Tuesday, May 20, 2008

ကမ္ဘာထိပ်တန်းခေါင်းဆောင်များ မြန်မာပြည်သို့ သွားရောက်မည်




မေ(၁၉)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုမူရာတို့ မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

မစ္စတာဘန်ကီးမွန်သည် မြန်မာနိုင်ငံသို့ (၃)ရက်တာခရီးစဉ်အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ပြီး ၄င်းခရီးစဉ်အတွင်း နအဖစစ်အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရဖွယ်ရှိသည်ဟု သူ၏ပြောခွင့်ရပုဂ္ဂိုလ် Michele Montes မှ ယနေ့တွင်ကြေငြာကြောင်း သိရသည်။
ယမန်နေ့က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်အဆိုးဆုံးခံရသည့်နေရာများသို့ မစ္စတာဘန်ကီးမွန်၏အထူးသံတမန် လူသားချင်းဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ မစ္စတာ ဟိုးမာစ်သည် သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်ရှိကုလသမဂ္ဂနှင့် သံတမန်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများအရ သိရသည်။

မစ္စတာဘန်ကီမွန်၏ခရီးစဉ်နှင့်ပါတ်သတ်၍ ရလဒ်ကောင်းများရလာနိုင်ပြီး စစ်အစိုးရအနေနှင့် တစ်ကမ္ဘာလုံး၏ ဂရုစိုက်ခြင်းကို ခံရမှာဖြစ်၍ မလွှဲမရှောင်သာသောလိုက်လျောမှုများကို လိုက်လျော လာနိုင်ဖွယ်ရှိကြောင်း၊ ဒုက္ခရောက်နေသောပြည်သူများအတွက် အထိုက်အလျောက်အသက်ရူချောင် လာနိုင်ဖွယ်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရင်ကထက်ပိုမိုတိုး၍ လုပ်ဆောင်ရနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများ၏ အဆိုကို အင်တာနက်သတင်းများအရ သိရသည်။

ထိုနည်းတူစွာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ယနေ့ဂျပန်နိုင်ငံထုတ် ယူမိအူရီသတင်းစာတွင် ဖေါ်ပြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ တရားဝင်ခွင့်ပြုဖိတ်ခေါ်ချက်ဖြင့် သွားရောက်လေ့လာခြင်းဖြစ်ပြီး ဝန်ကြီး၏ခရီးစဉ်အတွင်းမုန်တိုင်းကျရာ အဓိကနေရာများသို့သွားရောက်မည်ဖြစ်ပြီး သွားရောက်မည်အချိန်ကို တရားဝင်ကြေငြာထားခြင်းမရှိသေးကြောင်း သိရသည်။
Reported By : Thant Myo Htway (Moe Thauk Kye)

0 comments: