Friday, June 13, 2008

မူးယစ်ဆေးဝါးနှင့် လက်နက် လက်ဝယ်ကိုင်ဆောင်မှု နာမည်ကြီး စီးပွားရေးသမားနှင့် ပတ်သက်

ဧရာဝတီ ဇွန် ၁၁၊ ၂၀၀၈

မြန်မာနိုင်ငံရှိ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များတွင် တဦးအပါအဝင်ဖြစ်သော မောင်ဝိတ်နှင့် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်တို့ ၂ ဦးသည် မူးယစ်ဆေးဝါးအမှုဖြင့် မေလ နောက်ဆုံးပတ်အတွင်း၌ ရဲ အဖွဲ့၏ ဖမ်းဆီး အရေးယူမှု ခံခဲ့ရကြောင်း မောင်ဝိတ်၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။

အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏ သား အောင်ဇော်ရဲမြင့်ကို စစ်တပ်နှင့် ရဲအဖွဲ့က မေလ၂၉ ရက်တွင် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ရဲတံခွန် တာဝါရှိ ၎င်း၏ ရုံးခန်းတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် မူးယစ်ဆေးဝါးများနှင့်အတူ သေနတ် ၆ လက်ကို သိမ်း ဆည်းရမိကြောင်းနှင့် ရုပ်ရှင် သရုပ်ဆောင် နဝရတ်ကိုပါ အောင်ဇော်ရဲမြင့်နှင့်အတူ တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါအောင်ဇော်ရဲမြင့်သည် အနုပညာအသိုင်းအဝန်းနှင့် လူကုန်ထံ အသိုင်းအဝန်းအတွင်း မူးယစ်ဆေးဝါး များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနေသူတဦးဖြစ်သည်ဟုလည်း သိရသည်။


အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဧရာဝတီက ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းသို့ မေးမြန်းစုံစမ်းရာတွင် ယင်း အမှုသည် ခရိုင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်သောကြောင့် ၎င်းတို့ အနေနှင့် အသေးစိတ် မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

မောင်ဝိတ်နှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဟောင်း တဦးကမူ“အောင်ဇော်ရဲမြင့်နဲ့ မောင်ဝိတ်တို့ ၂ ယောက် ပေါင်းပြီး ဆေးလည်းသုံးတယ်၊ ရုပ်ရှင်လောကသားတွေကို ရောင်းချတာလည်း ရှိတယ်”ဟု ပြောဆိုသည်။

“သူတို့က အဲဒီ ရုပ်ရှင်အနုပညာလောက က ဆေးသုံးချင်တဲ့ သူတွေကို ဖိတ်ပြီး ပါတီပွဲ လုပ်ပေးတယ်၊ အဲဒီမှာ ဆေးလည်း သုံးလို့ရအောင် စီစဉ်ပေးထားတယ်”ဟု ကိုယ်တိုင်ပါတီတက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ တဦးကလည်း ပြောသည်။

၎င်းက ဆက်လက်ပြီး“သူတို့က လူတွေကို ဆေးစွဲအောင် အရင်လုပ်ပြီးတော့ ဆေးစွဲပြီဆိုမှ ဆေးရောင်းတော့ တာ”ဟုလည်း ထပ်လောင်းပြောဆိုသည်။

အဆိုပါ အောင်ဇော်ရဲမြင့်သည် ကြည့်မြင်တိုင်မြို့နယ်ရှိ ရဲတံခွန် တာဝါတွင် ရဲတခွန် ဆောက်လုပ်ရေး ကုမ္ပဏီ ဖွင့်လှစ် ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို လက်ခွဲများဖြင့် ကြီးကြီးမားမား လုပ်ကိုင် နေခြင်းဖြစ်သည် ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမား တဦးကပြောဆိုသည်။

စစ်အာဏာပိုင်များက ယင်းအောင်ဇော်ရဲမြင့်ကို ဖမ်းဆီးပြီးနောက်တွင် မောင်ဝိတ်နှင့် တခြားသော မူးယစ်ဆေး သုံးစွဲသည့် အနုပညာလောကသား တချို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မောင်ဝိတ်သည် Maung Weik & Family Co., ကိုတည်ထောင်လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် လူချမ်းသာ စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ကြောင်း သိရသည်။

မောင်ဝိတ်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ၎င်း၏ ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာတွင် ကုမ္ပဏီတာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

မောင်ဝိတ်သည် မြန်မာစစ်အစိုးရအဖွဲ့သို့ ထောက်ပံ့လှူဒါန်းနေသူများထဲတွင် တဦးအပါအဝင်ဖြစ်ပြီး အစိုးရက ပြန်လည် မွမ်းမံနေသည့် ရန်ကုန်မြို့ရွှေတိဂုံဘုရားသို့ မကြာသေးခင်က အမေရိကန် ဒေါ်လာ ၂ သိန်းကျော် ပါဝင် လှူဒါးခဲ့ကြောင်း သိရသည်။

မောင်ဝိတ်သည် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီး ခင်ပြုံးရွှေကို လက်ထပ် ပေါင်းသင်းရန် ကြိုးပမ်း နေသည့်အတွက် ၎င်း၏ ဇနီး မယာဉ်မင်းခင်အား မကြာသေးခင်က ကွာရှင်းထားကြောင်းလည်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းအတွင်း သတင်းများထွက်ပေါ်ခဲ့သည်။

မောင်ဝိတ်အား ဖမ်းဆီးချိန်တွင် ၎င်း၏မိခင်နှင့် ဇနီးဖြစ်သူမှာ စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

ဇွန်လ ၇ ရက်က ရုပ်ရှင် သရုပ်ဆောင် နဝရတ်နှင့်ဖိုးကျော် အပါအဝင် မောင်ဝိတ်ကို အာဏာပိုင်များက ပြန်လွှတ် ပေးလိုက်ပြီး အောင်ဇော်ရဲမြင့်ကို မူ ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု လူအများက ယူဆ နေကြသည်။

ယခု မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပတ်သက်ပြီး အောင်ဇော်ရဲမြင့်နှင့် ဆက်စပ်နေသူများကို ဆက်လက်စုံစမ်း နေဆဲ ဖြစ်ကြောင်းသိရှိရပြီး လူစားထိုး၍ အောင်ဇော်ရဲမြင့်အား ပြန်လည်လွှတ်ပေးနိုင်သည်ဟုလည်း လေ့လာ သူများက ပြောဆိုသည်။

ယင်းအမှုအခင်းအား ရန်ကုန်အခြေစိုက် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြခြင်း မပြုရန် သက်ဆိုင်ရာက တင်းကျပ် ထားကြောင်း သိရသည်။
ဂျာနယ် အယ်ဒီတာ တဦးကမူ“အစိုးရနဲ့ ပတ်သက် ဆက်နွှယ်တာတွေကို မြန်မာစာနယ်ဇင်းမှာ ဖော်ပြဖို့ လွတ်လပ်ခွင့် မရှိပါဘူး၊ ဒါပေမယ့် စာဖတ်သူတွေ သိရှိအောင်လို့ သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတဲ့ဂျာနယ်တွေ တော့ ရှိပါတယ်”ဟု ပြောသည်။

0 comments: