Monday, May 19, 2008

မုန်တိုင်းဒဏ်သင့်သည့်မြန်မာပြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်


တိုကျို၊ မေ(၁၈)
မေလ(၃)ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံရန်အတွက် ဂျပန်ရောက် မြန်မာများမှ တိုကျိုမြို့လူစည်ကားရာနေရာဖြစ်သော ရှိဘူယအရပ်တွင်ကောက်ခံကြရာ မြောက်များစွာကောက်ခံရရှိခဲ့ကြပြီး ဂျပန်ရှိကုလသမဂ္ဂရုံးရှေ့တွင် ဆုတောင်းမေတ္တာပို့သပွဲကိုပါ ဆက်လက်ပြုလုပ်ခဲ့ကြသည်။


ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများဖြစ်ကြသည့် အာဟာရစာစောင် စာပေအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံသား ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအသင်းတို့မှ ရှိဘူယလမ်းဆုံ၊ ရှိဘူယဘူတာအနီးတွင် ကောက်ခံကြခြင်းဖြစ်ပြီး ကောက်ခံရရှိငွေများကို ပြည်တွင်းရှိမုန်းတိုင်းဒဏ်သင့် အဓိကနေရာများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။''ကျနော်တို့ယနေ့နေ့လယ်(၂)နာရီကနေစပြီးကောက်နေတာ ညနေ(၄)နာရီခွဲအထိကိုပေါ့။ စုစုပေါင်း ကျနော်တို့အနေနဲ့ ကောက်ခံရရှိငွေက ယန်း(၃)သိန်းခန့်ရှိနေပါပြီ။ အဲ့ဒီငွေကိုလည်း မုန်တိုင်းရဲ့ အဓိကဒဏ်ခံရရာ ဘိုကလေးမြို့ကို ပေးပို့လှူဒါန်းသွားမှာပါ…''ဟု ယနေ့အလှူငွေကောက်ခံခဲ့သော အာဟာရစာစောင်၏အဖွဲ့သားတဦးမှ ပြောပြသည်။


တဆက်တည်းမှာပင်မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)မှလည်း လေဘေးဒုက္ခသည်များအတွက်ကောက်ခံရရှိငွေစုစုပေါင်းမှာ ယနေ့နှင့်ပါဆိုလျှင် ဂျပန်ယန်း(၆)သိန်းကျော်ခန့် ရှိပြီဖြစ်တယ်လို့ အဆိုပါအဖွဲ့မှ တာဝန်ခံတဦးကဆိုသည်။
ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံရှိကုလသမဂ္ဂရုံးရှေ့၌ ဘာသာပေါင်းစုံမှ ဆုတောင်းမေတ္တာပို့သခြင်းများဆက်လက်ပြုလုပ်ခဲ့ကြရာ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသူ ၁၅၀ကျော်ခန့်နှင့် ဂျပန်နိုင်ငံရှိလူမှုရေးအဖွဲ့အစည်းများမှလည်း တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။ဦးစွာ ဗုဒ္ဓဘာသာအရ ဆရာတော်သံဃာတော်(၂)ပါးမှ ကြွရောက်လာသူများကို ငါးပါးသီလချီးမြှင့်ပြီး ပရိတ်တရားတော်များရွတ်ဖတ်ကာ မေတ္တာပို့ အမျှဝေခြင်းများပါ ပြုလုပ်ခဲ့ကြသည်။ဆက်လက်၍ ခရစ်ယန်ဘာသာမှ ဆရာမMဂျာနန်မှ သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပေးပို့၍ အားလုံး(၂)မိနစ်ခန့် ဖယောင်းတိုင်မျာထွန်းညှိကိုင်ဆောင်ကာ ငြိမ်သက်စွာဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်ပရောက်မြန်မာများမှ အကူအညီနှင့် လှူဒါန်းမှုများစွာပေးနိုင်ရန်ကြိုးစားနေကြသော်လည်း နအဖစစ်အုပ်စုမှ မုန်တိုင်းဒဏ်ခံပြည်သူများအတွက် ထိရောက်သော ကူညီဆောင်ရွက်မှုမျိုးးကို ယနေ့အချိန်အထိ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်းနှင့် သေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေ စုစုပေါင်းမှာ ၁၃၃,ဝဝဝ(တစ်သိန်းသုံးသောင်း)ကျော်ရှိသွားပြီဟု ပြည်တွင်းထုတ်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သော်လည်း ယင်းထက် ပိုမိုများပြားဖွယ်သာရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြကြောင်း သတင်းရရှိသည်။

0 comments: