုင်း တလပြည့်သည့် အချိန်တွင် ပထမဆုံး အကဲစမ်းသည့် ကိစ္စမှာ မြန်မာကိစ္စ သတင်းများတွင် ပါနေရမည်၊ မုန်တိုင်းဒုက္ခသည်များ အသက်ရှင်အောင် ကြိုးပမ်းနေမှုကို နိုင်ငံတကာက အာရုံစိုက်နေအောင် လုပ်ရမည်ဆိုသည်မှာ ရှင်းပါသည်ဟု David Cameron က ထောက်ပြသည်။

မုန်တိုင်းပြီးမှ လူများ ထပ်သေရဦးမည်ဆိုလျှင် စစ်အစိုးရမှာ လုံးဝတာဝန်ရှိသည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးခဲ့သည့် ကတိတည်မတည် သိရန်အတွက် ဘန်ကီမွန်းကိုယ်တိုင် နောက်ထပ် မြန်မာနိုင်ငံသွားရန် လိုသည်ဟုပါ တိုက်တွန်းထားသည်။ ကမ္ဘာကပေးသည့် အကူအညီများ နှောင့်နှေးကြန့်ကြာအောင် လုပ်နေသည့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက စစ်အင်အားသုံးဝင်ပြီး မြန်မာဒုက္ခသည်များကို ကူညီသင့်သည် ဆိုသည့်ဘက်က ထောက်ခံပြောဆိုသူများထဲတွင် ဗြိတိသျှအတိုက်အ ခံ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် David Cameron လည်း ပါဝင်သည်။ ။

0 comments: