Friday, June 20, 2008

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအခမ်းအနားသို့ စွမ်းအားရှင်များဝင်ရောက်ရိုက်နှက်ဖမ်းဆီး

ပီတာအောင်/ ၁၉ ဇွန် ၂၀၀၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်၌ ယနေ့နံနက်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်ပြည့် မွေးနေ့ပွဲသို့ စစ်အစိုးရလက်သပ်မွေးထားသည့် စွမ်းအားရှင်နှင့် ကြံ့ဖွံ့ များက ၀င်ရောက်ရိုက်နှက်ပြီး လူ (၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အန်အယ်လ်ဒီက ပြောသည်။

အန်အယ်လ်ဒီ ပါတီဝင်တဦးက “မနက်က (၁၁) နာရီလောက်က ဒီမှာ ဒေါ်စုမွေးနေ့ လုပ်တာ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆုတောင်းကြတာပေါ့။ ဆုတောင်းပြီး ကျနော်တို့ရုံးရှေ့ ပလက်ဖောင်းပေါ်ကနေ ငှက်လွှတ်တယ်ပေါ့။ စာကလေးတွေ သက်စေ့လွှတ်ပြီးတဲ့အချိန်မှာ ကြံ့ဖွံ့တွေ ကားတွေနဲ့ ရောက်လာပြီးတော့ ဆင်းလာပြီး ရှေ့မှာရှိတဲ့ လူတွေကို ဆွဲလွှဲရိုက်နှက်ပြီး ဖမ်းချုပ်ခေါ်သွားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ အဖွဲ့ချုပ် ဗဟန်းမြို့နယ် လူငယ်အတွင်းရေးမှူးနှင့် မှတ်တမ်းတင်ဓာတ်ပုံ
ဗီဒီယို ရိုက်ကူးသူ ဦးထွန်းမြင့်၊ လှိုင်သာယာမှ ဦးလှအေး၊ မင်္ဂလာဒုံမြို့နယ်မှ ကိုမောင်မောင်သိန်းနှင့် အမျိုးသမီးအဖွဲ့ဝင်တဦးတို့ဖြစ်ကြောင်း၊ သံဃာတော်တပါး ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေ သော်လည်း အတည်မပြုနိုင်သေးကြောင်းနှင့် အမျိုးသမီးငယ်တဦး အရိုက်ခံရပြီး ဒဏ်ရာရရှိ သွားကြောင်း အန်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောသည်။

ယခုနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ ပြည်သူလူထုနာဂစ်မုန်တိုင်းဒဏ်ခံနေရသဖြင့် ပျော်ပွဲရွှင်ပွဲ မကျင်းပဘဲ အလှူဒါနပွဲသာ ကျင်းပခဲ့ကြောင်း၊ အဖွဲ့ချုပ်ရုံး၌ မွေးနေ့ဆွမ်းကပ်လှူရန် သံဃာတော် များအား ပင့်ဖိတ်ခဲ့သော်လည်း အာဏာပိုင်တို့၏ တားမြစ်ပိတ်ပင်မှုကြောင့် သံဃာတော်များ ကြွခွင့် မရဘဲ ဆွမ်းချိုင့်သာပို့ခွင့်ရခဲ့ကြောင်း အန်အယ်လ်ဒီဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်လဲ့လဲ့က ပြောသည်။

၎င်းက “မွေးနေ့မှာ ဘုန်းတော်ကြီးတွေကိုဆွမ်းကပ်ပြီး ကုသိုလ်ကောင်းမှုလုပ်တယ်။ အကျဉ်းကျနေ တဲ့လူတွေ လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငှက်ကလေးတွေ လွှတ်တယ်။ ဒီလိုလုပ်တာကို အဟန့် အတား အနှောင့် အယှက်တွေပေးတာ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မလုပ်ကောင်းပါဘူး။ အန်တီ တို့က သူများကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး၊ ကိုယ့်ရုံးရှေ့မှာကိုယ် ကုသိုလ် ကောင်းမှုလုပ်ခြင်းဖြစ်တယ်။ ခုလိုဝင်ပြီးတော့ ဖမ်းလားဆီးလား ရိုက်လားနှက်လား လုပ်တာဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝမအပ်စပ်ပါဘူး။ ဘယ်လိုမှ မကောင်းပါဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျ ထိန်းသိမ်းခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး (၇၀) ကျော်တို့အား အန်အယ်လ်ဒီက ပညာသင်ဆု ချီးမြှင့်ပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။

အလားတူ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဂျပန်၊ တိုင်ဝမ် စသည့် နိုင်ငံတို့၌လည်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲများ အသီးသီး ကျင်းပခဲ့ကြပြီး နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

0 comments: