Wednesday, June 4, 2008

လပွတ္တာတွင် လေဘေးဒုက္ခသည်များ အတည်တကျ မရှိသေး


NEJ/ ၃ ဇွန် ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည်မှာ (၁) လ ကြာခဲ့ပြီဖြစ်သော်လည်း ဧရာဝတီတိုင်း လပွတ္တာမြို့
နယ်မှ လေဘေးဒုက္ခသည်များသည် နေစရာ အတည်တကျ မရှိသေးသကဲ့သို့ မြို့နယ်အတွင်း ၌လည်း လူသေအလောင်းများ ထောင်နှင့်ချီ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

လပွတ္တာမြို့နယ်မှ လေဘေးသင့် ဒုက္ခသည်များအား မြောင်းမြမြို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့သော်လည်း ယခုလ (၁) ရက်တွင် လပွတ္တာသို့ ပြန်ပို့လိုက်ကြောင်း မြောင်းမြမြို့ခံ မျက်မြင်တဦးက ပြောသည်။

“မော်တော် (၄) စီးနဲ့ ပို့တာဗျ။ ဒုက္ခသည်တွေကို တက်တက်ဆိုပြီး ပြောနေတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ မော်တော်များဖြင့် သယ်ဆောင်သွားသော ဒုက္ခသည်များမှာ (၆၀၀) ခန့်ရှိပြီး ယခုအခါ လပွတ္တာမြို့ပေါ် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေထိုင်နေကြသည်။

လေးထပ်ဘုန်းကြီးကျောင်းမှတဆင့် မိမိနေရပ်သို့ ပြန်ခိုင်းကာ ပြန်လိုသူများကို စရိတ်ပေးကမ်း မည်ဖြစ်ကြောင်း၊ မပြန်လိုပါက ထားသည့်နေရာတွင် နေရမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသဖြင့် ဒုက္ခသည်များမှာ မည်သို့ ရွေးချယ်ဆုံးဖြတ်ရမည်မသိ ဖြစ်နေကြကြောင်း လပွတ္တာ မြို့ခံတဦးက ပြောသည်။

စစ်အစိုးရက ဒုက္ခသည်များကို ကယ်ဆယ်ရေးစခန်းများမှ လျှော့ချကာ ယခုအခါ နာဂစ်အပြီး (၁) လအကြာတွင် ဒုက္ခသည် အရေအတွက် မည်မျှလျော့နည်းသွားပြီဖြစ်ကြောင်း နိုင်ငံတကာသို့ လိမ်လည်ရန် ဥာဏ်ဆင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

လပွတ္တာမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆၀) ခန့်ရှိပြီး ကျေးရွာပေါင်း (၅၀၀) ခန့်အနက် ရွာပေါင်း (၄၉၀) မှာ ရွာလုံးကျွတ်နီးပါး သေကျေ၊ ပျက်စီး၊ ပျောက်ဆုံးသွားကြောင်း၊ မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်အတွင်း သေဆုံးသူပေါင်း (၁၉၆,၇၂၀) ဦးရှိကြောင်း ၎င်းမြို့နယ်တွင် အချက် အလက်များ စုဆောင်းနေသည့် ကြက်ခြေနီအဖွဲ့ဝင်တဦးက ပြောသည်။

သို့သော် အဆိုပါစာရင်း၌ ပျောက်ဆုံးနေသော လူဦးရေနှင့် မိသားစုလိုက် သေဆုံး၊ ပျောက်ဆုံး သူများ မပါဝင်သေးကြောင်း၊ ၎င်းမြို့နယ်တွင် အိမ်ထောင်စုမဲ့ ပျံကျအလုပ်သမားများလည်း ရှိသည့်အတွက် တမြို့နယ်လုံး သေဆုံးသူစုစုပေါင်း (၂) သိန်းကျော်ရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။

လပွတ္တာမြို့နယ်အတွင်း လူသေအလောင်းများ ထောင်နှင့်ချီ ရှိနေသေးသည်ဟုလည်း မိမိဒေသ ပြင်စလူသို့ နာဂစ်မုန်တိုင်းအပြီး မေ (၃၁) က သွားရောက်ခဲ့သည့် မုန်တိုင်းဘေးမှ လွတ်မြောက် ခဲ့သူ ကိုဟန်စိုးက ပြောသည်။

၎င်းက “လပွတ္တာနဲ့ ပြင်စလူကို သွားတဲ့ရေလမ်းမှာ ရေ၀ဲတွေရှိတယ်။ အဲဒီ ရေ၀ဲတ၀ဲမှာ လှည့်လည် နေတဲ့ အလောင်းတွေက (၅၀၀) ကျော်လောက်ရှိတယ်။ အဲဒီလိုမျိုး ၀ဲတွေ အများကြီးပဲ ” ဟု ပြောသည်။

ပြင်စလူမြို့နယ်ခွဲ၌ အိမ်ခြေ (၁,၀၀၀) ကျော် ရှိသည့်အတွက် လပွတ္တာမြို့နယ်၏ မြို့နယ်ခွဲအဖြစ် ပြီးခဲ့သည့် (၂) နှစ်ခန့်က သတ်မှတ်ခံထားရကာ သောက်ရေ၊ သုံးရေအား ရေကန်ကြီးများမှ သောက်သုံးရကြောင်း၊ ယခုအခါ သောက်သုံးရေကန်များထဲတွင် လူသေလောင်းများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်အလောင်းများ ရှိနေဆဲဖြစ်သည့်အတွက် ၎င်းဒေသ၌ ပြန်လည်နေထိုင်ရန် အခက်အခဲများ ဖြစ်နေကြောင်း ပြင်စလူမှ ဒေသခံများက ပြောသည်။

“မနေ့က ကျမအစ်ကို သွားကြည့်တာပါ၊ ရေကန်တွေမှာ အလောင်း (၅) လောင်း တွေ့ခဲ့တယ်တဲ့၊ အဲဒီမှာ ပြန်နေဖို့က ရေပြဿနာ အဓိကပါ” ဟု လပွတ္တာ လေဘေးကယ်ဆယ်ရေးစခန်းက မထွေး ထွေးမော်က ပြောသည်။

လပွတ္တာမြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၁၀) ခု ရှိပြီး နေအိမ်များ အားလုံးပျက်စီးကြကာ ယခု
(၁) လပြည့်သည်အထိ အိမ်အနည်းငယ်သာ ပြုပြင်ရသေးကြောင်း မြို့ခံတဦးက ပြောသည်။

စစ်အစိုးရက လူသေ၊ ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များ၏ အလောင်းများကို မျက်ကွယ်ပြုကာ ကယ် ဆယ်ရေး လုပ်ငန်းများ ပြီးစီးကာ ပြန်လည်ထူထောင်ရေးများကို စတင်နေပါပြီဟု ၎င်းတို့ပိုင် မီဒီ ယာများတွင် ကြေညာနေသည်။ ။
ခေတ်ပြိုင်မှ ရယူပါသည်

0 comments: