Thursday, June 19, 2008

မိုးကုတ်မြို့ရေကြီးခြင်း နအဖ စိတ်မ၀င်စား ရေကြီးမှုထပ်ဖြစ်မည်ကို မြို့ခံများ စိုးရိမ်နေ

NEJ/ ၁၈ ဇွန် ၂၀၀၈

မိုးကုတ်မြို့ရေကြီးရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျောက်မျက် ဖက်စပ်လုပ်ငန်းများ တောင်ဖြို ချခြင်းကြောင့်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ဇွန်လ (၁၂) ရက်တွင် မိုးကုတ်မြို့၌ ရေကြီးပြီး မြေပြိုခဲ့သည့်အတွက် လူများသေဆုံးပြီးနောက်ပိုင်း အလားတူဖြစ်ရပ်မျိုး ထပ်မံ ကြုံလာမည်ကို မြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

ယခုကဲ့သို့ မိုးကုတ်မြို့ ရေကြီးရခြင်းမှာ မိုးကုတ်မြို့တွင် အဓိကစီးဆင်းနေသည့် ရေနီချောင်း ရေလျှံမှုကြောင့်ဖြစ်ပြီး ယင်းရေနီချောင်းသည် ကျောက်မျက်တူးဖော် လုပ်ကိုင်နေကြသော ရပ်ကွက်များအနီးမှ မြစ်ဖျားခံလာပြီး မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်၍ စီးဆင်းကြောင်း သိရသည်။

“ကျောက်မျက်ဖက်စပ်လုပ်ငန်းတွေက တောင်တွေကို ဖြိုချတာ။ အဲဒီကနေ ရေနဲ့အတူ မျောလာတဲ့ သဲမြေတွေဒဏ်ကို မခံနိုင်ဖြစ်တာ၊ ရေတွေဒလဟော စီးလာတာတွေကို မခံနိုင်လို့ အခုလို ရေကြီး တာဖြစ်တာပဲ” ဟု မိုးကုတ်ဒေသခံ ဦးကံညွန့်က ပြောသည်။

အခြား မိုးကုတ်မြို့ခံတဦးကလည်း “အရင်နှစ်တွေက ရေကြီးတယ်။ ဒါပေမယ့် လူမသေဘူး။ ဒီနှစ်က လူသေတာ ပထမဦးဆုံးပဲ။ (၁၅) ယောက်ဝန်းကျင်လောက် သေတယ်။ ဒဏ်ရာရတဲ့
သူတွေများတယ်၊ အခု မိုးရာသီ စတာပဲရှိသေးတယ်။ နောက်ထပ် (၄) လလောက် မိုးတွေ ရွာနေမယ်ဆိုရင် အခုလိုမျိုး ရေကြီးမှုတွေ ပေါ်နေမှာပဲ၊ သေချာတယ်” ဟု ပြောသည်။

ရေကြီးရခြင်းအကြောင်းရင်းမှာ မိုးကုတ်မြို့ နေရာအနှံ့မှ စီးဆင်းသော ရေများ ရေနီချောင်းသို့
စီးဝင်ပြီး မြို့လယ်တည့်တည့်ကိုဖြတ်ကာ စီးဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့ခံ ဦးနီတွတ်က “ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင် လုပ်ကွက် တွေက ကျောက်တူးတဲ့နေရာကနေ ဖြိုချလိုက်တဲ့ တောင်မြေတွေ ရေနဲ့တိုက်စားပြီးကမ်းပါးတွေ၊ ကျင်းထဲက ထုတ်ထားတဲ့ သဲမြေတွေဟာ ဒီချောင်းထဲကိုပဲ ရောက်လာကြတာ။ ပြီးတော့ မြေတူး စက်တွေကလည်း မြေတွေကို ရေနီချောင်းထဲကိုပဲ သွန်ချတယ်။ ဒါကြောင့် ဒေသခံတွေက ရေနီ ချောင်းကို ရေတွေ လျှံမတက်လာနိုင်အောင် အုတ်ရိုးစီကာထားတယ်။ ရေက မြင့်လာလိုက်၊ အုတ်ရိုးအကာ မြင့်လာလိုက်ပေါ့။ ရေနီချောင်းမှာ ရေတွေနဲ့အတူ ကျောက်ခဲတွေ အားလူးသီးကနေ ထောပတ်သီးအထိ ရှိတယ်” ဟု ပြောသည်။

ယင်းသို့ ကျောက်မျက်ဖက်စပ်လုပ်ငန်းများကြောင့် မိုးကုတ်မြို့၏ အနေအထားမှာ နှစ်စဉ်ရေကြီး ရေလျှံကာ မြေပြိုမှုများဖြစ်နေသည်ကို နအဖက မသိကျိုးကျွန်ပြုနေသည်ဟုလည်း ၎င်းက ပြောသည်။

“အစိုးရမသိတာဆိုလို့ ဘာမှမရှိဘူး၊ မသိသလိုနေတာ။ ဦးပိုင်ဆိုတာလည်း နအဖလုပ်ငန်းပဲ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်မယ်ဆိုပြီး ပညာပေး ပိုစတာတွေ၊ နံရံကပ်ကြော်ငြာတွေ ပလူပျံနေတယ်။ ဘာတခုမှ မလုပ်ဘူး။ တနှစ်ပြီးတနှစ် ဒီသဘာဝပတ်ဝန်းကျင် သတိပေး နှိုးဆော် စာတွေကို အသစ်ပြောင်းကပ်တယ်။ ဒါပေမယ့် ဒီကျောက်မျက်တူးတာကြောင့် ရေကြီးတဲ့ကိစ္စကို ဘယ်လိုမှ ခေါင်းထဲမထည့်ဘဲ မသိသလိုနေတာ” ဟု ဦးနီတွတ်က ပြောသည်။

မိုးကုတ်မြို့၏ အဓိကချောင်းဖြစ်သည့် ရေနီချောင်းထဲသို့ အမှိုက်များမပစ်ရန်၊ ကျောက်မျက်တူးဖော် သည့်အခါ အသုံးပြုထွက်လာသည့်ရေများကို ရေစစ်ကန်ပြုလုပ်ပြီး အနည်ထိုင်ပြီး ရေများကိုသာ ချောင်းတွင်းလွှတ်ရန်နှင့် ကျောက်မျက်တူးဖော်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ရှေ့တန်းမတင်ဘဲ မြို့နေပြည်သူများကို စာနာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

နအဖအနေဖြင့် ယခုကဲ့သို့ ရေကြီးမှုဖြစ်ပေါ်နေခြင်းကို စိတ်ဝင်စားမှုမရှိကြောင်း၊ ယမန်နှစ်ကလည်း ရေကြီးခဲ့ကြောင်း၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ကျောက်မျက်တူးသူများအား နှိုးဆော်မှုများ မပြုလုပ်ခဲ့ကြောင်း၊ ထိုကျောက်မျက်သမားတို့၏ ပယောဂကြောင့် ယခုကဲ့သို့ ရေကြီးခြင်းဖြစ်ပြီး ၎င်းတို့မှာ နအဖလက်အောက်ခံ ဦးပိုင်ကုမ္ပဏီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

0 comments: